အပိုင်း (၅)
ရန်လျန်သည် ရုံးခန်းမှ
လျှောက်လာသည့်တလမ်းလုံးတွင် သူမ၏မသပ်မရပ် ဖြစ်နေသည့်ဆံပင် မိတ်ကပ်များ မညီမညာဖြစ်နေသည့်
အိပ်ချင်မူးတူးမျက်နှာက မျက်ခုံးအများအပြားကို မြင့်တက်သွားစေတော့သည်။
သူမ၏မျက်နှာသည် ထိုအာရုံကို အေးတိအေးစက် ဖယ်ခွာလိုက်သော်လည်း သူမ၏စိတ်ထဲတွင်တော့
ကျန်းယွိနန်ကို အကြိမ်တစ်ထောင်မက ဆဲရေးနေလိုက်သည်။
နောက်ဆုံးတွင် ဓာတ်လှေကားသည် သူတို့ကို
မြေညီထပ်သို့ တိုက်ရိုက် ခေါ်ဆင်းသွားတော့သည်။ သူတို့သည် လော်ဘီမှတန်းထွက်လာပြီး
ဂိတ်တွင် စောင့်နေသည့်ကားဆီသို့ တန်းသွားလိုက်ကြ၏။
ဒရိုင်ဘာက ကားစက်နှိုးလိုက်၏။
ဒရိုင်ဘာအပြင် နောက်ထပ်လူတစ်ယောက်က
ကားထဲတွင် ထိုင်နေသည်ကို ရန်လျန်တွေ့လိုက်ရ၏။ ထိုလူသည် သူမကို သေသေချာချာ
မှတ်မိနေသည်။
“မစ်ရန် ကျွန်တော်တို့ ထပ်တွေ့ကြပြီနော်”
ရန်လျန်သည် အခိုက်တန့်
ပြန်မဖြေလိုက်ပေ။ ထိုလူက သူ့ဟာသူ ပေါ့ပေါ့ပါးပါး မိတ်ဆက်လေသည်။
“ မစ်ရန် ကျွန်တော့်ကို
မမှတ်မိဘူးထင်တယ်နော်၊ မစ္စတာကျန်းက ကျွန်တော့်ကို မင်းဆီ နေကာမျက်မှန်
လာပေးခိုင်းခဲ့တာလေ”
ရန်လျန်သည် အသစ်ခန့်ထားသည့်
စီအီးအို၏အတွင်းရေးမှူးကို စကားနည်းနည်းဖြင့် နှုတ်ဆက်လိုက်ပြီးနောက် သူမ၏ဖုန်းကို
ထုတ်ကာ အိမ်သို့ ဖုန်းဆက်ရန် ပြင်လိုက်လေသည်။ သူမ၏ အိမ်စာများကို စစ်ဆေးနေသည့်
ကျန်းယွိနန်က ရုတ်တရက် ဖြတ်ပြောလိုက်၏။
“ အရောင်းပိုင်း ဆန်းစစ်ချက်တွေက
ဘာလို့ မရှိတာလဲ”
ထိုမေးခွန်းကြောင့် ရန်လျန် အခိုက်တန့်
အေးခဲသွားလေသည်။ သူမ၏ဖုန်းကို အိတ်ထဲသို့ မြန်မြန် ပြန်ထည့်လိုက်ပြီး သူမ၏စိတ်ကို အလုပ်ဆီသို့
ပြန်ပြောင်းလာလိုက်တော့သည်။
“ ရှင် ကျွန်မကို ကုန်ပစ္စည်းလိုင်းပဲ
လုပ်ခိုင်းတာလေ”
“ ကုန်ပစ္စည်းလိုင်းနဲ့ အရောင်းပိုင်းက
အမြဲတမ်းတစ်တွဲထဲလေ၊ ဘယ်ပစ္စည်းက ဘယ်အပိုင်းမှာရောင်းနေတယ်၊ ဘယ်ပစ္စည်းက
အရောင်းလမ်းကြောင်း ပြောင်းဖို့လိုနေတယ်၊ ဘယ်ပစ္စည်းကတော့ဖြင့်
ထုတ်ကုန်ထောက်ပံ့မှု ကွင်းဆက်ကို သက်ရောက်မှုရှိနေတယ်ဆိုတာကိုပေါ့”
