အပိုင်း (၁၉)
ရန်လျန်သည် ကုမ္ပဏီသို့
ပြန်မောင်းလာပြီး အစည်းအဝေးခန်းထဲသို့ ဝင်သွားခဲ့သည်။ သူမ၏ လက်ထောက်သည် 'Ya-Yan' အဖွဲ့မှ အဖွဲ့ဝင်အားလုံးကို နေ့လည်စားပြီးနောက် ဒီနေရာတွင် စုဝေးရန်
ခေါ်ထားခဲ့သည် ။
သူမက သတင်းကောင်းကို
ချက်ချင်းပြောပြလိုက်၏။
“ဟုတ်ပါတယ်၊ အခု ကျွန်မတို့ လုပ်ရမယ့်အလုပ်တွေက
ပိုပြီးရှုပ်ထွေးလာပြီ၊ မင်ထင်ကို
တာဝန်ယူတဲ့ မန်နေဂျာကို ယုံကြည်လာအောင်လုပ်ဖို့ ပြီးပြည့်စုံတဲ့ အဆိုပြုချက်
လိုတယ်၊ မြန်လေလေ ပိုကောင်းလေပဲ”
ထိုအချိန်မှစ၍ အဖွဲ့၀င်များအားလုံးသည်
မဆုံးနိုင်သောအချန်ပိုများနှင့် အလုပ်များနေကြတော့သည်။
လုကျန်းနှင့် သူမတွေ့ဆုံခဲ့သည်မှာ
တစ်ပတ်ကျော်ရှိပြီဖြစ်ပြီး နောက်နေ့တွင် မင်ထင်၏မန်နေဂျာနှင့် တွေ့ဆုံဖြစ်မည့်အကြောင်း
လက်ထောက်ကဖုန်းဆက် အတည်ပြုလာလေသည်။ ရန်လျန်သည် ထိုညက အဆိုပြုချက်ကို အပြီးသတ်ရန်
ရုံးတွင်သာနေလိုက်တော့သည်။
မင်ထင်ကို ယုံကြည်လာစေရန် ရန်လျန်သည် သည်တစ်ကြိမ်တော့
သူမ၏ စွမ်းအင်နှင့် အာရုံစိုက်မှုအားလုံးကို Ya-yan အတွက်
အသုံးပြုခဲ့ပြီး ကုမ္ပဏီတွင်း အခြားကိစ္စရပ်များကို ဂရုမစိုက်ခဲ့ပေ။
ကံမကောင်းစွာပဲ၊ စိတ်အနှောက်အယှက်ဖြစ်စေသော လူအချို့က သူမအား နှောက်ယှက်ရန်
ပေါ်လာနေကြဆဲ။
သူမ၏ကိုယ်ပိုင်ရုံးခန်းထဲတွင်
အလုပ်များနေစဥ် ရုတ်တရက် တံခါးခေါက်သံကို ကြားလိုက်ရလေသည်။
တစ်ဖက်ကလူက အဖြေကိုမစောင့်ဘဲ တံခါးကို ချက်ချင်းတွန်းဖွင့်လိုက်၏။ ရန်လျန်သည်
ချက်ချင်းပင် စိတ်ပျက်သွားပြီး
"ဘာဖြစ်တာလဲ"
တံခါးဝတွင် ရပ်နေသည့် ရွှီဇီချင်းကို မြင်လိုက်တော့
ရန်လျန်က ဘာပြန်ပြောရမှန်း မသိဖြစ်သွားတော့သည်။ သူမသည် ရွှီဇီချင်းကို
အချိန်အတော်ကြာ လျစ်လျူရှုထားသော်လည်း ရွှီဇီချင်းသည် သူမအကြောင်းကို စဥ်းစားနေသည်မှာ
ထင်ရှားလေသည်။ ဒီလိုဇွဲကောင်းပုံမျိုးက ဘာစိတ်ထားတဲ့လဲ။
