အပိုင်း (၃၇) သေမယ့်လမ်း
အားလုံးက ဝမ်းသာအားရ အောင်ပွဲခံနေစဥ်မှာပင်
ရှန်ယွဲ့သည် ပြိုင်ကားတစ်စီးပေါ် သာမန်ကာလျှံကာ ထိုင်လိုက်ပြီးနောက် ခေါင်းငုံ့ကာ
ကားထဲက အစိတ်အပိုင်းအချို့ကို လေ့လာလိုက်လေသည်။
ရှန်ယွဲ့က အပျော်တမ်းကစားသမားတစ်ယောက်လို
ပတ်ကြည့်နေသည်ကို မြင်လိုက်ရာ တုန်းယန်သည်
အထင်သေးသွားတော့သည်။
“ နင်က အခုမှ တက်သစ်စလေးပဲ ရှိသေးတာမလား၊ မင်း
ထွက်ရမှာ ငါက မင်းကို အနိုင်ကျင့်တယ်မလို့ မပြောနဲ့နော်၊ ငါ မင်းကို စက္ကန့်၂၀
အကျောပေးမယ်၊ ဒီပြိုင်ပွဲကို မြန်မြန် အဆုံးသတ်လိုက်ကြတာပေါ့”
အမှန်တွင် ရှန်ယွဲ့သည် ပြိုင်ကားတစ်စီးကို
မထိသည်မှာ ဆယ်နှစ်ကျော်နေပြီဖြစ်ပြီး နောက်ဆုံးမိနစ်အထိ လုပ်ဆောင်ချက်များကို
ကိုယ်တိုင် ရင်းနှီးအောင် လုပ်နေရလေသည်။ အကြမ်းဖျဥ်း ကြည့်ရှုပြီးနောက်
ပြိုင်ကားတစ်စီး မောင်းနှင်ပုံကို ပြန်စဥ်းစားလိုက်ကာ တည်တည် ငြိမ်ငြိမ်
ပြန်ပြောလိုက်တော့သည်။
“ မလိုပါဘူး၊ စ,ရအောင်”
တုန်းယန်က ရုတ်တရက်ရောက်လာသည့် သည်ဖက်တီးမနှင့်
အမှန်တကယ် ပြိုင်တော့မည်ကို မြင်လိုက်ပြီးနောက် ဟန်ရဲ့သည် မတတ်သာတော့ဘဲ
ကားနှစ်စီးကြားတွင်ရပ်ကာ တာလွှတ်ဒိုင် လုပ်လိုက်ရတော့သည်။ နှစ်ယောက်လုံး
ကားထဲရောက်သွားပြီးနောက် ဟန်ရဲ့ အော်လိုက်တော့သည်။
“ သုံး ၊ နှစ် ၊ တစ် ပြိုင်ပွဲ စပြီ”
ဟန်ရဲ့စကားဆုံးသည်နှင့် တပြိုက်နက်
ရှန်ယွဲ့မောင်းသည့် ပြိုင်ကားသည် ချက်ချင်း အရှိန်နှင့် ထွက်သွားတော့သည်။
လေခွင်းသံကြောင့် အားလုံး လန့်ဖျတ်သွားတော့သည်။
တုန်းယန်သည် သူ့ဘေးလူများက ကြွားလုံးထုတ်နေသည်ကို
နားထောင်ရင်း ကားထဲတွင် ထိုင်နေဆဲမှာပင် ရှန်ယွဲ့သည် အရှိန်ဖြင့်
ပြေးထွက်သွားပြီးဖြစ်နေသည်။ သည်အခိုက်တွင် သူမသည် အကွေ့တစ်ခုကို ရောက်နှင့်နေပြီး
ဖုန်းယဲ့တောင်ထိပ်သို့ ဦးတည်နေသည်။
သည်ကြောက်စရာကောင်းလွန်းသည့်အနေအထားသည် သူမက
အတွေ့အကြုံရှိသည့် ပြိုင်းကားမောင်းသူဖြစ်မှန်း သိသာနေတော့သည်။ အနည်းဆုံးတော့
သူမသည် သူ့ကို လှည့်စားရန် ဘာမှမသိသလို ဟန်ဆောင်နေသည့်