ရန်လျန်သည် သူမ၏ ဒေါသကို
ပြန်မြိုချလိုက်ပြီး အံ့ကြိတ်ကာ ပြောလိုက်လေသည်။
“ ကျွန်မ မှားသွားတယ်၊
သတိမထားမိလိုက်ဘူး”
ထိုရဲရဲတောက်ယောကျ်ားသည်
သူမ၏သဘောထားကို တော်တော်ကျေနပ်သွားပုံရသည်။ ဖိုင်ကို သဘောထားကြီးကြီးဖြင့်
ပြန်ချထားလိုက်ပြီး “ ပြောင်းပြီးသွားရင် ဒီအလုပ်ကို ပြန်ယူလာခဲ့”
ရန်လျန်သည် ဒေါသထွက်ထွက်ဖြင့်
ပြတင်းပေါက်ဘက်သို့ ကြည့်နေလိုက်သည်။ သူမသည် ရှုံးသွားမှာကြောက်သလို သူ့ကို
လက်သီးတစ်ချက် ပစ်ကျွေးချင်လိုက်တော့သည်။
မကြာမီ ကားသည် ဟော်တယ်ပုံစံ
တိုက်ခန်းတစ်ခုရှေ့တွင် ရပ်သွား၏။
ကျန်းယွိနန်သည် ဦးစွာ
ကားပေါ်ကဆင်းလိုက်လေသည်။
ရန်လျန်သည် ရှေ့ကဒရိုင်ဘာဘေးခုံကို
တမင်ရှောင်ခဲ့ခြင်းဖြစ်၏။ ကျန်းယွိနန်ကားပေါ်က ဆင်းသွားသည်နှင့် အိမ်သို့ ဖုန်းပြန်ခေါ်လိုက်လေသည်။
သို့သော် နံပါတ်ကို နှိပ်လိုက်ချိန်ပင်
မရလိုက်ပေ။ သူမဖက်က တံခါးသည် ရုတ်တရက်ပွင့်သွား၏။
ပွင့်သွားသည့်တံခါးမှ ရန်လျန်သည်
ရှေ့သို့ကြည့်လိုက်ရာ ကျန်းယွိနန်က သူမအား စောင့်နေသည်ကို တွေ့လိုက်ရသဖြင့် သူမ
ပြောလိုက်၏။
“ ကျွန်မ လေဆိပ်ရောက်မှ သန့်ရှင်းရေးလုပ်လိုက်မယ်”
ထိုယောက်ျားက
‘မရဘူး’တစ်ခွန်းသာပြောပြီး သူမကို လှမ်းဆွဲထုတ်လိုက်လေသည်။
ရိုးရှင်းပြီးမြန်ဆန်သည့် လှုပ်ရှားမှုက သူမကို ငြင်းဖို့ရာ အခွင့်ပေးချေ။
မကြာမီတွင် ဓာတ်လှေကားသည်
သူတို့နှစ်ယောက်ကို သူ့အိမ်တံခါးဝဆီသို့ တန်းပို့ပေးလိုက်တော့သည်။
ရန်လျန်သည် တံခါးဖွင့်ကာ အခန်းထဲသို့
ဝင်လိုက်သည်နှင့်တပြိုင်နက် ပတ်ဝန်းကျင်ကို အလိုလို ကြည့်လိုက်မိ၏။ အိမ်ထဲတွင်
ချက်ပြုတ်ထားသည့် အရိပ်ရောင်မရှိသည့် မီးဖိုခန်းတစ်ခုရှိပြီး အခန်းမှာ
ဖုန်များဖြင့် ပြည့်နေကာ ကြမ်းပြင်ကလည်း ညစ်ပတ်နေသည်။ ဒီနေရာတွင် တစ်စုံတစ်ယောက်က
ရေရှည်နေထိုင်နေသည့် အရိပ်အရောင် မတွေ့ရပေ။
ရန်လျန်သည် ဇိမ်ခံပစ္စည်းအားကို
တွေ့လိုက်ရကာ အံ့ဩသွားသည့်တိုင် ပရိဘောဂများကလည်း အသုံးမပြုထားသည်ကို