ရန်လျန်သည် အမှန်ပင် ပြောစရာစကားမရှိပေ။
ရွှီဇီချင်းသည် အမြဲတမ်း
မဖိတ်ဘဲပေါ်လာတတ်သည့် ဧည့်သည်တစ်ဦးဖြစ်ပြီး သူမသည် တစက်လေးမှမရှက်ဘဲ ရန်လျန့်ထံ ယုံကြည်မှုရှိရှိဖြင့် ချဥ်းကပ်လာလေသည်။
သူမက ရန်လျန်၏ စားပွဲပေါ်တွင် လှပသော
ကတ်ပြားကို တင်လိုက်သည်။
"မနက်ဖြန်နေ့လည် 'Secret'က ကမ္ဘာလုံးဆိုင်ရာညီလာခံတစ်ခုကျင်းမှာလေ၊ ငါ အချိန်ပိုအလုပ်
လုပ်နေရတယ်လေ၊ ငါဒီကို ဖြတ်သွားတော့ နင်လည်း ဒီမှာ ရှိနေမှန်း သိလိုက်လို့ ဒါနဲ့
နင့်ကို ဖိတ်စာ လာပေးတာ"
ရန်လျန်က ဖိတ်စာကို မမြင်လိုက်ပေ။ ကွန်ပျူတာကို မျက်နှာမူကာ ခေါင်းပင်မမော့လိုက်ဘဲ
“ငါ မအားဘူး”
"နင် သွားဖို့မအားတာလား ဒါမှမဟုတ် သွားဖို့ သတ္တိမရှိတာလား”
ရွှီဇီချင်းက သူမကို တမင်တကာ လာဆွနေမှန်းသိနေရာ
ရန်လျန်က မော့ကြည့်မနေတော့ချေ။
ရန်လျန်ဘာမှ ပြန်မပြောသည်ကို
တွေ့လိုက်ရသဖြင့် ရွှီဇီချင်းက သူမ၏ အသံကို မြင့်လိုက်ပြီး
"နင် အခုတလော မင်ထင်ကို စည်းရုံးနေတယ်လို့
ငါကြားထားတယ်၊ သူတို့ရဲ့ စာရင်းထဲမှာ မကောင်းတဲ့ တံဆိပ်တွေကို
သွင်းပေးမှာမဟုတ်ဘူးလေ၊ နင်ကကိုယ့်ရဲ့သိက္ခာကိုတောင်
ဂရုမစိုက်တော့ဘူးနော် ဒါက နင့်အကျင့်နဲ့ မကိုက်သလိုပဲ"
ရန်လျန်က သူမကို လျစ်လျူရှုထားဆဲ။
အရင်က စိတ်ဆိုးလွယ်သည့် အမျိုးသမီးဟာ
အခုချိန်မှာတော့ ဘာကိုမှ ဂရုမစိုက်တော့ချေ။ ရွှီဇီချင်းက သူမကို ကြည့်ကာ
နောက်ဆုံးအကြိမ် ကြိုးစားလိုက်လေသည်။
"မနက်ဖြန်နေ့လည်ခင်းမှာ နင်အစည်းအဝေး
တက်နိုင်မယ်လို့ မျှော်လင့်တယ်၊ နောက်ပြီး' Ya-Yan' နဲ့ 'Secret' ကြားကမတူတဲ့အချက်ကို နင်သိလာလိမ့်မယ်”
ဒီတစ်ကြိမ်မှာတော့ ရန်လျန်က သူမရဲ့
မျက်မှန်ကို ချွတ်လိုက်ပြီး မော့ကြည့်လိုက်လေသည်။ ရွှီဇီချင်း၏ရှည်လျားကာ
အတက်အကျမရှိသည့် လေသံနှင့်ပြောလိုက်သည့် စကားများကို ကြားဟန်မတူချေ။
