Novel Lists

Novels

   နိမ့်ခြည်မြင့်ချည် အချစ်တို့သည်...   မခစားလိုက...သတ်စေ! အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့စာမျက်နှာသစ်

June 27, 2024

YLအပိုင်း (၂၀)

 အပိုင်း (၂၀)

သည် ဖိတ်ကြားချက်ကို ရင်ဆိုင်လိုက်ရသည်တွင် ရန်လျန်မှာ တွေဝေသွားတော့သည်။

သူမ ပထမဆုံးလုပ်လိုက်မိသည့်အရာမှာ မန်နေဂျာကို မော့ကြည့်လိုက်မိခြင်းပင်။ မန်နေဂျာသည် ဖုန်းထဲက လုကျန်း၏ စကားကို မကြားနိုင်သော်လည်း သူမကိုယ်တိုင်က ဘာကြောင့်များ စိတ်မလုံမလဲဖြစ်သွားရသည်ကို မသိပေ။ ဖုန်းကို ကိုင်ထားရင်း နှစ်လှမ်းလောက် ခွာထားလိုက်ပြီး ငြင်းလိုက်မည် စဥ်းစားလိုက်၏။ သို့သော် တဖက်ဖုန်းက လူက အချိန်တော်တော်ကြာအောင် စောင့်လာပြီး ဘာအဖြေမှ မကြားရသဖြင့် စိတ်မရှည်တော့ပေ။ သို့နှင့် သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်တော့သည်။

“ ကျွန်တော် မင်းရဲ့ကုမ္ပဏီကို ညနေ၆နာရီလောက်ကျရင် လာကြိုမယ်၊ အဆင်ပြေလား”

“....” “....”

“ အဆင်ပြေရဲ့လား”

ရန်လျန်သည် တော်တော်ကြာအောင် တွေဝေနေပြီး နောက်မှ ပြောလိုက်တော့သည်။

“ ဟုတ်ကဲ့”

သူမသည် နေ့လည်ခင်းတွင် ကုမ္ပဏီသို့ အမှန်ပင် ပြန်ချင်လေသည်။ ‘Secret’ ထုတ်ကုန်ကို မကြာခင်မိတ်ဆက်တော့မည်။ သူမသည် ရွှီဇီချင်၏ဖိတ်စာမရခဲ့လျှင်တောင် ရန်လျန်က ရွှီသုတေသနနှင့်ဖွံ့ဖြိုးရေးအဖွဲ့ ခေါင်းဆောင်နှင့် တွေ့ရန် သတင်းစာရှင်းလင်းပွဲသို့ဖို့ စိတ်ကူးထားလေသည်။ တံဆိပ်က စျေးကွက်ထဲတွင် အမှန်ပင် နာမည်ကောင်းတစ်ခု ရမည်ဟု မျှော်လင့်ထားလေသည်။

ရန်လျန်သည် နေ့လည် ၁နာရီခွဲတွင် ကုမ္ပဏီသို့ ပြန်ရောက်လာခဲ့သည်။ သတင်းစာရှင်းလင်းပွဲကို ၂၄ထပ်၏ ခန်းမတွင်လုပ်ရန် သတ်မှတ်ထားသည်။ တံခါးရှေ့တွင် ပစ္စည်းအစုံအလင် ခင်းကျင်းထားသည့် သတင်းထောက်များက တက်ရောက်လာသူများကို အင်တာဗျူးရန် အသင့်ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။

စင်ပေါ်က ပထမတန်းခုံများကို ရွှီလုပ်ငန်းစု၏ အကြီးတန်းအလုပ်အမှုဆောင်အဖွဲ့ဝင်များအတွက် သတ်မှတ်ထားသည်။ ‘Secret’ တာဝန်ရှိသူများကို ရာထူးအဆင့်အလိုက် နေရာချထားသဖြင့် ရွှီဇီချင်းက ပထမဆုံးသုံးနေရာ၏အလယ်တွင် အလိုလိုရှိနေပြီး သူမ၏အပိုင်းကို ဆောင်ရွက်နေလေသည်။

ရန်လျန်ပေါ်လာသည်နှင့် ချက်ချင်း မျက်စိလျင်ကြသည့် သတင်းထောက်များက သူမထံ လျှပ်တပြက်အတွင်း ရောက်လာကြတော့သည်။ တဖျပ်ဖျပ် မပြတ်တမ်းလင်းနေသည့် မီးရောင်များအောက်တွင် ရန်လျန်က လက်ဖြင့် မျက်လုံးကို မိုးထားလိုက်သော်လည်း ရှေ့သို့ဆက်သွားလို့ မရပေ....