မြင်လိုက်ရတော့ ရုတ်တရက် မင်တက်သွားတော့သည်။
“ ရှင်ဘာလုပ်နေတာလဲ”
ကျန်းယွိနန်သည် ကြားလိုက်သော်လည်း
သူလုပ်နေသည့်အရာကိုတော့ ရပ်မပစ်လိုက်ပေ။
သူမ၏ အလန့်တကြား စိတ်ရှုပ်သွားသည့် အခြေအနေနှင့်ဆန့်ကျင်စွာ
သူသည် တည်တည်ငြိမ်ငြိမ် ဖြစ်နေပြီး သူမကို လှမ်းကြည့်လိုက်လေသည်။ ထို့နောက်
သူ့နက်တိုင် ကို ဖြုတ်လိုက်ပြီး ဆိုဖာပေါ်သို့ ပစ်တင်လိုက်၏။
ရန်လျန်သည် သူ့သဘောထားကြောင့်
အံ့ဩသွားတေ့သည်။ တစ်ချက်အကြည့်မှာပင် သူသည် ထူးထူးခြားခြား တည်ငြိမ်နေ၏။ သူမသည်လည်း
တည်ငြိမ်အောင် နေလိုက်ပြီး သူ့အဖော်အချွတ်ရှိုးကို အသိအမှတ် မပြုလိုပေ။ သို့နှင့်
သန့်စင်ခန်းကို ရှာရန် သူ့ကို ကျောပေးလိုက်တော့သည်။
ကျန်းယွိနန်သည်
ခေါင်းလေးတစ်ချက်မမော့ဘဲ သူမ၏အကြပ်အတည်းကို ဖြေရှင်းလိုက်လေသည်။
“အိပ်ခန်းထဲကိုသွားလိုက်၊
ညာဖက်ချိုးပြီး အစွန်ဆုံးမှာ မင်းရှာနေတဲ့ သန့်စင်ခန်းရှိတယ်”
သန့်စင်ခန်းသည် စင်ပေါ်တွင်
မဖောက်ရသေးသည့် တကိုယ်ရေးသုံးပစ္စည်းများရှိပြီး ဟော်တယ် သန့်စင်ခန်းတစ်ခုနှင့်
တူလေသည်။ ရန်လျန်သည် သည်အခန်းကို သုံးမှသုံးရဲ့လားဟု စဥ်းစားမိလိုက်၏။ ထို့နောက်
သွားတိုက်ရန် အိတ်ကို ဖွင့်လိုက်တော့သည်။
သူမ၏မျက်နှာကို မှန်ထဲတွင်
မြင်လိုက်ရပြီးနောက် ရန်လျန် အားပျက်သွားတော့သည်။ သို့သော် သူမ ဘာကြောင့်
ဒီလိုခံစားနေရသည်ကိုတော့ မသိပေ။ ခေါင်းခါလိုက်ပြီး ပါးစပ်ဆေး၊
မျက်နှာသစ်လိုက်ပြီးနောက် ဘာမှ မစဥ်းစားမိအောင် ကြိုးစားလိုက်တော့သည်။
သို့သော် သူမ၏ခေါင်းကို
မော့လိုက်သည်နှင့် တံခါးနားတွင်ရပ်နေသည့် ကျန်းယွိနန်၏ပုံရိပ်ကို မှန်ထဲတွင်
တွေ့လိုက်ရ၏။
ရန်လျန်သည် သူမ၏မျက်လုံးကို ရေဖြင့်
ပက်လိုက်ပြီး သူမ၏အမြင်အာရုံသည် မပီသသော်လည်း ဒီလူတွင်
အလွန်ထူးခြားသည့်မျက်လုံးများ ရှိသည်ကိုတော့ သူမ အမြဲလိုလို ခံစားမိနေသည်။
ဒီမျက်လုံးများသည်
ဆွဲဆောင်မှုရှိရုံသာမက အင်မတန်မှလည်း ကြောက်စရာကောင်းနေ၏။
ရန်လျန်သည် မျက်နှာသုတ်ရန် တာဝါကို