အေးတိအေးစက်ဖြင့် သူမက
“ဂရုစိုက်၊ ငါ နင့်ကို လိုက်မပို့တော့ဘူး"
ရွှီဇီချင်းသည် နောက်ဆုံးတွင် ရန်လျန်ကိုလှုံ့ဆော်ရန်
ကြိုးပမ်းရာတွင် ရှုံးနိမ့်ခဲ့ပြီး နောက်ပြန်လှည့်ကာ မြန်မြန်ထွက်သွားလိုက်တော့သည်။
ရန်လျန်သည် ရွှီဇီချင်း၏အပေါစား ရန်စကားများကို လစ်လျူရှုရန် သူမအတွက် အလွန်လွယ်ကူနေကြောင်း တအံ့တဩ
သတိထားမိသွားတော့သည်။
သူမသည်မျက်မှန်ပြန်တပ်ရန် ပြင်လိုက်စဥ်
ဖုန်းက ထပ်မြည်လာလေသည်။ ကျန်းယွိနန်ဖြစ်နေတော့သည်။ သူမက ဖုန်းကိုင်လိုက်ချိန်၌ သူက
မေးလာ၏။
“ မင်း အခုထိ ကုမ္ပဏီမှာလား”
ထူးဆန်းသည့် သည်မေးခွန်းကြောင့် သူမ
အံ့သြသွားပြီး
“ဟုတ်တယ်၊ ဘာဖြစ်လို့လဲ”
"ဆင်းလာခဲ့၊ အောက်ထပ်မှာစောင့်နေမယ်"
ရန်လျန်က ပိုအံ့သြသွားပြီး
"ရှင် အလုပ်ကိစ္စနဲ့ ခရီးသွားနေတာမဟုတ်ဘူးလား"
"အင်း၊ ငါ လေယာဉ်ပေါ်ကဆင်းတာ မကြာသေးဘူး"
သူ့လေသံသည် တိုးညင်းပြီး သူ့အသံမှာ
ပင်ပန်းနွမ်းနယ်သယောင် ဖြစ်သော်လည်း၊ ဤရိုးရှင်းသော စကားလုံးများသည် ရန်လျန်အတွက်
ပိုလေးနက်သော အဓိပ္ပါယ်ကို ဆောင်နေပုံရသည်။ ဥပမာ၊ သူ လေယာဥ်ပေါ်က ဆင်းဆင်းချင်း သူမကို
လာရှာတယ်ပေါ့။
ရန်လျန်က တုံ့ဆိုင်းမနေတော့ဘဲ
"ရှင် ကျွန်မကိုရှာတာ
ကိစ္စရှိလို့လား"
“ဟုတ်တယ်”
"ဘာလို့လဲ”
"ငါ မင်းကို တွေ့ချင်လို့"
ရန်လျန်သည် အောက်သို့ဆင်းနေသည့်
ဓာတ်လှေကားထဲတွင် ရပ်နေရင်း ရယ်စရာကောင်းသည်ဟု ခံစားမိလိုက်လေသည်။
လက်ရှိအလုပ်အတွက် စိတ်မပူနေသလို စိတ်ခံစားချက်များကို
ထိန်းချုပ်ရန် အချိန်မယူတော့ပဲ ချက်ချင်းပင် အောက်သို့ ဆင်းသွားလိုက်၏။
ဓာတ်လှေကားက မြေညီထပ်ကို
ရောက်သွားချိန်၌ သူမ၏ခံစားချက်များနှင့် နပန်းလုံးနေဆဲ။ ခေါင်းထဲက အသံကို
ဖိနှိပ်ထားလိုက်ပြီး ဝင်ပေါက်ဆီသို့ မြန်မြန်လျှောက်သွားလိုက်လေသည်။
ညဥ့်နက်နေပြီဖြစ်သောကြောင့်
