အပိုင်း (၃၁) ဆင်းရဲသားနှစ်ယောက်
ရှန်ယွဲ့သည်
ခပ်တောင့်တောင့်ဖြစ်နေသည့် ရှန်ချန်ကို ဖုန်းဆိုင်ထဲမှ ဆွဲထုတ်လိုက်သည်အထိ
အရောင်းစားရေးမလေးက နောက်မှနေ၍ စိတ်အားထက်သန်စွာ အော်ပြောလိုက်သေးသည်။
“ အားပေးတဲ့အတွက်
ကျေးဇူးတင်ပါရှင်၊ နောက်တစ်ခါလည်း လာခဲ့ပါအုံးရှင့်”
သည်အခိုက်တွင်
ရှန်ချန် လက်ထဲက ဖုန်းကို ချိန်ကိုက်ဗုံးတစ်လုံးလို မြင်ယောင်နေမိတော့သည်။ နောက်ဆုံး
သူတို့သည် ဖုန်းဆိုင်မှ ထွက်လာချိန်၌ ရှန်ချန်က မပျော်မရွှင်ဖြင့်
မေးလိုက်တော့သည်။
“အစ်မ နင်
ဒီပိုက်ဆံတွေကို ဘယ်ကရတာလဲ၊ ငါ့ကို မြန်မြန်ပြောစမ်းပါ၊ ငါတို့တွေ ပိုက်ဆံပြန်ပေးဖို့
အချိန်ရှိသေးတယ်”
ရှန်ချန်သည်
အလွန်စိုးရိမ်နေတော့သည်။ ဒီပိုက်ဆံတွင် ရှန်ယွဲ့က ချေးလာတာဖြစ်ဖြစ်
ခိုးတာပဲဖြစ်ဖြစ် စျေးကြီးတဲ့ဖုန်းဝယ်ဖို့ သုံးလိုက်မှန်း အမေသာသိရင် သူတော့
အသေရိုက်ခံရတော့မှာပဲ။
“ ငါက ပိုက်ဆံကို
တရားမဝင်နည်းလမ်းသုံးပြီး ရှာတဲ့သူပုံ ပေါက်နေလို့လား”
ရှန်ယွဲ့သည် ရယ်ရခက်
ငိုရခက် ဖြစ်သွားတော့သည်။ မသက်မသာဖြစ်နေသည့် ရှန်ချန်ကို ကြည့်လိုက်ပြီး သူမ
လေးလေးနက်နက် ပြောလိုက်တော့သည်။
‘ ဒီငွေက ငါ့လုပ်အား ဉာဏ်ပညာနဲ့ ရှာထားတာဆိုတာ နင့်ကို အာမခံတယ်၊ ဒါက
တရားဝင်ပိုက်ဆံ၊ နင်ရှာထားတဲ့ ငွေကို နင်ကြိုက်သလိုသုံးလို့ရတယ်၊ အရမ်း
စိုးရိမ်မနေနဲ့”
“အင်းပါ”
ရှန်ယွဲ့၏
ယုံကြည်မှုရှိသည့် အမူအရာကို မြင်လိုက်ပြီးနောက် ရှန်ချန် ပြောမည့်စကားကို
မျိုသိပ်လိုက်တော့သည်။
ရှန်ယွဲ့သည်
ခက်ခဲလှသည့်ပုစ္ဆာကိုပင် ဖြေနိုင်သူဖြစ်ရာ ငွေရှာဖို့ရန် ခက်ခဲမည်မဟုတ်ဟု
တွေးလိုက်တော့သည်။ သို့မှသာ သူသည် အနည်းငယ်စိတ်အေးသွားပြီး ရှန်ယွဲ့နောက်
ဒုတိယအထပ်သို့ လိုက်သွားလေသည်။
“ ဘာဖြစ်လို့လဲ၊
ပြီးခဲ့ရက်တုန်းကပဲ နင်ပြောခဲ့တယ်လေ၊ နောက်ဆို ငါချမ်းသာလာရင် နင့်ကို
ဘဝကောင်းကောင်းမှာ ထားပေးပါဆို၊ အခုကျတော့ ဘာလို့ လက်မခံနိုင်တော့တာလဲ”
ရှန်ယွဲ့သည်
စိတ်ပျော်နေပြီး ရှန်ချန်ကို စကားပြောရင်း ရင်းနှီးပြီးသား နောက်ဆုံးပေါ်
အဝတ်အစားတံဆိပ် ဆိုင်တစ်ခုထဲ ဝင်သွားလိုက်လေသည်။
ရှန်ချန်သည် သူ့အစ်မက
ရုတ်တရက်ချမ်းသာလာသည်ကို အိပ်မက်ဟု ထင်နေဆဲ။ သူသည် ရှက်ရွံ့ကာ ပြောလိုက်လေသည်။
“ ငါ - ငါက
ဟာသပြောလိုက်တာ.....”