ယူလိုက်ပြီး ရေချိုးခန်းမှ ထွက်ရန် ပြင်လိုက်တော့သည်။
ရေချိုးခန်းတံခါးသည် ကျဥ်းပြီး
အရပ်မြင့်မြင့်ယောက်ျားတစ်ယောက်က ထိုနေရာတွင် ရပ်နေ၏။ ရန်လျန်သည် သူမ၏ကိုယ်ကို
တစ်ခြမ်းစောင်းလိုက်မှသာ အပြင်သို့ ထွက်နိုင်ပေမည်။
သူမသည် သူနှင့် အလွန်နီးကပ်နေပြီး
သူ့ထံမှာ ကော်ဖီနံ့ကို ရနေ၏။
ဒီလူ၏ အေးစက်စက်အကြည့်အောက်တွင် သူမသည်
ဒီကျပ်ညှပ်နေသည့်နေရာလေးထဲမှ ကိုယ့်ဟာကိုယ် ဂရုတစိုက် ကြိုးစားထွက်လိုက်လေသည်။
ထိုနောက်တွင်တော့ သူသည် ရေချိုးခန်းထဲသို့ ဝင်သွားတော့သည်။
“ ငါ ရေချိုးလိုက်အုံးမယ်”
ရန်လျန်သည် သူ့အား ကျောပေးထားရင်းမှ
ခဏလောက်ရပ်နေရင်း ရေဖွင့်ချသံ ကြားလိုက်ရတော့သည်။ သူမ၏နာရီကို ကြည့်လိုက်ပြီး
သူ့အား အချိန်မဆွဲဖို့ ပြောမည်ပြင်လိုက်ပြီးမှ ပြန်စဥ်းစားမိသွားသည်။ သူဌေးတောင်
လေယာဥ်မမီမှာ မကြေောက်တာ ငါက ဘာလို့ စိုးရိမ်နေရမှာလဲ။
သူမသည် ထွက်လာခဲ့တော့သည်။
ကျန်းယွိနန်က ရုတ်တရက်
အမိန့်ပေးလိုက်၏။
“ ကျေးဇူးပြုပြီး တံခါးပိတ်သွားပေးပါ”
ရန်လျန်သည် တံခါးကို
ဆွဲပိတ်လိုက်လေသည်။ မျှော်လင့်မထားဘဲ တံခါးက ပိတ်မသွားပေ။ သူပြောလိုက်သံကို သူမ
ကြားလိုက်ရပြန်သည်။
“ အိပ်ခန်းထဲသွားပြီး ငါ့
ဝတ်စုံထုတ်ထားပေး”
ရန်လျန်သည် တတိယမြောက် စကားကို
ကြားလိုက်ရချိန်၌ တံခါးပေါ်က သူမ၏လက်မှာ တောင့်တင်းသွားတော့သည်။
“ ငါ မနက်စာ ၂ပွဲမှာထားတယ်၊ မင်း
ဖွင့်ထားပေးလို့ရမလား”
ရန်လျန်သည် သုံးစက္ကန့်လောက်အချိန်ယူကာ
ကိုယ့်ဟာကိုယ် စိတ်တည်ငြိမ်အောင် လုပ်လိုက်ရသည်။
သို့သော် စိတ်က မတည်ငြိမ်သည်ကိုလည်း
တွေ့လိုက်ရ၏။
ကျဥ်းကျပ်သည့် ရေချိုးခန်းအတွင်း
ရန်လျန်သည် ကျန်းယွိနန်ဆီ ချက်ချင်းရောက်သွားပြီး သူ့လည်ပင်းကို တာဝါဖြင့်
ဆွဲဖမ်းလိုက်ကာ
“ မလွန်လာနဲ့”
…
ဒီလူသည် ဒေါသထွက်ဟန်မပေါ်ပေ။ သူမက သူ့အား ပါးကိုက်နားကိုက်ဖို့
ကြိုးစားလိုက်တာတောင် သူသည် မတုန်မလှုပ်ပြုံးလိုက်ပြီး “ ဒါလေးက
ခြင်္သေ့ပေါက်လေးရဲ့ ဒေါသလား”
