အပိုင်း (၁၁) ကျောင်းမှာ ပထမရခြင်း
ရှန်ယွဲ့စဥ်းစားလိုက်လေသည်။
အောင်ရုံပဲတဲ့လား။ သူ ငါလေးကို အဲလောက်တောင်
အထင်သေးတာပေါ့လေ။
ရှန်ယွဲ့သည် လေးနက်သည့်မျက်နှာထားဖြင့် လက်ပိုက်ပြီး
ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်လေသည်။
“ သမီး ပထမရခဲ့ရင်ကော”
“ တစ်ကျောင်းလုံးမှာ ပထမဟုတ်လား ဟမ်”
ဆွန်းလင်သည် ရယ်စရာကြီးတစ်ခုကို ကြားလိုက်သည့်နှယ်
မဲ့ရွဲလိုက်လေသည်။ သူမသည် ရှန်ယွဲ့ကို ခေါင်းအစ ခြေအဆုံးကြည့်လိုက်၏။
အခုတော့
ရှန်ယွဲ့ စိတ်မတည်မငြိမ်ဖြစ်နေတာ သေချာသလောက်ရှိတယ်။ ဘိတ်ချေးကျောင်းသူတစ်ယောက်က
စာမေးပွဲကနေ ဘယ်နှစ်မှတ်ရနိုင်မှာမလို့လဲ။
ရှန်ယွဲ့နှင့် အဓိပ္ပါယ်မရှိစကား ဆက်မပြောချင်တော့သဖြင့်
ဆွန်းလင်သည် လွတ်ခနဲ ပြောလိုက်လေသည်။
“ နင်သာ တစ်ကျောင်းလုံးမှာ ပထမရခဲ့ရင်
ငါ့မှာရှိသမျှအကုန် နင့်ကို ပေးလိုက်မယ်၊ ငါ့ခေါင်းကို ဖြတ်ပြီးတော့တောင် နင့်ကို
ဘောလုံးလို လုပ်ကန်ခွင့်ပေးလိုက်အုံးမယ်”
ထိုသို့ပြောလိုက်ပြီးနောက် ဆွန်းလင်သည် ရှန်ယွဲ့ကို
ထပ်ကြည့်လိုက်ပြီး လှည့်ထွက်သွားတော့သည်။ သူမသည် လမ်းလျှောက်ရင်း
လေသံတိုးတိုးဖြင့် ဆဲရေးနေလေသည်။
“ သေချင်းဆိုမလေး တကယ်ရူးသွားပြီပဲ၊ တစ်နေ့ကျရင်
စိတ်ဆေးရုံကို ဖုန်းဆက်ပြီး လာဆွဲခေါ်သွားဖို့ ပြောအုံးမယ်၊ ဒါပေမယ့် သူ့ကို
စိတ်ဆေးရုံကိုပို့ရင် ပိုက်ဆံကပေးရအုံးမယ်၊ အကျိုးမပေးတဲ့ဟာလေး၊ ငါဘာလို့
ဒီဟာမျိုးကို မွေးလာမိပါလိမ့်နော်....”
ကျောင်းပိတ်ရက်တွင် ရှန်ယွဲ့သည် ဘာမှမလုပ်ဘဲ မနေချေ။
နေ့တိုင်း မနက်စောစော အိမ်ကထွက်ပြီး နောက်ကျမှ ပြန်လာတတ်သည်။ အစပိုင်းတွင် သူမသည်
သွေးပူလေ့ကျင့်ခန်းအနေဖြင့် ကီလိုမီတာအနည်းသာ အမြန်လမ်းလျှောက်ခဲ့၏။ ထို့နောက်တွင်
သူမသည် တိုက်ခိုက်ရေးစကေးများကို လေ့ကျင့်ရန် အိမ်နားက ပန်းခြံသို့သွားခဲ့ပြီး
သူမ၏ အရင်ခံစားချက်ကို ပြန်ရအောင် ကြိုးစားတော့သည်။
သည်ခန္ဓာကိုယ်နှင့် တဖြည်းဖြည်း အသားကျလာပြီးနောက်
ရှန်ယွဲ့ အလွန်အသုံးဝင်သည့် တိုက်ခိုက်ရေး နည်းလမ်းတစ်ခုကို တွေ့ရှိခဲ့လေသည်။
သူမ၏ခန္ဓာကိုယ်အလေးချိန်ကို ကောင်းကောင်းအသုံးချရန် ဖြစ်လေသည်။ သူမသည်
ကြမ်းတမ်းတမ်း မထိုးနိုင် မကန်နိုင်သော်လည်း သူမ၏ဧရာမအလေးချိန်ကို အားကိုးကာ
ရန်သူကို ဖိသတ်နိုင်လေသည်။