“ မစ်ရန် မစ်ရန် ၊ မင်းက မင်းအစ်မနဲ့ ဘာလို့ အတူတူတက်မလာတာလဲ”

“မစ်ရန် Ya Yanက မင်ထင်နဲ့ နည်းဗျူဟာပိုင်းမှာ လက်တွဲဖို့ စိတ်ဝင်စားနေတယ်လို့ ကျွန်တော်ကြားထားတယ်၊ အမှန်ပဲလား”

“ မစ်ရန် လီပေါ် အုပ်စုကလည်း သူတို့ရဲ့ ဥရောပထုတ်ကုန်အတွင်း သတင်းစာရှင်းလင်းပွဲကျင်းပမယ်ဆိုပြီး ဒီနေ့ ညနေ၂နာရီကို ရွေးထားတယ်၊ မင်း ဘယ်လိုမြင်လဲ”

“ စောစောပိုင်းက မစ်ရွှီဇီချင်းနဲ့ အင်တာဗျူးမှာတုန်းကတော့ ရွှီနဲ့ လီပေါ်တို့ကြားက ဆက်ဆံရေးက အရမ်းကောင်းပါတယ်လို့ ပြောသွားတယ်၊ ကြမ်းတမ်းတဲ့ ပြိုင်ဆိုင်မှုတွေ မရှိပါဘူးတဲ့၊ ကျွန်တော်တို့ လုပ်ဖော်ကိုင်ဖက်တွေကလည်း မစ္စတာကျန်းယွိနန်နဲ့ အင်တာဗျူးခဲ့တယ်၊ ဒီပြိုင်ပွဲမှာ ရွှီဘက်က နိုင်မယ်လို့ ယုံကြည်တယ်လို့ သူပြောသွားတယ်၊ ဒီကိစ္စမှာ မင်းရဲ့အဖေကရော ဘယ်လိုစဥ်းစားထားသလဲဆိုတာ ပြောပြလို့ရမလား”

“မစ်ရန်....”

သူတို့၏အသံများသည် ဆက်တိုက် တစ်ခုပြီးတစ်ခု ရန်လျန်၏နားထဲသို့ ဝင်လာလေသည်။ သူမ မေးခွန်းတစ်ခု နားထောင်လို့မပြီးသေးခင်မှာပင် နောက်သတင်းထောက်တစ်ယောက်က တခြားမေးခွန်းတစ်ခုကို မေးပြန်သည်။

ရန်လျန်သည် သတင်းထောက်များကို ရှောင်ရှားဖို့ရာ တော်တော်အားစိုက်ထုတ်လိုက်ရ၏။ သူမသည် ဘယ်ဖက်က တံခါးကို ဖွင့်ကာ မြန်မြန်ဝင်သွားလိုက်ပြီး သူတို့ကို နောက်တွင် ချန်ထားခဲ့လိုက်တော့သည်။

ရွှီဇီချင်းသည် သတင်းစာရှင်းလင်းပွဲခန်းမ၏နောက်ကျောတွင် နောက်ဆုံးအစီအစဥ်များကို ပြင်ဆင်နေလေသည်။ ရန်လျန်က ဝင်လာပြီး သူမဆီသို့လာနေသည်ကို မြင်လိုက်ရသည်တွင် အမှန်ပင်အံ့ဩသွားတော့သည်။

သူမက လက်ထဲက အချက်အလက်များကို အစီအစဥ်ညွှန်ကြားသူအား ချက်ချင်း လှမ်းပေးလိုက်ပြီး သူမကို လှလှပပ နှုတ်ဆက်လိုက်လေသည်။

“ နင် လာသေးတာပဲ”

“ ငါ နင့်ရဲ့တကယ့်အင်အားကို သိချင်လို့ တစ်ချက်လောက် လာကြည့်ဖို့ ဆုံးဖြတ်လိုက်တာ”

သတင်းစာရှင်းလင်းပွဲခန်းမထဲတွင် တခြားများရှိနေသောကြောင့်လား မသိပေ။ ရွှီဇီချင်းက ပြီးခဲ့သည့် စကားဝိုင်းတုန်းကလို ‘ငါအရမ်းအလုပ်များနေတယ်’ ဟူသည့်မှတ်ချက်များဖြင့် သူမကို သရော်သလိုလို သတိပေးခဲ့ချေ။

ရန်လျန်သည် ထောင့်တစ်နေရာကို ရှာကာ ဝင်ထိုင်လိုက်လေသည်။ နံရံပေါ်တွင် အလွန်ကြီးမားသည့် စခရင်များရှိပြီး တစ်ခုက သတင်းစာရှင်းလင်းပွဲခန်းမကို ရိုက်ပြထားကာ တစ်ခြားတစ်ခု လိပေါ်၏သတင်းစာရှင်းလင်းပွဲကို တိုက်ရိုက်လွှင့်ထားလေသည်။ လိပေါ်သည် ရွှီအုပ်စုအတွက် အမြဲလိုလို အင်အားအကြီးဆုံး ပြိုင်ဘက်တစ်ခု ဖြစ်ခဲ့သည်။  ကျန်းရှီကျွင်းသည် အလွန်ယှဥ်ပြိုင်ရန်ခက်ခဲ့သည့် ပြိုင်ဘက်တစ်ယောက်ဖြစ်ရာ ရွှီဇီချင်း၏ စိုးရိမ်နေဟန်ကို သူမ၏မျက်နှာပေါ်၌ စခရင်ဘက်ကိုအကြည့်တွင် တွေ့နိုင်လေသည်။

ရန်လျန်က စခရင်ပေါ်တွင် မပါလာသဖြင့် နောက်ဘက်တွင်သာ ရှိနေပြီး စခရင်များကို ကြည့်နေလေသည်။ သူမသည် သတင်းထောက်များကို အမှန်ပင် စိတ်ကုန်မိလေသည်။