တကယ်တော့ ပြီးခဲ့တဲ့
ရက်တုန်းကမှ ထမင်းတစ်နပ်စာတောင်မတတ်နိုင်ခဲ့တဲ့ အဲလောက်ဆင်းရဲတဲ့ ရှန်ယွဲ့က
ဒီနေ့ကျတော့ မျက်တောင်မခတ်ဘဲ သောင်းကျော်တန်ဖုန်းကို ဝယ်နိုင်လိမ့်မယ်လို့ ဘယ်သူက
ထင်ထားမှာလဲ။
ကောင်းကင်နှင့်
မြေကြီးလောက်ခြားနားသည့် ဧရာမကွာခြားချက်သည် ရှန်ချန်ကို သတိလစ်သွားမတတ် ခြောက်လန့်နေတော့သည်။
ရှန်ယွဲ့သည် သူမဘေးက
စင်ပေါ်တွင် ပြသထားသည့် အပြာနုရောင် အားကစားဝတ်စုံကို ပုံမှန်အတိုင်း
လှမ်းယူလိုက်ပြီး ရှန်ချန်နှင့် တိုင်းကြည့်လိုက်သည်။ ရှန်ချန်၏ပုံစံနှင့်
သိပ်မလိုက်သလို ခံစားလိုက်ရပြီး စင်ပေါ်တွင် ပြန်ထားရန်ပြင်လိုက်စဥ် ဘေးမှ အလွန်သူစိမ်းဆန်သည့်
အသံတစ်ခုကို ကြားလိုက်ရတော့သည်။
“ နင်တို့
ညစ်ပတ်နေတဲ့လက်နဲ့ အဝတ်အစားတွေကို မကိုင်နဲ့စမ်း”
သူတို့နှစ်ယောက်
ပြန်ပြောနိုင်ခင်မှာပင် ပိန်ပိန်ရှည်ရှည် အရောင်းဝန်ထမ်းတစ်ယောက်က
မြန်မြန်ပြေးလာလေသည်။ သူ့လယ်သာဖိနပ်သည် သစ်သားကြမ်းပြင်ပေါ်တွင် တရှပ်ရှပ်မြည်သံထွက်နေ၏။
ထိုအမျိုးသားအရောင်းစာရေးသည် ရှန်ယွဲ့လက်ထဲက အင်္ကျီကို လုယူလိုက်ပြီး
ဆိုးဆိုးဝါးဝါး ပြောလိုက်လေသည်။
“ မင်းမတတ်နိုင်ရင်
မထိနဲ့”
“ ဘယ်သူက
မတတ်နိုင်တာလဲ”
ရှန်ယွဲ့သည်
ဆိုင်ထဲဝင်ဝင်ချင်း အလွန်ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံခံလိုက်ရသဖြင့်
သူမ၏မျက်နှာမှာ မဲမှောင်သွားတော့သည်။
ထိုအရောင်းဝန်ထမ်းသည်
အားကစားဝတ်စုံကို စင်ပေါ်တွင် ဂရုတစိုက် ပြန်ချိတ်ထားလိုက်ပြီး သူ့မျက်မှန်ကို
ပြင်လိုက်ကာ ရှန်ယွဲ့နှင့် ရှန်ချန်ကို ခေါင်းအစခြေအဆုံး အထင်းသေးစွာ
ကြည့်လိုက်လေသည်။ သူသည် နှာခေါင်းကို ပိတ်ထားလိုက်ပြီး မဲ့ရွဲ့ကာ ပြောလိုက်လေသည်။
“ ဆင်းရဲသားနှစ်ယောက်၊
အမှိုက်နဲ့ ဖုံးနေတဲ့ ချဥ်ဖတ်တွေကများ ယွမ်ထောင်ကျော်တဲ့ အဝတ်အစားကို
တတ်နိုင်တယ်လို့ ပြောနေတယ်တဲ့ ဟာသပဲ”
အရောင်းဝန်ထမ်းသည်
ပြောရင်းဆိုရင်း လက်ချောင်းများကို ကနွဲ့ကလျထောင်ကာ တံခါးဖက် ညွှန်ပြလိုက်လေသည်။