ဧည့်ခန်းတွင် ထောင့်တစ်နေရာတွင် ထိုင်နေသော လုံခြုံရေးအစောင့်တစ်ဦးသာ ရှိပြီး
ခေါင်းညိတ်ပြလိုက်သည်။ ကြမ်းပြင်ပေါ်က သူမ၏ ဒေါက်မြင့်ဖိနပ်များသံက
တဒေါက်ဒေါက်မြည်သံနှင့်အတူ တံခါးနားသို့ ရောက်လာသည်။ ခြေလှမ်းများကို
တမင်နှေးလိုက်ပြီး ခဏရပ်ကာ သူမ၏အသွင်ကို ပြင်ဆင်လိုက်ပြီးနောက် တံခါးကို
ဖွင့်လိုက်တော့သည်။
သူမသည် တံခါးကိုဖွင့်လိုက်သည်နှင့် တခြားကမ္ဘာတစ်ခုဆီ
ရောက်သွားသည့်နှယ်။ ကျန်းယွိနန်က အပြင်ဘက်တွင် ရပ်နေပြီး သူမကို မြင်သောအခါ ပြုံးပြလိုက်လေသည်။
သူမသည် သူ့ဆီသို့ ဖြည်းညှင်းစွာ
လျှောက်လာလိုက်၏။ သူ့ရှေ့သို့ရောက်သွားသောအခါ သူက နာရီကို ငုံ့ကြည့်လိုက်ပြီး
“ မိနစ်ဝက်”
ရန်လျန်သည် ထိုစကားကို
ကြားလိုက်ပြီးနောက် ချက်ချင်းပင် ဝမ်းနည်းသလိုဖြစ်သွားတော့သည်။
သူ့နောက်ပြောမည့်စကားကိုလည်း လုံးဝမျှော်လင့်မထားခဲ့ချေ။
"မင်းငါ့အကြောင်း စဥ်းစားနေတာလား"
"ကျွန်မက တဖက်သတ်အချစ်ရဲ့ ချန်ပီယံပဲ"
ရန်လျန်က သူ့ဆီ ထိုသူစိမ်းဆန်ဆန်
စကားလုံးများဖြင့် ပစ်သွင်းလိုက်ပြီး ကျန်းယွိနန်က ဘာကိုမှ ဂရမစိုက်ဘဲ
တံခါးဖွင့်ပေးလိုက်၏။
"ဘယ်မှာစားချင်လဲ"
ကားထဲတွင် အပြင်ထွက်စားဖို့ အစီအစဉ်က
အိမ်တွင်ဟင်းချက်ဖို့အတွက် စူပါမားကတ်တွင် ပစ္စည်းတွေဝယ်ဖို့ ပြောင်းလဲသွားလိမ့်မည်ဟု
ရန်လျန်လုံးဝ ထင်မထားခဲ့ချေ။
ဆိုးရွားသည့်အကြံဉာဏ်ကို မည်သူက
ပေးခဲ့သည်ကိုပင် မမှတ်မိတော့ဘဲ နောက်ဆုံးတွင် ကျန်းယွနန်၏ အိမ်သို့ ရိက္ခာနှစ်ထုပ်
သယ်လာခဲ့တော့သည်။
သူမသည် ကြိုတင်သတိပေးဖို့ မမေ့ခဲ့သည်က
အမှန်။
“ ကျွန်မ ဟင်းမချက်တတ်ဘူးနော်”
ကျန်းယွိနန်က ဒီသတင်းဆိုးကို
မတုန်လှုပ်တမ်း လက်ခံလိုက်သည် - "ကျွန်တော် ဟင်းချက်မယ်"
သူမသည် အင်္ကျီလက်များကို
အသာအယာခေါက်နေသည်ကို မြင်သည့်တိုင်အောင် သူ့ကို အမှန်တကယ် မယုံခဲ့ပါ။ သို့တိုင်