၂နာရီ ထိုးသွားပြီးဖြစ်သဖြင့် ရွှီဇီချင်းနှင့် Secretအဖွဲ့သားများအားလုံးက ဧည့်ခန်းဆီသို့ ထွက်သွားလိုက်ကြလေသည်။ ရန်လျန်က သူတို့နှင့်လိုက်သွားဖို့ ငြင်းပယ်လိုက်၏။ သူမသည် နေရာမှ ရွှေ့ရန် အမှန်ပင် စိတ်ကူးမရှိပေ။

မကြာလိုက်ပေ။ ရန်လျန်သည် ရွှီဇီချင်းကို စခရင်ပေါ်တွင် တွေ့လိုက်ရလေသည်။

ရွှီဇီချင်းနှင့် တခြားသူများက ဧည့်သည်များကြား ပထမဆုံးတန်းတွင် ထိုင်နေကြသည်။ ပရောဂျက် ဒုခေါင်းဆောင်ကသာ အစီအစဥ်မှူး၏ ဖိတ်ကြားချက်အရ  မီဒီယာများ၏ မေးခွန်းကို ဖြေကြာပေးရန် စင်ပေါ်တက်လာခဲ့သည်။

ထို့အပြင် နာမည်ကြီးဂျာနယ်လစ်များ၊ ပြည်တွင်း ပြည်ပ အလှအပရေးရာ ကျွမ်းကျင်သူများ ၊ကမ္ဘာ့အကြီးဆုံး ဒေသတွင်းကိုယ်းစာလှယ် ငါးယောက်၊ ရွှီအုပ်စု၏ ပြောရေးဆိုခွင့်ရှိသူ နှင့် ဂျွန်ဝေးမှ မြောက်အမေရိက ကိုယ်စားလှယ်များအပါဝင် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ရန် ဖိတ်ကြားထားသူများ တက်ရောက်ကြလေသည်။

တီဗီစခရင်က ရွှီဇီချင်းနှင့် မြောက်အမေရိက ကိုယ်စားလှယ်များ ဝမ်းပန်းတသာ စကားပြောနေကြသည့်ကို ပုံကြီးချဲ့ပြထားပြီးနောက်တွင် စင်ဘက်သို့ ပြန်ရောက်သွားသည်။

မော်ဒယ်လ် နှင့် မိတ်ကပ်ပညာရှင်များက အစောကြီးကတည်းက ပြင်ဆင်ထားပြီးကြပြီး အဆင်မြင့်ရှိုးတစ်ခု ဖြစ်လေသည်။

မီးတစ်ချို့ကို မှိတ်လို်ကပြီး သတင်းစာရှင်းလင်းပွဲကို တရားဝင်စတင်ရန် အချက်ပြလိုက်တော့သည်။

ရန်လျန်သည် နောက်ပိုင်းအလားအလာရှိသည့် ‘ Perfect Look’ စီးရီးထဲက မိတ်ကပ်ကုန်ကပစ္စည်းတစ်ချို့ကို အာရုံစိုက်ထားလိုက်၏။

အာရှအသားအရေတွင် အဖြစ်နည်းပြီး အသားဖြူသည့် အသားအရည်မျိုးတွင် ဖြစ်လေ့ရှိသည့်  အမဲစက်များနှင့် တခြားပြဿနာများအတွက် ‘Perfect Look’ စီးရီးသည် အရည်အသွေးမြင့် အလားအလာရှိသည့် ကုန်ပစ္စည်းတစ်ခု နေရာတွင် ရှိလေသည်။ သည်ကုန်ပစ္စည်း တိုးမြင့်မည့်ကိစ္စသည် သတင်းစာရှင်းလင်းပွဲ၏အဆင့်လေးနေရာတွင် ရှိနေသည်။

သတင်းစာရှင်းလင်းပွဲကို အစီအစဥ်အတိုင်း တဆင့်ပြီးတဆင့် လုပ်လာခဲ့သည်။

အစီအစဥ်အတိုင်း သွားနေရင်းက ရန်လျန်သည် လိပေါ်  သတင်းစာရှင်းလင်းပွဲကို ပြသနေသည့် စခရင်ကို ကြည့်လိုက်လေသည်။

ထိုစဥ် ‘Secret’ သတင်းစာရှင်းလင်းပွဲတွင် အဓိကကုန်ပစ္စည်းကို နောက်ဆုံးအဆင့်မှ မိတ်ဆက်ပေးမည်ဖြစ်ပြီး လိပေါ်ကတော့ သူတို့၏အဓိကကုန်ပစ္စည်းကို သတင်းစာရှင်းလင်းပွဲ၏ ဒုတိယပိုင်းတွင် မိတ်ဆက်နေလေသည်။

‘Secret’ ထုတ်ကုန်ဒါရိုက်တာက စီးရီး၏ အကြမ်းဖျဥ်း ရည်ရွယ်ချက်ကို အိန္ဒြေရရဖြင့် ရှင်းပြနေစဥ် လိပေါ်အတွင် ထုတ်ကုန်ဒါရိုက်တာက သတင်းထောက်များကို ကြေညာလိုက်လေသည်။

“ ကျွန်တော် အားလုံးကို ဒီနေရာမှာ ‘HD look’ စီးရီးနဲ့ မိတ်ဆက်ပေးချင်ပါတယ်”