ထိုကာလအတွင်း ဆွန်းလင်းနှင့် ရှန်ရှင်းတို့သည်လည်း
သူမကို အကြိမ်ကြိမ် တိုက်ခိုက် လှောင်ပြောင်ခဲ့ကြ၏။ သို့သော် မည်သို့ပင်
ဆူဆဲခံရပါစေ ရှန်ယွဲ့သည် မလှုပ်မယှက်ရှိနေပြီး လုံးဝမတုန့်ပြန်သည်ကို
သိလိုက်သောအခါ သူတို့သည် တဖြည်းဖြည်းနှင့် စိတ်လျှော့သွားကြတော့သည်။ သူတို့သည် ပျင်းလာလျှင်
ရှန်ယွဲ့လုပ်သမျှကို ဖျော်ဖြေမှုတစ်ခုအဖြစ်သာ သဘောထားကြသော်လည်း ရှန်ယွဲ့မှာ
သူတို့ကို လုံးဝ အလေးမထားချေ။
ရှန်ယွဲ့၏အဖေ ရှန်အန်းသည် မိသားစုကို ထောက်ပံ့ရန်
ဆောက်လုပ်ရေးဆိုက်တစ်ခုကို ပင်ပင်ပမ်းပမ်း အလုပ်လုပ်နေရဆဲပင်။ သူသည်
အိမ်ရောက်သည်နှင့် ချက်ချင်း အိပ်ပျော်သွားတော့သည်။ ထို့ကြောင့် အိမ်တွင်
ရှန်ယွဲ့နှင့် အများဆုံးပြောဆိုဆက်ဆံသူမှာ ရှန်ချန်သာဖြစ်လေသည်။ ရှန်ယွဲ့က
စာတော်တော်များများကို ဂရုတစ်စိုက်သင်ပေးပြီးနောက်တွင်တော့ ရှန်ချန်သည် သူ့အစ်မကြီးကို
ပိုပိုအထင်ကြီးလာပြီး သူမနှင့် ပိုရင်းနှီးလာလေသည်။
ထို့ကြောင့် တနင်္လာနေ့မနက်တွင်
လွယ်အိတ်နှင့်ကျောင်းသွားဖို့ ထွက်လာသည့်ရှန်ယွဲ့သည် တံခါးရှေ့တွင် ရှန်ချန်က
သူမကို စောင့်နေသည်ကို တွေ့လိုက်ရတေ့သည်။
“ အရမ်းနောက်ကျနေပြီ၊ ဘာလို့ အခုထိမသွားသေးတာလဲ”
ရှန်ယွဲ့သည် အထူးတဆန်းကြည့်လိုက်၏။ သူမသည် နို့တစ်ဗူးကို
ယူလိုက်ပြီး ရှေ့ကလျှောက်သွားလိုက်လေသည်။
ရှန်ချန်သည် ရှန်ယွဲ့နောက်မှနေ၍ စတော့လ်ကာ(Stalker)လေးတစ်ယောက်လို
ကပ်လိုက်လာပြီး တီးတိုးပြောလိုက်လေသည်။
“ ငါ-ငါ နင်နဲ့အတူတူ ကျောင်းသွားမလို့လေ”
ဪ သူက ငါလေးနဲ့ သွားချင်နေတာကိုး။
ရှန်ယွဲ့သည် နားလည်သွားသည်။ ရှန်မိသားစုတွင် ရှန်ချန်မှာ
သူမသဘောအကျဆုံး မိသားစုဝင်ဖြစ်ရာ သူ့အပြုအမူများကို အလိုလို သဘောတူမိသွားတော့သည်။
နှစ်ယောက်သားသည် ဘတ်စ်ကားပေါ်တွင် ကြပ်ညှပ်ကာ
ကျောင်းသွား အတူတူသွားကြလေသည်။ မနက်ပိုင်းလူများချိန်ဖြစ်သဖြင့် ဘတ်စ်ကားပေါ်တွင်
လူများနေလေသည်။ ရှန်ချန်သည် ပိန်ပါးသဖြင့် ဘတ်စ်ကားနောက်ပိုင်းသို့ ခပ်သွက်သွက်
လျှောက်သွားလိုက်လေသည်။ လျင်သည့်မျက်လုံးများက နေရာလွှတ်တစ်ခုကို တန်းတွေ့သွားပြီး
သူသည် ရှန်ယွဲ့ကို လှမ်းခေါ်လိုက်လေသည်။
“အစ်မ ဒီကိုလာ”
“ အေး ငါ ဒီမှာ”
ရှန်ယွဲ့သည် လူအုပ်ထဲတွင် တိုးဝေ့နေရဆဲ။ ရှန်ချန်၏အသံကို