သူမသည် သူက ဟန်ပြလုပ်နေသည်ဟုသာ တွေးလိုက်လေသည်။ သို့သော် ပါစတာက သူမရှေ့သို့ရောက်လာချိန်တွင်တော့
အရောင်နှင့် အရသာက အံ့ဩဖွယ်ရာဖြစ်လေရာ
အပြောထက် လက်တွေ့ကျနေသည့် အဖြစ်မှန်ကို သူမ လက်ခံလိုက်ရတော့သည်။
“ကျွန်မ တကယ် လေးစားသွားပြီ။ ရှင့်လက်တွေက ငွေရှာတတ်သလို
ထမင်းဟင်းလည်း ချက်တတ်တယ်နော်”
"မင်းက အလိုလိုက်ခံထားရတဲ့ ချမ်းသာတဲ့ကလေးတစ်ယောက်ဆိုတာကိုလည်း
ငါသိပါတယ်၊ မင်းရဲ့လက်ချောင်းတွေက ဘာကို မထိကိုင်ခဲ့ဖူးတာလေ အလန်းဆန်းဆုံး
စမ်းရေလိုပဲ။"
"ရှင်အရင်ပြောခဲ့တာကို မေ့သွားပြီလား၊ ကျွန်မက ရိုးရိုးလခစားတစ်ယောက်ပါ ၊ ရာထူးကြီးတာတစ်ခုပဲ ရှိတယ် ”
ကျန်းယွိနန်က ဘာမှ မပြောဘဲ
သူ့ခက်ရင်းကိုသာနှုတ်ဆိတ်ရင်း ကောက်ကိုင်လိုက်သည်။
ရန်လျန်က မြည်းကြည့်လိုက်လေသည်။
အမှန်ပင် အရသာရှိပေသည် ။ သူမ ထူးထူးဆန်းဆန်း ခံစားနေရသည့် အကြောင်းအရင်းကို
ရုတ်တရက် သဘောပေါက်သွားချိန်တွင်တော့ သူမသည် စားလက်စကို ရပ်လိုက်တော့သည်။ သူမက မျက်နှာချင်းဆိုင်
စားပွဲမှာ ထိုင်နေသည့် လူတစ်ယောက်ကို လှမ်းကြည့်ရင်း
"ဘာလို့ မစားတာလဲ"
“ဗိုက်မဆာလို့”
"ဒါပေမယ့် ရှင် ညစာစားချင်နေတာ အသိသာကြီးပါ"
ကျန်းယွိနန်က ရယ်မောလိုက်ပြီး "ဒါ မင်းကိုတွေ့ဖို့ အကြောင်းပြချက်တစ်ခုပါ"
တဒင်္ဂအတွင်း သူမ မည်သို့တုံ့ပြန်ရမည်ကို
မသိဖြစ်သွဦးတော့သည်။ သူက ပြောလိုက်၏။
"မင်းမကြားလိုက်ဘူးလို့တော့ မပြောနဲ့နော်"
ရှက်သွားပြီး သူမသည် သူနှင့်
အချီအချမပြောတော့ရန် ဆုံးဖြတ်လိုက်တော့သည်။ တိတ်ဆိတ်နေလိုက်ခြင်းကသာ ဤလူကို
ခံစားသွားရစေမည့် တစ်ခုတည်းသော နည်းလမ်းဖြစ်တော့သည်။
ကျန်းယွိနန်က သူမကို ဆွပေးဖို့
ဆုံးဖြတ်လိုက်တော့သည်။ စက္ကူ ပုဝါတစ်ရွက်ကို ပေးကာ ပါးစပ်းကို သုတ်လိုက်ဖို့
သူမကို လက်ဟန်ပြလိုက်လေသည်။ ။ “စားချင်ပေမယ့် ကံဆိုးချင်တော့ နည်းနည်း....”
"ဘာလဲ?"