ရန်လျန်သည် အလန့်တကြားဖြစ်သွားတော့သည်။

သူမသည် စားပွဲပေါ်က ‘Secret’ ကုန်ပစ္စည်းများကို ကြည့်လိုက်ပြီးနောက် လိပေါ်၏ ‘HD look’စီးရီးထဲမှ ကုန်ပစ္စည်း ငါးခုကို ပြထားသည့် စခရင်ကြီးကို ကြည့်လိုက်လေသည်။ ဖြစ်ပျက်နေသည်များကို သူမ၏အုံးနှောက်က မလိုက်နိုင်သေးခင်မှာပင် သူမသည်တံခါးဆီသို့ အလောတကြီး ပြေးထွက်သွားတော့သည်။

သူမသည် အရှ့သို့ အလောတကြီးထွက်သွားသည်နှင့် ‘Secret’၏ထုတ်ကုန်ဒါရိုက်တာက လေသံဖြင့်ပြောလိုက်သည်ကို ကြားလိုက်ရတော့သည်။

“ လိပေါ်က ကျွန်တော်တို့ မိတ်ဆက်နေတဲ့ပစ္စည်းကို ထုတ်ပြီးသွားပြီ... Perfect lookစီးရီးက....”

ရန်လျန်သည် သူမရှိနေသည့်နေရာမှ တံခါးဘေးရှိသတင်းထောက်များက ဖုန်းပြောနေကြသည်ကို တွေ့နိုင်လေသည်။ သူမသည် ဖုန်းထဲကအကြောင်းအရာများကို မသိသော်လည်း သတင်းထောက်များ၏ အံ့ဩနေသည့်မျက်နှာကို ကြည့်ရုံနှင့် ဖြစ်ပျက်နေသည်များ၏ မကောင်းသည့်ကြိုတင်ခံစားချက်တစ်ခု ခံစားလိုက်ရတော့သည်။

အရေးပေါ်ပြင်ဆင်ဖို့ လုပ်ဆောင်ချက်တွေကို စဥ်းစားဖို့လည်း အရမ်းနောက်ကျသွားပြီ။ သူမသည် ရွှီဇီချင်း၏အတွင်းအရေးမှူးက ပထမဆုံးတန်းဆီသို့ အလောတကြီး သွားလိုက်ကာ သူမကို အချိန်တော်တော်ကြာအောင် တီးတိုးစကားပြောနေသည်ကို တွေ့လိုက်ရလေသည်။

သူမသည် အစ်မဖြစ်သူကို သည်လိုရုပ်မျိုးနှင့် တစ်ခါမှ မတွေ့ဖူးခဲ့ချေ။ သူမသည် လွန်ခဲ့သည့်ရက်အနည်းငယ် ရွှီဇီချင်းကို အဖေ့ရှေ့တွင် ဖော်ထုတ်ခဲ့တုန်းကပင် ရွှီဇီချင်း၏မျက်နှာက လက်ရှိသူမမျက်နှာ၏ ဆယ်ပုံတစ်ပုံလောက်ပင် ပြောင်းလဲမသွားချေ။ လုံးဝထိန်းချုပ်မရနိုင်သည်မှာ ထင်ရှားနေလေသည်။

ရွှီဇီချင်းက အလျင်စလို လှည့်ထွက်ပြီးနောက် လူတစ်ယောက်က စင်ပေါ်ရှိ အစီအစဥ်ညွှန်းကြားရေးမှူးကို စကားလာပြောခဲ့သည်။ တဒင်္ဂအတွင်း ဖရိုဖရဲဖြစ်သွားတော့သည်။ Perfect lookစီးရီးကို စင်ပေါ်တွင် ချပြရုံရှိသေးချိန်တွင် အခုတော့ ခိုးကြောင်ခိုးဝှက် ပြန်သိမ်းထားခံလိုက်ရတော့သည်။  မီဒီယာများကလည်း အနံ့တစ်ခုရလိုက်ပြီး အတားအဆီးကို ကျော်သွားကြကာ အစီအစဥ်ညွှန်ကြားရေးမှူးကို ဝိုင်းထားလိုက်ကြလေသည်။

“ လိပေါ် သတင်းစာရှင်းလင်းပွဲမှာရှိတဲ့ ကျွန်တော်တို့လုပ်ဖော်ကိုင်ဖက်တွေက အခုပဲ စာတစ်စောင်ပို့လာတယ်....”

Perfect lookနဲ့  HD look စီးရီးက တူနေသည့် တကယ်ပဲ တိုက်ဆိုင်မှုလား”

“ တူနေတာ နာမည်လောက်ပဲ မလား”

..... ...

အစီအစဥ်ညွှန်ကြားရေးမှူးသည် သတင်းထောက်အားလုံးဝိုင်းခံထားရပြီး အကြပ်အတည်းအခြေအနေတစ်ခုအတွင်း ရောက်သွားတော့သည်။ နောက်ဆုံးတွင် အခြေအနေကို ထိန်းသိမ်းရန် လုံခြုံရေးအဖွဲ့ကြီးတစ်ခု ရောက်လာခဲ့သည်။ သတင်းထောက်များကို မီဒီယာအင်တာဗျူး နေရာသို့ အတင်း ပြန်ပို့လိုက်ကြသည်။ ရွှီဇီချင်းသည် လုံခြုံရေး အစောင့်အကြပ်ဖြင့် စင်ပေါ်သို့ တက်လာ၏။ လက်ထဲက မိုက်ခရိုဖုန်းတစ်ခုနှင့် သူမက ပြောလိုက်လေသည်။