အကြောက်အလန့်မရှိတက်သစ်စလေးတစ်ယောက် ဖြစ်နိုင်သည်။ တုန်းယန် ခံစားချက်
ဆိုးရွားသွားပြီး သူ့မျက်နှာမှာ မဲမှောင်သွားတော့သည်။
“ သခင်လေးတုန်း ဘာလို့ မထွက်သေးတာလဲ၊ သူ
ပြိုင်ပွဲလုပ်နေတာ မေ့သွားလို့လား”
တုန်းယန်၏ကားမှာ မထွက်သေးဘဲ ရှိနေရာ
တစ်စုံတစ်ယောက်က သိလိုစိတ်ဖြင့် မေးလိုက်တော့သည်။
“ မသိဘူးလေ၊ ကြည့်ရတာ သူ အဲဒီဝတုတ်မကို
စက္ကန့်၂၀ အကျောပေးချင်နေတာ ထင်တယ် ဟုတ်တယ်မလား” နောက်တစ်ယောက် ထပ်ပြောလိုက်၏။
ရှန်ယွဲ့ကို စက္ကန့် ၂၀ အကျောပေးမည်ဟု
ကြွားလုံးထုတ်ခဲ့သည်ကို ပြန်စဥ်းစားမိလိုက်ရာ တုန်းယန်မှာ သူ့မျက်နှာ
မပျက်ရေးအတွက် နောက် ၁၀စက္ကန့် ထပ်စောင့်လိုက်ရတော့သည်။ ရှန်ယွဲ့၏ကားသည် တောင်ပေါ်
လမ်းတစ်ဝက်ရောက်နေသည်ကို မြင်လိုက်ချိန်တွင်တော့ တုန်းယန်မှာ ငြိမ်ငြိမ်လေး
ဆက်မထိုင်နိုင်တော့ချေ။ သူသည် ဂီယာကို မြန်မြန် မြင့်ကာ တဟုန်ထိုး
ပြေးထွက်သွားတော့သည်။
တုန်းယန် ထွက်သွားပြီးနောက် လူအုပ်ကြီး၏
ဆွေးနွေးသံက ချက်ချင်း အသက်ဝင်လာသည်။ လူအုပ်ကြီးသည် ရှိုးတစ်ခုကို
ကြည့်နေရသည့်နှယ် တောင်ပတ်လမ်းပေါ်က ကားနှစ်စီးကို ငေးကြည့်နေကြလေသည်။
“ ကြည့်စမ်း သခင်လေးတုန်းရဲ့ကားက
ကားနီလေးနောက်ကို လိုက်နေပေမယ့် မမီဘူးဖြစ်နေတယ်”
“ အဲဒီဝတုတ်က ပန်းတိုင်ကို ရောက်တော့မယ်၊ သူ
နိုင်တော့မှာမလား”
“ မင်းတို့ထဲက သူ့ကို သိတဲ့သူရှိလား၊
ဘယ်မိသားစုကတဲ့လဲ”
သည်တစ်ချီသည် မြန်မြန်ပင် ပြီးသွားလေသည်။
ရှန်ယွဲ့သည် တောင်ထိပ်မှ တောင်ခြေအထိ တစ်လမ်းလုံး အားမစိုက်လိုက်ရဘဲ
မောင်းလာခဲ့ရသည်။ တုန်းယန်သည် မျက်နှာမဲကြီးနှင့် ပန်းဝင်လာချိန်၌ ရှန်ယွဲ့မှာ
ရေသောက်ပြီးနေပြီ။
သူ ဒီလိုနဲ့ ရှုံံးသွားတာတဲ့လား။
မဖြစ်နိုင်တာပဲ။
“ဒီတစ်ချီ ထည့်မတွက်ဘူး၊ မင်းက ငါ
ဘာမှမလုပ်ရသေးချင် မောင်းထွက်သွားတာပဲ၊ မင်း စည်းကမ်းကို မလိုက်နာဘူး၊ နောက်တစ်ချီ
ထပ်ပြိုင်ဖို့ တောင်းဆိုတယ်”
တုန်းယန်သည် ကားပေါ်က ဆင်းလာသည့်နှင့်တပြိုက်နင်
အော်ပြောလိုက်လေသည်။ သူသည် နောက်စက္ကန့် ၂၀ မစောင့်ခဲ့လျှင် ရှန်ယွဲ့ကို
မနိုင်စရာအကြောင်းမရှိပေ။