“ ကျွန်မရှင့်ကို အချိန်အကြာကြီး သည်းခံလာပြီးပြီ၊ ရှင့်ကိုယ်ရှင်
ဘာထင်နေတာလဲ၊ ကျွန်မက အထက်တန်းအလုပ်ရှင်တစ်ယောက် မဟုတ်ဘူးလား”
သူ့မျက်လုံးများသည် ပြုံးနေဆဲ။
“ မင်း ငါနဲ့ ပြိုင်နိုင်ပြီဆိုတဲ့အခါကျမှ ဒီစကားလာပြော”
“ ရှင့်သခင်ကိုပြောလိုက် ကျွန်မ အလုပ်ထွက်ပြီလို့”
ရန်လျန် ဆဲရေးလိုက်တော့သည်။
ကျန်းယွိနန်က သူမကို နောက်သို့ ပြန်ဆွဲလိုက်ချိန်တွင်ပင်
သူမ၏ခြေလှမ်းများသည် နောက်သို့ နှစ်လှမ်းပင် ဆုတ်မလာချေ။
ရန်လျန်သည် တော်ရုံဒေါသထွက်တတ်သူ မဟုတ်ပေ။ သူက သူမကို
လှမ်းဆွဲလိုက်သည်နှင့် တပြိုင်နက် သူ့ကို ရင်ဆိုင်လိုက်ပြီး သူ့လက်မောင်းကို
ကိုက်ဖို့ ကြိုးစားလိုက်တော့သည်။
သူမ သူ့ကို ကိုက်လိုက်သဖြင့်
စုတ်သပ်သံထွက်လာရာ ရန်လျန် ကျေနပ်သွားတော့သည်။ ရန်လျန် သူ့အား
အထင်သေးစွာကြည့်လိုက်၏။ သူလည်း သူမလက်ကို လွှတ်ပေးလိုက်တော့သည်။
ရုတ်တရက်ဆိုသလို သူ့လက်မောင်းများဖြင့် ရန်လျန်၏ခါးကို
သိုင်းဖက်လိုက်ချိန်၌ အိပ်ခန်းထဲသို့ ခက်ခက်ခဲခဲဖြင့် ထွက်လာရတော့သည်။ ထိုလူ၏လက်မောင်းကြွက်သားများသည်
သူမ၏ခါးကို ရုတ်တရက် တင်းအောင်ဖက်လိုက်သည်ကို သိသိသာသာ ခံစားလိုက်ရသဖြင့် အော်မိလိုက်ပြီးနောက်
အိပ်ရာဘေးသို့ ထိုင်ချရန် ဖိအားပေးခံလိုက်ရတော့သည်။
ရန်လျန်သည် မတ်တပ်ရပ်ဖို့ ကြိုးစားလိုက်သော်လည်း ကျန်းယွိနန်က သူမကို
ပြန်ဖမ်းလိုက်ကာ ပခုံးမှ ဖိချလိုက်ပြီး သူမကို ပြန်ထိုင်ခိုင်းတော့သည်။
“ မင်း စမ်းကြည့်ချင်လား၊ ယုံ မယုံတော့မသိဘူး ငါမင်းကို ဒီနေရာမှာတင်
ချည်ထားခဲ့နိုင်တယ်”
သူသည် ရက်စက်တော့မည့်နှယ် ပြောလိုက်လေသည်။
ရန်လျန်သည် ဤသို့ပြင်းထန်သည့် တုန့်ပြန်မှုကို မမျှော်လင့်ခဲ့သည်က
အမှန်။ အနည်းငယ် ကြောက်သွားသော်လည်း နှုတ်ခမ်းကိုသာ ကိုက်ထားပြီး နောက်သို့
ခြေလှမ်းတစ်ဝက်ပင် မဆုတ်လိုက်ချေ။
“ ကျွန်မက ရှင့်မယားငယ်မဟုတ်ဘူး၊ ရှင့်ကို ပြုစုပေးဖို့ တာဝန်မရှိဘူး”
ကျန်းယွိနန်သည် သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် အဖြေရှာမရဖြစ်သွားပြီး