“ ကျွန်မတို့တွေ သတင်းစာရှင်းလင်းပွဲမှာ ကိစ္စတစ်ချို့ ပေါ်လာလို့ပါ... ကျွန်မတို့ရဲ့ မီဒီယာမိတ်ဆွေတွေကို စိတ်ရှည်ရှည်ထားပေးဖို့ တောင်းဆိုပါတယ်၊ ကျွန်မတို့ အခုပဲ ဆက်လုပ်သွားပါ့မယ်”

ထိုစကားက အားလုံးကို ကျေနပ်သွားစေဟန်တူသည်။ သတင်းထောက်အားလုံးက ‘Perfect look’ မိတ်ကပ်စီးရီး၏ မိတ်ဆက်ပွဲကို စိတ်အားထက်သန်စွာဖြင့် စောင့်မျှော်နေကြစဥ် သတင်းစာရှင်းလင်းပွဲသည် မိတ်ကပ်ပညာရှင်က ဖောင်ဒေးရှင်းများကို သရုပ်နေသည့်ဖက်သို့ ယာယီပြောင်းပေးလိုက်တော့သည်။

သတင်းထောက်များထဲက တစ်ယောက်က ကန့်ကွက်လိုက်၏။

“ ဒါက နောက်တစ်ပိုင်းလေ၊ ‘Perfect look’ စီးရီးက ဘာဖြစ်သွားတာလား”

ထိုသတင်းထောက်၏ စကားကို သူ့လုပ်ဖော်ကိုင်ဖက်များက သဘောတူလိုက်သည့်အပြင် ကင်မရာက ရွှီဇီချင်း၏မျက်နှာကို ပုံကြီးချဲ့ပြထားလေသည်။ စင်ပေါ်က ထုတ်ကုန်ဒါရိုက်တာ နှုတ်ဆိတ်နေသည်။ သူက သူမကို တစ်ခုခု ညွှန်ကြားချက်တောင်းရန် လှမ်းကြည့်လိုက်၏။ ရွှီဇီချင်းက သူ့ကို ကြည့်လိုက်ပြီး နှုတ်ဆိတ်နေကာ သတင်းထောက်များ၏ မှတ်ချက်များကို မတုန့်ပြန်ရန် ညွှန်ကြားလိုက်လေသည်။

***  ***

နောက်ဆုံးတွင်တော့ သူမသည် သတင်းစာရှင်းလင်းပွဲ ခန်းမက ထွက်လာနိုင်ခဲ့တော့သည်။ သူမ၏လက်ထောက်က ဘေးမှနေ၍ သူမကို စကားပြောနေလေသည်။

“ လီ ကပြောတယ် မစ္စတာကျန်း လာနေပြီတဲ့....”

ကျန်းယွိနန်လား။

ရန်လျန်သည် တစက္ကန့်လောက် တုံ့ဆိုင်းသွားပြီးနောက် မြန်မြန် ထွက်သွားတော့သည်။

လိပေါ်က ရွှီအုပ်စုရဲ့ တကယ့် အိပ်မက်ဆိုးတစ်ခုပဲ။

သတင်းစာရှင်းလင်းပွဲက ဝရုန်းသုန်းကား ဖြစ်သွားပြီး မူလစီစဥ်ထားသည်ထပ် နာရီဝက် စောပြီးသွားတော့သည်။ ‘Perfect look’ စီးရီးမိတ်ဆက်ပွဲသည် တစ်ဝက်တစ်ပျက်နှင့် ရပ်လိုက်ရသည့်အပြင် အစီအစဥ်ညွှန်ကြားရေးမှူးကို ‘ပုံတူခိုးချ’သည်ဟု စွပ်စွဲမှုများနှင့် တီးတိုးပြောဆိုနေကြလေသည်။

Perfect look ကုန်ပစ္စည်းများကို စျေးကွက်ထဲတွင် ရနိုင်တော့မည်မဟုတ်ပေ။

လိပေါ်အုပ်စုက သူတို့ပစ္စည်းများနှင့် တစ်ပုံစံတည်းတူသည့် စီးရီးကို ဘယ်လိုနည်းလမ်း ဘယ်လိုအကြောင်းနှင့် ထုတ်လုပ်သွားသည်ကို မသိရသေးခင် စျေးကွက်ထဲ ကုန်ပစ္စည်း ထုတ်လိုက်သည်က အန္တရာယ်များလေသည်။ သဘောမှာ အခုနေ စီးရီးကို ဖယ်ထုတ်လိုက်လျှင် ‘Secret’ကုန်ပစ္စည်းအုပ်စုသည် အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံးအရာကို လက်လွှတ်လိုက်ရခြင်းပင်။

ကုန်ပစ္စည်းဖြန့်ဝေသည့် ကုမ္ပဏီများက သဘောမကျမည်မှာ သဘာဝပင်။

ရန်လျန်သည် အခမ်းအနားက ပြန်လာသည့် တစ်လမ်းလုံး ပြဿနာအကြောင်းအရင်းကို စဥ်းစားလာခဲ့သည်။ သည်ပြဿနာများကို ‘Secret’ အဖွဲ့က ဖြေရှင်းရမည်ဖြစ်ပြီး သူမကလည်း ရွှီဇီချင်းကို စိတ်ပူပေးစရာအကြောင်းမရှိသော်လည်း သူမသည် ထိုအကြောင်းကို မစဥ်းစားပဲ မနေနိုင်ပေ။

