အပိုင်း (၃၀) ဖုန်းတစ်လုံးဝယ်ခြင်း
“ ဟင် တကယ်နော်....”
ရှန်ယွဲ့က ခြေလှမ်းကျဲများဖြင့်
ဝင်သွားသည်ကိုကြည့်လိုက်ပြီး ရှန်ချန်မှာ ခေါင်းကုတ်ရင်း သတ္တိမွေးကာ မြန်မြန်
လိုက်သွားလိုက်တော့သည်။ တစ်ချိန်ထဲတွင် သိလိုစိတ်ဖြင့် သတိထားကာ ဘေးဘီကို
ပတ်ကြည့်လိုက်လေသည်။
စျေးဝယ်စင်တာ၏ မြေညီထပ်တွင် အရောင်းသွက်သည့်
တံဆိပ်အချို့ကို တင်ထား၏။ အလုပ်ဖွင့်ရက်နှင့် ကြုံနေသည်ဖြစ်ရာ စျေးဝယ်စင်တာထဲတွင်
စျေးဝယ်သူများ မရှိဘဲ ရှင်းလင်းနေသည်။
ဆိုင်တိုင်းတွင် အရောင်းဝန်ထမ်းများက ဝင်ပေါက်တွင် ရပ်ကာ
ထိုမောင်နှမကို တမင်ဖြစ်စေ အမှတ်တမဲ့ဖြစ် အကဲခတ်နေကြသည်။ သူတို့၏
ဟောင်းနွမ်းနေသည့် အဝတ်အစားနှင့် တောဆန်ဆန်အသွင်ပြင်က သူတို့တွင် များများ စားစား
သုံးစွဲစရာမရှိကြောင်း သိသာနေသည်။ အထင်သေးသည့် အကြည့်တို့ဖြင့်
ကြည့်လိုက်ပြီးနောက် သူတို့သည် မောင်နှမနှစ်ယောက်ကို လေလို သဘောထားလိုက်ကြတော့သည်။
ရှန်ချန်သည် သူ့ပတ်ဝန်းကျင်က လူများ၏
အကဲခတ်ခံရခြင်းနှင့် ရန်စ,ခံရခြင်းအပေါ် အလွန်အထိမခံဖြစ်တတ်သည်။ သူသည် ခေါင်းကို
ငုံံ့ကာ ကြက်ပေါက်လေးတစ်ကောင်လို ရှန်ယွဲ့နောက် တွန့်ဆုတ်တွန့်ဆုတ်နှင့်
လိုက်လာခဲ့၏။ ရှန်ယွဲ့နှင့် အမှီလိုက်ရန် သူ့ခြေလှမ်းကိုလည်း ညှိလိုက်သေးသည်။
မိနစ်အနည်းငယ် လျှောက်လာပြီးနောက် နောက်ဆုံးတွင်
တော်တော်ကြီးမားသည့် ဖုန်းဆိုင်တစ်ခုကို တွေ့သွားတော့သည။ ရှန်ယွဲ့သည်
စိတ်လှုပ်ရှားသွားပြီး ရှန်ချန်ကို ဆွဲကာ ဝင်သွားလိုက်၏။
သူမ သုံးနေသည့်ဖုန်းမှာ ဆယ်စုနှစ်တစ်ခုလောက်
ဟောင်းနွမ်းနေသည့် ခလုတ်နှိပ်ရသည့် ဖုန်းဖြစ်လေသည်။ ဖုန်းထဲတွင် စာလက်ခံသည့်
ဖန်ရှင်ကလွဲလျှင် ဘာမှမပါချေ။ ရှန်ချန်က နည်းနည်းပိုကောင်းသည်။ သူသည် ဆွန်းလင်
သုံးနှစ်လောက် သုံးခဲ့သည့် touch screen ဖုန်းလေးကို သုံးရသည်။ ဖုန်းမှာ နှေးသည့်အပြင်
အင်တာနက် လိုင်းဆွဲအားကလည်း ညံ့သည်။
ကိုယ်တွယ်ရလွယ်ကူသည့် ဆက်သွယ်ရေးပစ္စည်းတစ်ခုရှိခြင်းက
လူနေမှုအဆင့်အတန်းကို ကြီးကြီးမားမား တိုးတက်စေမည်မှာ သံသယဖြစ်ရန် မလိုချေ။
ထို့ကြောင့် ရှန်ယွဲ့သည် ဝင်လာသည်နှင့်ချက်ချင်း တွေဝေမနေဘဲ ပြောလိုက်တော့သည်။