သူ့ခေါင်းကိုသာ တွင်တွင်ခါမိတော့သည်။
ကျန်းယွိနန်၏လက်သည် သူမ၏ပခုံးကို ထပ်ဖိထားပြီး သူမ ပြန်မတိုက်ခိုက်မှာ
သေချာသွားမှ, အဝတ်ဗီဒိုကို ဖွင့်ကာ အဝတ်စားတစ်ချို့ကို ထုတ်ယူလိုက်တော့သည်။
ကျန်းယွိနန်သည် အဝတ်စားလဲ၊ နက်တိုင်ချည်ပြီး ပြန်လှည့်လာချိန်၌
ရန်လျန်က သူမကိုယ်သူမ ဖက်ထားကာ မျက်နှာကို တစ်ဖက်လွဲထားသည်ကို မြင်လိုက်ရ၏။
သူမ၏ပုံစံကြောင့် တနည်းနည်းဖြင့် ရင်ထဲလှုပ်ရှားသွားပြီး အနားသို့ ကပ်သွားလိုက်၏။
ရန်လျန်သည် သူမအား ထပ်အနိုင်ကျင့်တော့မည်ဟု ရုတ်တရက်ထင်လိုက်ပြီး အေးစက်စက်မျက်နှာထားဖြင့်
မတ်တပ်ရပ်ကာ ထွက်လာလိုက်သည်။
သူသည် သူမရှေ့တွင် လက်ပိုက်ထားပြီး သူ့လက်ပေါ်က သွားရာက
သွေးထွက်နေလေသည်။
“ မင်းက တကယ်ပဲ ခြင်္သေ့လား”
သူ့လက်သည် သူမကို ထပ်ဆွဲထား၏။ ရန်လျန်သည် ပြန်တွန်းထုတ်ရန်
ကြိုးစားပါသော်လည်း အားမမျှရာ သူမကသာ သူ့အနားသို့ ဆွဲခေါ်ခံလိုက်ရပြီး
သူ့ရင်ခွင်ထဲ ချက်ချင်းရောက်သွားတော့သည်။
“ ငါက ရသမျှ ပြန်ပေးရမယ်လို့ အမြဲလက်ခံထားတာ၊ အင်း ငါလည်းမင်းကို
ပြန်ကိုက်ရမယ်ထင်တယ်၊ ဘယ်နေရာကို ကိုက်ရင်ကောင်းမလဲ”
သူ့မျက်လုံးများသည် သူမ၏ခန္ဓကိုယ်ပေါ်တွင် ရစ်ဝဲနေပြီး
နေရာကောင်းတစ်ခုကို အမှန်ပင် ရှာနေသည့်နှယ်။
နောက်ဆုံး သူ့မျက်လုံးများသည် သူမ၏နှုတ်ခမ်းပေါ်သို့
ရောက်သွားတော့သည်။
ဒီအရိပ်အရောင်သည် အလွန်အန္တရာယ်များသော်လည်း သူမ၏ခန္ဓာကိုယ်သည့်
ရှေ့သို့ရောက်နေရာ ပြန်တွန်းထုတ်ဖို့ရာ မတတ်နိုင်ဘဲ ဖြစ်နေတော့သည်။
သူ တစ်စင်တီမီတာလောက် ရွေ့လိုက်ပြီလား။
ဒါမှမဟုတ် စင်တီမီတာဝက်လား။
အချိန်မှီလေးပင်။ အိပ်ခန်းတံခါး ဖွင့်လိုက်သံကို ကြားလိုက်ကြလေသည်။
နှစ်ယောက်လုံး တောင့်တင်းသွား၏။
တံခါးဖွင့်သံနောက်တွင် ခြေလှမ်းများ နီးလာသံကို ကြားလိုက်ရပြီးနောက်
အတွင်းရေးမှူးလီ၏ အသံထွက်လာတော့သည်။
“ မစ္စတာကျန်း အခုမသွားရင် လေယာဥ်မှီတော့မှာ မဟုတ်ဘူး....”
...
No comments:
Post a Comment