ရန်လျန်သည် သူမ၏စိတ်ထဲတွင် အတွေးပေါင်းများစွာတို့နှင့် ကွန်ပျူတာရှေ့တွင် ထိုင်လိုက်ပြီး Perfect look၏ ထုတ်ပြီးသွားသည့် စီးရီးကို မီဒီယာစာမျက်နှာပေါ်တွင် အပြန်ပြန် အလှန်လှန်ကြည့်နေလိုက်ပြီး ရုတ်တရက်ဆိုသလို ညနေ၆နာရီတွင် ချိန်းထားသည့်ကို သတိရသွားတော့သည်။

သူမသည် ကွန်ပျူတာကို မြန်မြန်ပိတ်လိုက်၏။ စခရင် မဲမသွားခင်မှာပင် သူမ၏ဖုန်းက မြည်လာတော့သည်။

သူက တကယ်အချိန်မှန်တာပဲ။ ၆နာရီ ကွက်တိပဲ။

ရန်လျန်က ဖုန်းကိုင်လိုက်၏။ လုကျန်း၏အသံကို ကြားလိုက်ရတော့သည်။

“ ကျွန်တော် အောက်မှာရောက်နေပြီ”

ထို တိုတိုတုတ်တုတ် စကားကို ကြားလိုက်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် လုကျန်းသည် သူမကို တလေးတစားဆက်ဆံနေသည့် လူကြီးလူကောင်းတစ်ယောက်ဟု ခံစားလိုက်ရတော့သည်။

“ ကျွန်မ အခုပဲ ဆင်းလာပြီနော်”

ရန်လျန်က ပြောရင်းဆိုရင်း သူမ၏အိတ်ကို ကောက်ကိုင်လိုက်ကာ တံခါးဆီသို့ လျှောက်သွားလိုက်တော့သည်။

 *** ***

စားသောက်ဆိုင်သည် အလွန်မှ ကောင်းမွန်လေသည်။

ရန်လျန်သည် သူမ၏လုပ်ငန်းခွင် အဝတ်အစားကို ဝတ်ထားပြီး ချိန်းတွေ့ရန် သင့်တော်သည့် အဝတ်အစားမျိုးမဟုတ်နေချေ။ သူမသည် ချိန်းတွေ့ရန်အတွက် မှန်ကန်သည့် စိတ်အခြေအနေဖြစ်နေသောကြောင့်လည်း စိတ်အနှောင့်အယှက်ဖြစ်မိသည်။

ပထမဟင်းပွဲများကို သိမ်းလိုက်၏။ လုကျန်းက သူမ၏မျက်နှာချင်းဆိုင်တွင် ဘာမှမပြောဘဲ ထိုင်နေပြီး ဖွားဂရာ (ပြင်သစ်ဟင်းလျာတစ်မျိုး) ကိုမြည်းနေစဥ် ရန်လျန်က သူမ၏အစားအသောက်ကို စားနေပြီး အတွေးများက ပြေးလွှားနေသည်။

သူမက နှုတ်ဆိတ်ပြီး စားနေသဖြင့် လုကျန်းက လက်ထဲက ဓားနှင့်ခရင်းကို ရပ်လိုက်တော့သည်။ သူက မျက်မှောင်ကျုံ့လိုက်ပြီး သူမကို မော့ကြည့်လိုက်လေသည်။

“ မစ်ရန် အစားအသောက်ကို မကြိုက်လို့လား၊ ဒါမှမဟုတ် ကျွန်တော်က အရမ်းစိတ်ပျက်စရာကောင်းနေလို့လား”

ရန်လျန်သည် ချက်ချင်း သတိပြန်ဝင်လာပြီး သူမ၏ ကိုယ်ဟန်ကို ပြင်လိုက်ကာ အပြစ်ကင်းဟန်ဖြင့် ပြောလိုက်လေသည်။

“ တောင်းပန်ပါတယ်ရှင်၊ ကျွန်မ အစားအသောက်ကို အာရုံရောက်နေလို့၊ ရှင် ခုနက ဘာပြောလိုက်တာလဲ”

သူမသည် သူ့မျက်လုံးထဲက ခံစားချက်ကို အဓိပ္ပါယ်မဖော်နိုင်ပေ။ သို့သော် သူက ခေါင်းသာ ခါပြလိုက်ပြီး ပြောလိုက်၏။

“ မင်း အစားအသောက် စားရတာ အဆင်ပြေရဲ့လားလို့ မေးလိုက်တာပါ”

သူတို့နှစ်ယောက်လုံးသည် အပြန်အလှန် လိုက်လျောမှုပေးလိုက်ပြီး ကသိကအောက်နိုင်သည့် ဆက်ဆံရေးကို ရှောင်ရှားဖို့ ဆုံးဖြတ်လိုက်ကြတော့သည်။

ခေါင်းစဥ်ပြောင်းလိုသဖြင့် ရန်လျန်က စိတ်ထဲတွင် တစ်ခုခုကို စဥ်းစားလိုက်ပြီး နောက်ဆုံးတော့ မေးလိုက်၏။

“ ရှင် ဒီကို အမြဲတမ်းလာဖြစ်တယ်ထင်တယ်နော်၊ ဝိတ်တာတွေကတောင် ရှင့်ကို မှတ်မိနေပြီ”