“ ဒီမှာ နင်တို့လိုချင်တဲ့
အမှိုက်မရှိဘူး၊ မြန်မြန်ထွက်သွားကြ”
ရှန်ချန်သည်
သည်လိုမဆင်မခြင်ပြောတတ်သူကို ပထမဆုံးအကြိမ် မြင်ဖူးလိုက်ခြင်းဖြစ်လေသည်။
သူ့မျက်လုံးများ ဝိုင်းစက်သွားတော့သည်။ ငါတို့မောင်နှမက မချမ်းသာဘူးဆိုပေမယ့်
သူတို့တွေ အခုလေးတင် ယွမ် ၃သောင်းတန် ဖုန်းဝယ်လာခဲ့တာလေ၊ ဒီလို ထောင်ကျော်တန်
အဝတ်အစားကို မတတ်နိုင်ဘူးလို့ ဒီယောက်ျားအရောင်းဝန်ထမ်းက ဘာကြည့်ပြီးပြောတာလဲ။
ရှန်ယွဲ့၏စကားနှင့်
စျေးကြီးဖုန်းကို ပေးဝယ်ခဲ့ခြင်းက သူ့အား သတ္တိများကို ထုတ်ပေးလိုက်ဟန်တူသည်။
ရှန်ချန် ဒေါသတကြီး ပြန်ငြင်းလိုက်၏။
“ ကျွန်တော်တို့
မထွက်သွားဘူး၊ ကျွန်တော့်အစ်မ တတ်နိုင်တယ်”
ရှန်ယွဲ့သည်
ယောက်ျားအရောင်းဝန်ထမ်း၏ ဘဝင်မြင့်နေသည့်ပုံကို တစ်ချက်ကြည့်ရုံနှင့်
မြင်လိုက်လေသည်။ သူသည် နောက်ဆုံးပေါ် အဝတ်အစား
အရောင်းဝန်ထမ်းတစ်ယောက်ဖြစ်သည်ဆိုရုံဖြင့် တခြားလူများကို အထင်သေးတတ်သည့်
ငဖားတစ်ကောင်ဖြစ်သည်။
သူမ၏မျက်လုံးများသည်
အလွန်အေးစက်နေရာ ထိုယောက်ျားအရောင်းဝန်ထမ်းက သူ့ဆံပင်များ ထောင်တက်သွားသည်ဟု ပင်
ခံစားလိုက်ရတော့သည်။
“ ငါတို့မှာ
ပိုက်ဆံမရှိရင် ဝင်မကြည့်ရတော့ဘူးလား၊ ဒီစည်းကမ်းကို ဘယ်သူထုတ်ထားတာလဲ၊ နင်လား”
“ ငါ ထုတ်ထားတာ၊
ဘာဖြစ်လဲ၊ နင်တို့လို တောသားတွေက ဆိုင်ထဲက အဝတ်အစားတွေကို ညစ်ပတ်အောင်
လုပ်မှာစိုးလို့ဟေ့၊ တခြားဧည့်သည်တွေလာလို့ ဆိုင်ထဲမှာ နင်တို့လို
ခြေသလုံးအိမ်တိုင်တွေကိုတွေ့သွားရင် ငါတို့နာမည်နဲ့ အဆင့်အတန်း
ပျက်စီးသွားလိမ့်မယ်”
ထိုယောက်ျားအရောင်းဝန်ထမ်းသည်
ရန်လိုနေတော့သည်။ သူသည် ခါးထောက်ကာ မတူမတန်သလို ရိုင်းရိုင်းစိုင်းစိုင်း
ကြည့်နေတော့သည်။
“ နင်တို့တွေ ငါ့ကို
ဆက်ပြီး နှောင့်ယှက်မယ်၊ ထွက်မသွားဘူး၊ ငါ့အလုပ်ကို နှောင့်နှေးအောင်လုပ်နေရင် နင်တို့ကို
မောင်းထုတ်ပစ်ဖို့ လုံခြုံရေးကို ခေါ်ရလိမ့်မယ်”
...
🍀
No comments:
Post a Comment