ကျန်းယွိနန်သည် မျက်လုံးများကို
ကျဥ်းမြောင်းထားလေသည်။ သူ၏ အမူအရာ
သေးသေးလေးမှာ မရေရာဖြစ်နေပြီး သူက "မင်း" ဟု အေးအေးဆေးဆေး
ပြန်ဖြေလိုက်ချိန်တွင်တော့ သူမသည် သူ၏ အင်မတန်ဆိုးညစ်သည့် ရည်ရွယ်ချက်များကြောင့်
နိုးနိုးကြားကြား ဖြစ်သွားတော့သည်။
ရန်လျန်သည် မည်သို့တုံ့ပြန်ရမည်ကို အချိန်အတော်ကြာအောင်
တွေးနေသော်လည်း နှုတ်ဆိတ်နေလိုက်ပြီးမှ
ပြန်ဖြေလိုက်မိချိန်တွင် သူမ၏
တုံ့ပြန်မှုကြောင့် ကိုယ်တိုင်ပင် အံ့သြသွားလေတော့သည်။
“ဒီနေ့ ပင်ပန်းနေပြီး မနက်ဖြန်
အရမ်းအလုပ်များမှာ”
သူမသည် ထိုစကားကို
ပြောလိုက်သည့်အခိုက်တွင် နောင်တရမိသော်လည်း ကျန်းယွိနန်၏မျက်လုံးများတွင်
အံ့ဩရိပ်တစ်ခု အထင်းသားဖြစ်လေသည်။
"ကိစ္စမရှိပါဘူး၊ မင်းအားတဲ့အချိန်အထိ ငါတို့
အချိန်ရွှေ့ထားလို့ရတယ်"
နှုတ်ဆိတ်နေမိပြီး ရန်လျန်သည် သူမ
လွှတ်ခနဲ ပြောလိုက်သည့် စကားအတွက် ပိုပြီးကျိုးကြောင်းဆီလျော်သည့်
ရှင်းလင်းချက်တစ်ခုကို ပေးရန် စဥ်းစားလိုက်သော်လည်း ဘာကိုမှ
ထပ်စဥ်းစားလို့မရနိုင်တော့ပေ။ မည်သို့ဆိုစေ သူကတော့ သူမ၏အဖြေကို
သည်အတိုင်းလက်ခံလိုက်ပုံပင်။
နောက်တစ်နေ့ နေ့လည်တွင် ရန်လျန်သည်
သူမ၏အဖွဲ့နှင့်အတူ မင်ထင်၏ တာဝန်ခံမန်နေဂျာအား တွေ့ဆုံခဲ့သည်။
သူမသည် ပြီးပြည့်စုံသည့်
ပြင်ဆင်မှုများလုပ်လာခဲ့ပြီး စိတ်ရင်းကို
ချပြပေးရန် မင်ထင်ရုံးချုပ်သို့ ကိုယ်တိုင် သွားလိုက်တော့သည်။
အမြတ်အစွန်းခွဲဝေမှုအတွက် အကြီးမားဆုံး လိုက်လျောမှုများကိုပေးမည်ဟုပင်
ကတိပေးခဲ့သည်။
နှစ်နာရီကြာ စေ့စပ်ညှိနှိုင်းပြီးနောက်
မင်ထင်က နောက်ဆုံးသဘောတူခဲ့သည်- "ကျွန်တော်တို့ရဲ့ ရင်းနှီးမြှုပ်မှုထဲမှာ 'Ya Yan' ထုတ်ကုန်တွေကို ထည့်သွင်းပေးမှာပါ ဒါပေမယ့် စာချုပ်ကတော့ တစ်နှစ်ပဲ ချုပ်မှာပါ။ ကျန်တဲ့လေးနှစ်ကိုတော့
ဆက်တိုးဖို့ မတိုးဖို့ Ya-Yanရဲ့
လုပ်ဆောင်ချက်ကိုကြည့်ပြီးတော့ ဆုံးဖြတ်ပါမယ်"
ဒါသည် ညှိနှိုင်းမှာ၏ အကောင်းဆုံးရလဒ်မဟုတ်သော် အဆိုးဆုံးလည်း မဟုတ်ပေ၊