လုကျန်း၏အမူအရာက စောစောကထပ် ပိုပြီး ကောင်းလာ၏။ သူ့နှုတ်ခမ်းများက သူမ၏နားနားကပ်လာပြီး ချိုသာသည့်အပြုံးတစ်ခု ပြောလိုက်လေသည်။

“ ဒီဆိုင်က ပြင်သစ်ဟင်းလျာတွေက အရမ်းစစ်တယ်လေ”

လုကျန်းကလည်း ပြန်မေးလိုက်လေသည်။

“ စောစောတုန်းက မင်း Secret နဲ့ လိပေါ်အုပ်စု အခြေအနေအကြောင်း စဥ်းစားနေတာမလား”

ရန်လျန်၏မျက်နှာမှာ ပြောင်းသွားတော့သည်။

လုကျန်းက သူမကို ချက်ချင်း အာမခံလိုက်၏။

“ စိတ်ချပါ၊ ကျွန်တော်က အတင်းအဖျင်းတွေကို စိတ်မဝင်စားပါဘူး၊ မင်းကို ဘာမှမေးမှာမဟုတ်ဘူး”

သူက ထိုစကားကို ပြောလိုက်ချိန်တွင် ရန်လျန်သည် စိတ်မအေးဘဲ မနေနိုင်တော့ပေ။ သူမက တစ်ခုခုပြန်ပြောရန် ပတ်ဝန်းကျင်ကို ထပ်ကြည့်လိုက်ချိန်တွင်တွင် လုကျန်းက ထပ်ပြောလိုက်လေသည်။

“ ကျွန်တော် စိတ်ဝင်စားတဲ့ တစ်ခုတည်းသောအရာက မင်းနဲ့ မင်းအစ်မတို့ကြားက ဆက်ဆံရေးကို ကြားထားလို့ မင်းက သူ့ကို စိတ်ပူဖို့မပြောနဲ့ ဒီအကြောင်းကိုတောင် စဥ်းစားမယ်လို့ မထင်ထားခဲ့ဘူး”

သူက အဓိကဟင်းလျာကို သူမဖက် ပြောင်းပေးလိုက်ပြီး

“ မင်း အဓိကဟင်းလျာကို မစားရသေးဘူး”

သူ ချိန်းတွေ့တာကို မပျော်ဖြစ်နေတာလား။ အနည်းဆုံးတော့ ရန်လျန်သည် ထိုသို့ မတွေးမိချေ။ လုကျန်းကလည်း ထိုနည်းတူပင်။

“ နောက်တစ်ခါ ကျွန်တော်တို့တွေ့ နောက်တစ်နေရာကို သွားကြမလား”

ရန်လျန်က ပြုံးလျက်သာနေလိုက်လေသည်။ သူမက ကတိလည်းမပေးသလို ငြင်းလည်း မငြင်းခဲ့ပေ။ သူမသည် သည်ယောက်ျားကို စိတ်မပျက်သွားစေလိုပေ။

သူတို့သည် အောက်ဆင်းသွားရင်း ဓာတ်လှေကားထဲတွင်လည်း သူတို့နှစ်ယောက်ထဲသာ ရှိနေသည်။ မီးများက မှိန်ပျပျ လင်းနေပြီး နှစ်ယောက်လုံးက တိတ်ဆိတ်နေကြ၏။ ကံအားလျော်စွာ လမ်းတစ်ဝက်တွင် ကလေးတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်က ဓာတ်လှေကားထဲ ဝင်လာခဲ့သည်။ ကလေးက အလွန်အဆော့သန်ပြီး ကျဥ်းကြပ်သည့် ဓာတ်လှေကားထဲတွင် မနားတမ်း ပြေးလွှားနေ၏။

အမျိုးသမီးက ကလေးကို ထိန်းဖို့ကြိုးစားလေလေ သူက ပိုပြီးရယ်မောလေလေ  ဖြစ်နေပြီး ရန်လျန်ကို ထောင့်ဆီရောက်သွားကို တွန်းပို့နေလေသည်။ သူမသည် ကုမ္ပဏီနှင့် ‘Secret’အကြောင်းကို စဥ်းစားနေစဥ်...

“သတိထား”

ရုတ်တရက် တစ်စုံတစ်ယောက်က ထအော်လိုက်၏။

အဆော့သန်သည့်ကလေးက သူ့ဘောလုံးကို ခလုတ်တိုက်မိပြီး သူ့ခန္ဓာကိုယ်က ရန်လျန်ဆီသို့ အရှိန်ဖြင့် တန်းတန်းမတ်မတ် ပြေးဝင်သွားတော့သည်။

သူ့ကို ရှောင်ပေးလိုက်သဖြင့် ရန်လျန်သည် ခြေထောက်ခွင်သွားပြီး ဟန်ချက်ပျက်သွားချိန်တွင် လက်တစ်ဖက်က သူမ၏ခန္ဓာကိုယ်ကို လှမ်းဆွဲလိုက်ပြီး သူမ၏ပခုံးကို ဖက်ထားလိုက်တော့သည်။ ရန်လျန်သည် လုကျန်းက သူ့လက်ကို ဆန့်လိုက်ကာ သူမကို ကိုင်ထားပြီး လဲမသွားအောင် ထိန်းပေးလိုက်သည်ကို တွေ့လိုက်ရ၏။ သူ့မျက်နှာက သူမ၏မျက်နှာနှင့် နီးကပ်သွားတော့သည်။ သူ့မျက်နှာပေါ်တွင် ထူးထူးခြားခြား အမူအရာမျိုးမရှိသော်လည်း သူ့လက်များကတော့ အလွန်မှအားကောင်းသည်မှာ သိသာလေသည်။