“ ဒီဆိုင်က စျေးအကြီးဆုံးနဲ့ အကောင်းဆုံး ဖုန်းနှစ်လုံး
လိုချင်တယ်”
အလုပ်ရောက်လာပြီးဖြစ်ရာ အရောင်းဝန်ထမ်းသည်
မြန်မြန်ထွက်လာပြီး သူ့ကို ကြိုဆိုလိုက်လေသည်။ သူမသည် ရှန်ယွဲ့နှင့် ရှန်ချန်ကို
မြင်လိုက်ချိန်၌ မယုံနိုင်သလိုဖြစ်သွားတော့သည်။
ဒီဆင်းရဲသား ကျောင်းသားနှစ်ယောက်က အကောင်းဆုံး
စျေးအကြီးဆုံးဖုန်းကို လိုချင်တယ်တဲ့။ သူတို့တွေ လေလုံးထွားနေတာပဲ။ သူတို့တွေ ငါ့ကို
တမင်ဟာသ လာလုပ်နေကြတာလား။
သို့သော်ငြား ကျွမ်းကျင်သူပီပီ အရောင်းစာရေးမလေးသည်
ကောင်တာထဲက ဖုန်းတစ်လုံးကို မြန်မြန်ထုတ်လိုက်ပြီး သူတို့နှစ်ယောက်ကို
ပြလိုက်လေသည်။
“ ဒါက ကျွန်မတို့ဆိုင်ရဲ့ flagship ဖုန်းလေ၊
လုပ်ဆောင်ချက်ကအစ အားလုံးကောင်းတယ်၊ ပြီးတော့ အရမ်းလည်း သက်သာတယ်၊ စျေးနှုန်းက
ယွမ် 6,899 ပဲရှိတာ၊ ဒါကို အရစ်ကျနဲ့လည်း ဝယ်လို့ရတယ်”
ယွမ်၆၀၀၀ကျော် ဟုတ်လား။ ဒါက သူ့မိဘတွေက တစ်လစာ ဝင်ငွေပဲ။
ရှန်ချန် အနည်းငယ် အံ့ဩသွားလေသည်။ ဝင်လာကတည်းက ဆုပ်ထားသည့်လက်သီးများမှာ
ချွေးထွက်လာတော့သည်။
သူ့အမက ဒီဖုန်းကို အရစ်ကျနဲ့ ဝယ်ချင်တာလား။ မိဘတွေ
ဆူဆဲတာခံရရင် ငွေပြန်အမ်းခိုင်းလို့ ရပါ့မလား။ ရှန်ချန်သည် စတင် ပူပန်လာတော့သည်။
ရှန်ချန် နှုတ်ဆိတ်နေသည်ကို တွေ့လိုက်သည့် ရှန်ယွဲ့က
ဖုန်းကို မကြိုက်ဘူးအထင်ဖြင့် ကောင်တာအလယ်တွင် ပြထားသည့် ပို၍ တောင့်တင်းပြီး
ဒီဇိုင်းလှသည့်ဖုန်းကို လက်ညိုးထိုးကာ
“ ဒါဆိုရင်ကော”
“ ဒါက... ကျွန်မတို့ဆိုင်ရဲ့ အကောင်းဆုံးဖုန်းပါ၊
ပြီးခဲ့တဲ့ အပတ်မှ ထွက်ထားတဲ့ နောက်ဆုံးပေါ်နည်းပညာ ဖုန်းအသစ်လေ၊ ရေစိုခံပြီး
လုပ်ဆောင်ချက်ကတော့ ပြောစရာကိုမလိုဘူး၊ ကျွန်မတို့ဆိုင်မှာ ဆယ်လုံးပဲ ရှိတယ်”
အရောင်းစာရေးမလေးသည်အနည်းငယ် ရှက်ရွံ့နေပြီး
ရှန်ယွဲ့ထောက်ပြထားသည့် ကောင်တာအလယ်က ဖုန်းကို ထုတ်ပေးဖို့ စိတ်ကူးမရှိချေ။
“ ဒီဖုန်းရဲ့
အဓိက အဓိကဖောက်သည်တွေကတော့ ကိုယ်ရေးကိုယ်တာနဲ့ လုံခြုံရေးကို တန်ဖိုးထားကြတဲ့
စီးပွားရေးလုပ်ငန်းရှင်တွေလေ၊ စျေးနှုန်းက ယွမ် 15,999 ပါ၊ ညီမလေး
တစ်ခြားဟာတွေကိုလည်း ကြည့်ပါအုံးလား....”