ကြားလိုက်ချိန်၌ သူမသည် ချက်ချင်းပြန်ဖြေလိုက်ပြီး တိုးဝေ့သွားလိုက်လေသည်။
ရှန်ယွဲ့သည် သူမ၏စိတ်ထဲတွင်
နွေးထွေးမှုအရိပ်အရောင်တစ်ခုကို ခံစားလိုက်ရလေသည်။ သူမ၏သည်မောင်လေးသည်
အနည်းငယ်အူတူတူနိုင်သည်ထင်ရသော်လည်း သူမသည် အင်မတန် ဂရုစိုက်တတ်သေးသည်။ သူမသည်
ဝ,ပြီး အကြာကြီးမရပ်နိုင်သည်ကို သူနားလည်လေသည်။ သူသည် သူမအတွက် နေရာတစ်ခုကိုပင်
ဦးထားပေးလိုက်သေးသည်။
သို့သော် ရှန်ယွဲ့သည် လွတ်နေသည့်ထိုင်ခုံဆီ
တိုးဝေ့လာဆဲတွင် အသီးအရွက်ခြင်းတစ်ခု သယ်ထားသည့် အန်တီတစ်ယောက် ရှန်ချန်ကို
တွန်းထိုးပြီး ထိုင်ချလိုက်လေသည်။
“ ဒီနေရာကို ကျွန်တော့်အစ်မအတွက် ဦးထားပေးတာ၊ အန်တီ
ဘာလုပ်တာလဲ”
ရှန်ချန်သည် စိတ်ရှုပ်ကာဖြင့် မျက်လုံးများ
ကျယ်သွားတော့သည်။
နောက်ဆုံးတွင် ရှန်ချန်သည်
အထက်တန်းကျောင်းသားတစ်ဦးဖြစ်ပြီး လူ့အဖွဲ့အစည်း၏ အန္တရာယ်ကို တစ်ခါမှ
တွေ့ကြုံခဲ့ဖူးချေ။ သူသည် ထိုအန်တီကို အထစ်ထစ်အငေါ့ငေါ့ဖြင်း
အော်လိုက်သည်နှင့်တပြိုင်နက် ထိုအန်တီသည် သူမ၏နှုတ်ခမ်းကို
တင်းတင်းစေ့ထားလိုက်ပြီး အာကျယ် အာကျယ်ဖြင့် အော်ပြောတော့သည်။
“ ဒီခုံမှာ ဘယ်သူမှ မှမရှိတာ၊ အရင်ရောက်တဲ့သူ ပိုင်တယ်၊
နင့်နာမည် ခုံပေါ်မှာရေးထားလို့လား”
“ဒါပေမယ့်...”
ရှန်ချန်သည် ထိုအန်တီနှင့် ဆက်ငြင်းခုံချင်နေသေးသည်။
ဒီခုံတွေက ပိုလိုအပ်တဲ့သူကို ပေးရမှာမဟုတ်ဘူးလား။ သူ့အစ်မ
ရှန်ယွဲ့က နည်းနည်းရပ်တာကြာတာနဲ့ မောနေပြီး မေ့သွားတော့မယ်။ ဒါပေမယ့် ဒီအန်တီက
အားအင်အပြည့်နဲ့ဟာကို။ သူက ငါ့ကို တွန်းထုတ်တော့မယ့်အတိုင်းပဲ။
“ ထားလိုက်ပါ”
ရှန်ယွဲ့သည် အဖြစ်အပျက်တစ်ခုလုံးကို မြင်ခဲ့ပြီးနောက်
ထိုသက်လတ်ပိုင်းမိန်းမနှင့် မငြင်းမခုံချင်တော့ပေ။ ထို့ကြောင့် သူမသည် ရှန်ချန်ကို
ဆက်မပြောတော့ရန် အမူအရာလုပ်ပြကာ တားလိုက်လေသည်။
သူတို့သည် ဆက်မငြင်းခုံချင်တော့သော်လည်း
ထိုအန်တီကတော့ဖြင့် မရပ်သေးချေ။
ထိုအန်တီသည် သူမ၏မျက်လုံးများကို ဝေ့ကြည့်လိုက်ပြီး
ရှန်ချန်ဘေးက ဝဖိုင့်ဖိုင့်ရှန်ယွဲ့ကို မြင်သွားလေသည်။ သူမသည် ချက်ချင်းပင်
မလိုတမာစိတ်ဖြင့် ပြုံးလိုက်လေသည်။
“ ယိုး... ဒါက နင့်အစ်မလား၊ သူက ဒီမနက် ငါစျေးထဲမှ
တွေ့ခဲ့တဲ့ ဝက်မကြီးထက်တောင် ဝ,သေးတယ်၊ ဒီခုံက နင့်အစ်မဖင်ရဲ့
တစ်ဝက်တောင်ဆန့်မှာမဟုတ်ဘူး ဟုတ်တယ်မလား”
...
🍀
No comments:
Post a Comment