သူတို့ လူချင်းမခွဲလိုက်ခင်မှဦပင် ဓာတ်လှေကားက နောက်တစ်လွှာသို့ရောက်လာပြီး တံခါးပွင့်သွားတော့သည်။

အပြင်ဘက်တွင် ဓာတ်လှေကားထဲ ဝင်လာမည့် စုံတွဲတစ်တွဲ ရှိနေ၏။ ရန်လျန်သည် လုကျန်း၏မျက်လုံးများကို ရှောင်လိုက်ကာ ခေါင်းငုံ့ထားလိုက်တော့သည်။ ထို့ကြောင့် သူမသည် ဓာတ်လှေကားပွင့်လာသည်ကို မသိလိုက်သလို သူတို့ဝင်လာချိန်၌ ရန်လျန်နှင့် လုကျန်းတို့တွေ့လိုက်ရသဖြင့်  စုံတွဲ၏မျက်နှာပေါ်က မြန်မြန်ဆန်ဆန် ပြောင်းလဲသွားသည့် အမူအရာကိုလည်း သတိမထားမိလိုက်ချေ။

တစ်ချိန်ထဲတွင် ရန်လျန်သည် ကိုယ်နေဟန်ကို ပြန်ပြင်လိုက်ပြီး မော့အကြည့်တွင် အမျိုးသားနှင့် အမျိုးသမီးတို့က ဓာတ်လှေကားထဲ ရောက်နှင့်ပြီးဖြစ်လေသည်။ သူတို့သည်.... အမှန်တွင်တော့.... ဟုတ်ပါသည်...

ကျန်းယွိနန်။

ရွှီဇီချင်း။

ရန်လျန်က ကျန်းယွိနန်ကို ကြည့်လိုက်ချိန်တွင် သူ့မျက်နှာက မျက်နှာသေဖြစ်နေ၏။ သူ့အေးစက်စက်မျက်လုံးများက ရန်လျန်ကို ကျော်သွားပြီး လုကျန်းကို နှုတ်ဆက်လိုက်လေသည်။

“ မစ္စတာလု”

လုကျန်းက အတန်ငယ် အံ့ဩသွား၏။

“ မစ္စတာကျန်း ၊ ခင်များတို့လည်း ဒီမှာ ညစာ လာစားကြတာလား”

ကျန်းယွိနန်းက ခပ်တွေတွေလေး ပြုံးလိုက်ပြီး သူမေးခွန်းကို ပြန်ဖြေလိုက်၏။ အခု ရွှီဇီချင်းရဲ့အမူအရာက ဘာဖြစ်နေတာတဲ့လဲ။ ရန်လျန်သည် ထိုအကြောင်းကို လုံးဝစိတ်မဝင်စားချေ...သူတို့သည် မြေအောက် ကားပါကင်သို့ရောက်လာကြလေသည်။

စောစောပိုင်း ညနေစာစားနေချိန်အတွင်း ရန်လျန်သည် သူမ၏လက်ထောက်ကို တိတ်တဆိတ်ဆက်သွယ်ထားခဲ့သဖြင့် လက်ထောက်က သူမ၏ကားနှင့် ရောက်လာခဲ့သည်။ ကုမ္ပဏီအတွင် အရေးကြီးကိစ္စ ရှိဟန်ဆောင်လိုက်ပြီး သူမက လက်ထောက်၏ကားနှင့် ထွက်လာခဲ့လိုက်လေသည်။သူမက လုကျန်း၏ကားထဲတွင် သူနှင့် အတူမရှိနေလိုပေ။

ကားက ပါကင်မှ ဖြည်းဖြည်းလေး ထွက်သွားသည်နှင့် မျက်လုံးကို မှိတ်ထားလိုက်၏။ သူမ၏စိတ်ထဲတွင် ကျန်းယွိနန်နှင့် ရွှီဇီချင်းတို့သည် ဓာတ်လှေကားထဲ အတူတူဝင်လာကြသည်ကို မြင်နေရလေသည်။

ရုတ်တရက် ကားက ဘရိတ်နင်းလိုက်၏။ ရန်လျန်က ချက်ချင်းမျက်လုံးဖွင့်ကြည့်လိုက်တော့သည်။

ဘာဖြစ်သွားသည်ကို မတွေ့လိုက်ရခင်မှာပင် တစ်ယောက်ယောက်က ကား၏သူမရှိနေသည့်ဘက်သို့ရောက်လာပြီး တံခါးကို ဆွဲဖွင့်လိုက်တော့သည်။

ရန်လျန်မှာ တုန်လှုပ်သွားတော့သည်။

“ကျန်း.....”

သူသည် သူမ၏စကားအဆုံးကို မစောင့်ဘဲ ချက်ချင်း စကားဖြတ်ပြောလိုက်၏။

“ ငါ မင်းကို သူနဲ့ အလုပ်လုပ်ဖို့ပဲ ခွင့်ပြုထားတာ ၊ မင်းကိုယ်မင်း ရောင်းစားဖို့မဟုတ်ဘူး”

...

🌺

ရှေ့သို့

နောက်သို့

 

x

Popular Post