ကိုယ်ရေးကိုယ်တာ လုံခြုံရေး
ဟုတ်လား။ ဒါက ငါလေးနဲ့ ကွက်တိပဲ။
ရှန်ယွဲ့သည် ထိုစကားကို
ကြားလိုက်သည်နှင့် ချက်ချင်း သဘောကျသွားတော့သည်။ ထို့အပြင် ဖုန်းသည် အဖြူတစ်လုံး၊
ပန်းရောင် တစ်လုံး၊ နှစ်လုံးရှိနေသည်။ သူမနှင့် ရှန်ချန်သည် တစ်ယောက်တစ်လုံးစီ ကိုင်လို့ရနိုင်သည်။
သို့နှင့် သူမ ချက်ချင်း ပြန်ဖြေလိုက်တော့သည်။
“ ကောင်းပြီ ဒါဆို ဒီနှစ်လုံးယူမယ်၊ ကတ်နဲ့ ရှင်းမယ်နော်”
“ ဟင် ၊ ဪ ဟုတ်ကဲ့ ခုပဲ ပြေစာ
ထုတ်ပေးပါမယ်နော်...” အရောင်းစာရေးမလေးက ပြန်မပြောနိုင်ခင်မှာပင် ရှန်ယွဲ့က
ဘဏ်ကတ်ကို ထုတ်လိုက်သည်ကို မြင်လိုက်ရပြီး ပြေစာထုတ်ပေးရန် မြန်မြန်
လုပ်လိုက်တော့သည်။
စခရင်ပေါ်တွင် ရှန်ယွဲ့က
သူမ၏ဘဏ်ကတ်ဖြင့် ယွမ် 30,000ကျော်ကို အောင်အောင်မြင်မြင် ပေးချေလိုက်သည်ကို
မြင်လိုက်ရတော့ အရောင်းစာရေးမလေးသည် သူမရှေ့က
ဆင်းရဲသားအထက်တန်းကျောင်းသားနှစ်ယောက်မှာ ကြွားလုံးထုတ်နေတာ မဟုတ်မှန်း
သိသွားတော့သည်။ သူတို့တွင် စျေးအကြီးဆုံးနှင့် အကာင်းဆုံးဖုန်းကို ဝယ်နိုင်သည့်
ငွေ အမှန်ပင် ရှိနေသည်။
ယွမ် 16,000တန် နောက်ဆုံးပေါ်ဖုန်းကို
သူတို့ဆိုင်မှာ မရောင်းရတာ တပတ်ကျော်ရှိသွားလေပြီ။ ဒီနေ့တော့
မျှော်လင့်မထားဘဲ ယွမ် 30,000ဖိုး မတော်တဆ
ရောင်းထွက်သွားတယ်။ စောစောက တဖက်လူမှာ ငွေမရှိဘူးလို့ ရူးရူးမိုက်မိုက်တွေးပြီး
စျေးပေါပေါဖုန်းတစ်လုံးကိုတောင် အထူးတလည် အကြုံပြုခဲ့လိုက်သေးတယ်။ အမှာစာကြီးတစ်ခုကို လွဲသွားတော့မလို့
တော်ပါသေးရဲ့။
ထိုသို့တွးရင်း
အရောင်းစာရေးမလေးသည် ချက်ချင်းပင် နွေးထွေးသည့် အပြုံးတစ်ခုကို ဆောင်ကာ
ဖုန်းနှစ်လုံးကို ရှန်ယွဲ့နှင့် ရှန်ချန်တို့ထဲ တရိုတသေ လွဲပေးလိုက်လေသည်။
“ ဒီမှာ
ညီမလေးတို့ရဲ့ဖုန်းတွေပါ၊ စစ်ကြည့်လိုက်ပါအုံးနော်”
🍀🍀🍀
No comments:
Post a Comment