အနည်းဆုံးတော့ ရန်လျန်တွင် နောက်ထပ်တစ်နှစ်တာ အချိန်ရရှိခဲ့ပြီး “Ya Yan” အမှတ်တံဆိပ်တန်ဖိုးကို ပြန်လည်ပုံဖော်ဖို့ရာ အခွင့်အရေးတစ်ခု ရခဲ့တော့သည်။
ထိုနှစ်အတွင်း မင်ထင်ကဲ့သို့
အရည်အသွေးမြင့် ပလပ်ဖောင်းပေါ်တွင် 'Ya Yan’ ရောက်ရှိသွားခြင်းက တိကျသေချာသော
အောင်ပွဲတစ်ခု ဖြစ်လေသည်။
နောက်ဆုံးတော့ အစည်းအဝေးပြီးသွားပြီး
မန်နေဂျာက စာချုပ်မှာ လက်မှတ်ထိုးပေးလိုက်တော့သည်။ စေ့စပ်ညှိနှိုင်းမှုအတွင်း
အချေအတင်ဖြစ်ခဲ့ကြပြီးနောက် ပြေလည်သွားကြကာ နှစ်ဖက်စလုံးက
လက်ဆွဲနှုတ်ဆက်လိုက်ကြတော့သည်။
တာဝန်ခံမန်နေဂျာသည် လုကျန်းနှင့်
အဆက်အသွယ်ရှိပုံရပြီး စာချုပ်များချုပ်ဆိုပြီးသည်နှင့်
စေ့စပ်ညှိနှိုင်းမှု၏ရလဒ်ကို ဖုန်းဆက် အကြောင်းကြားလိုက်လေသည်။ ရန်လျန်က သူ့အား
ခေါင်းညိတ် နှုတ်ဆက်လိုက်ပြီး သူမအဖွဲ့နှင့်အတူ တံခါးဆီသို့ လျှောက်သွားလိုက်သည်။
သူမသည် အခန်းအပြင်သို့ မထွက်ခင်မှာပင် မန်နေဂျာက သူမကိုလှမ်းတားလိုက်လေသည်။
“မစ်ရန်”
ရန်လျန်က ခဏရပ်လိုက်သည်။
မန်နေဂျာက သူမဆီလာပြီး ဖုန်းကို
လွှဲပေးလိုက်လေသည်။
"မစ္စတာလုက မင်းနဲ့
စကားနည်းနည်းပြောချင်လို့ပါတဲ့"
သူမသည် ‘ရှင်နဲ လက်တွဲခွင့်ရလို့
ဝမ်းသာပါတယ်’ ဟူသည့် ယဥ်ယဥ်ကျေးကျေး စကားတစ်ချို့ပြောရမည်ဟု မှတ်ယူထားလိုက်ပြီး
ဖုန်းကို ယူလိုက်သည်နှင့်တပြိုင်နက် သူမက သူ့ကို ကျေးဇူးတင်စကား ပြောလိုက်တော့သည်။
“မစ္စတာလု Ya Yan ကို ဒီအခွင့်အရေးပေးတဲ့အတွက် ကျွန်မ အရမ်းကျေးဇူးတင်ပါတယ်ရှင်”
"ဪ" လုကျန်းက သူမထံမှ
သည်စကားများကို မျှော်လင့်မထားခဲ့ပေ။
လုကျန်း၏ မေးခွန်းထုတ်နေသည့် လေသံကို
နားထောင်ရင်း ရန်လျန်သည် အနည်းငယ် မအံ့ဩဘဲ မနေနိုင်ဖြစ်သွားတော့သည်။ ဒီလူက သူမကို
ဖုန်းဖြေခိုင်းတာက အပြန်အလှန်ကျေးဇူးတင်စကားတွေ ပြောဖို့ မဟုတ်ဘူးလား။
သို့သော် သူမက နောက်စကားတစ်ခွန်း
ထပ်မပြောနိုင်ခင်မှာပင် တစ်ဖက်က မေးလာလေသည်။
"မစ်ရန်က ကျွန်တော့်ကို ကျေးဇူးတင်ချင်လို့လား”
“……” “…”
“……” “…”
“ကျွန်တော်က မင်းကို ဒီနေ့ည ညစာစားဖို့ ဖိတ်ချင်လို့ပါ”
No comments:
Post a Comment