သူ့မျက်နှာကို အားလုံးကို ဝိုင်းကြည့်နေကြသည်ကို
ခံစားလိုက်ပြီး တုန်းယန်သည် တာလွှတ်ဒိုင်လုပ်ခဲ့သည့် ဟန်ရဲ့ကို
ဝါးစားမတတ်ကြည့်လိုက်တော့သည်။
“ ပြီးတော့ မင်း မင်းအသံက အဲလောက်တိုးတာ ဘယ်သူက
ကြားမှာလဲ”
ယွမ်နှစ်သန်း ရမည်ဖြစ်ရာ ရှန်ယွဲ့သည် တုန်းယန်
လက်ခံလာအောင် ထပ်ပြိုင်ဖို့ရာ စိတ်မပျက်ချေ။ ထို့ကြောင့် သူမ အလွယ်တကူ
ပြန်ဖြေလိုက်တော့သည်။
“ကောင်းပြီလေ ထပ်ပြိုင်ကြတာပေါ့”
နှစ်ယောက်သားသည် ထပ်ပြိုင်ဖို့ရန်
ပြင်ဆင်လိုက်ကြတော့သည်။ မည်သည့် မတော်တဆမှုမှ မဖြစ်စေရန် တုန်းယန်သည်
မြင်းကောင်ရေးအားပိုများပြီး ထိပ်တန်းအဆင့်မြင့်တင်ထားသည့် ပြိုင်ကားတစ်စီးကို
ပြောင်းလိုက်ချိန်တွင် ရှန်ယွဲ့က အရိုးရှင်းဆုံး ကလပ်ပြိုင်ကားကို ရွေးလိုက်လေသည်။
ဟန်ရဲ့သည် သည်တစ်ကြိမ်တွင် စိတ်ဖိစီးနေတော့သည်။
တုန်းယန် ထပ်ရှုံးခဲ့လျှင် သူ့အပေါ် ဒေါသပုံထမည်ကို စိုးနေတော့သည်။ စောစောကသာ
သိခဲ့ရင် ဒီဝတုတ်မကို မောင်းထုတ်လိုက်ပါတယ်။
“... စပြီ”
အမိန့် ထွက်လာသည်နှင့် ပြိုင်ကားနှစ်စီးသည်
တစ်ချိန်ထဲတွင် ပြေးထွက်သွားတော့သည်။ သို့သော် တုန်းယန်သည် လေးလေးနက်နက်
ဖြစ်လာချိန်၌ ထိပ်တန်းအဆင့်မြင့်ပြိုင်ကားကို ချက်ချင်း ချပြလိုက်တော့သည်။
အရှိန်မှာ ရှန်ယွဲ့မောင်းနေသည့်ကားထက် ပိုမြန်လေသည်။ ထို့ကြောင့် ဂိမ်းစပြီး
မိနစ်ဝက်လောက်မှာပင် ရှန်ယွဲ့၏ ကားနီလေးက နောက်တွင် ကျန်ခဲ့တော့သည်။
“ ငါ သိနေတယ်လေ၊ သခင်လေးတုန်းက
အရည်အချင်းရှိပါသေးတယ်၊ သူက တက်သစ်စလေးကို ရှုံးမှာမဟုတ်ဘူး” တစ်ယောက်က
သက်ပြင်းချလိုက်၏။
သည်အခိုက်တွင် ပြိုင်ကားထဲတွင် ထိုင်နေသည့်
တုန်းယန်လည်း ပြုံးလို့ပင်။ ခုနက ရှုံးနိမ့်ခဲ့သဖြင့် ဖော်မပြတတ်အောင် ဖြစ်ရသည့်
စိတ်အားငယ်မှုတို့သည် လွှင့်ပျယ်သွားတော့သည်။ ခုနက ဒီဝတုတ်မ သူ့ကို နိုင်သွားတာက
ဒီအတိုင်း ကြက်ကန်းဆန်အိုး တိုးသွားတာပဲ။
သူသည် စတီယာတိုင်းကို အေးအေးဆေးဆေး
လှည့်လိုက်သည်တွင် ကားနီလေးသည် သူ့နောက်တွင် ရုတ်တရက်ပေါ်လာလေသည်။
ရှန်ယွဲ့ပင်ဖြစ်တော့သည်။
...
No comments:
Post a Comment