အပိုင်း ( ၂၄) နင့်အသက်ကိုကယ်ပေးမယ်
အိမ်ရာဟောင်းရှိ နောက်ဖေးခြံငယ်လေး၏ ထောင့်တွင်
စွန့်ပစ်ထားသည့် သိုလှောင်ရုံလေးတစ်ခုရှိသည်ကို ရှန်ယွဲ့ကောင်းကောင်း မှတ်မိနေ၏။
အရင်က လူများအတွက် စက်ဘီးများ ထားရန်နေရာဖြစ်ခဲ့သည်။ နှစ်ကြာလာပြီးနောက်
အိမ်ရာထဲမှ လူကြီး လူငယ်များ အားလုံးက ပြောင်းရွှေ့သွားကြရာ စက်ဘီးထားရာနေသည်
သိုလှောင်ရုံတစ်ခု အလိုလို ဖြစ်သွားတော့သည်။
အချိန်ကြာမြင့်စွာ ဘယ်သူမှ အသုံးမပြုကြရာ သော့ခလောက်မှာ
သံချေးတက်နေပြီး သိုလှောင်ရုံလေးသည်လည်း
လုံးဝ အမေ့ခံဖြစ်သွားတော့သည်။ အခုတော့ အသုံးဝင်လာလေသည်။
ရှန်ယွဲ့သည် ကျိုးယန်ကို သိုလှောင်ရုံငယ်လေးဆီ ဆွဲလာပြီး
သူ့အား နံရံကို မှီကာထိုင်ခိုင်းလိုက်၏။ ထို့နောက် ဆောင့်ကြောင့်ထိုင်လိုက်ပြီး
ကျိုးယန်၏ဒဏ်ရာကို စစ်ဆေးရန်ပြင်လိုက်လေသည်။
“ နင် ဘာလုပ်နေတာလဲ၊ နင်ဘယ်သူလဲ”
ရှန်ယွဲ့သည် သည်နေရာနှင့် ရင်းနှီးနေပြီး
သွေးများကိုမြင်လျက် မကြောက်ရွံ့သည်ကို မြင်လိုက်ပြီးနောက် ကျိူးယန်သည် သတိအနေအထား
အလိုလို ဖြစ်သွားတော့သည်။ သူ့ဒဏ်ရာကို ကြည့်လို့မရအောင် လက်ဖြင့် ကာလိုက်လေသည်။
“ ငါ ဘယ်သူလဲဆိုတာ ဘာလို့ ဂရုစိုက်နေတာလဲ၊ အခုနေ
ငါ့အပြင် နင့်ကို ဘယ်သူကယ်နိုင်လို့လဲ၊ နင့်အတွက် ဘာကအကျိုးရှိတယ်ဆိုတာ သိရင်
ပါးစပ်ပိတ်ထား”
ရှန်ယွဲ့ အေးစက်စက်ပြောလိုက်လေသည်။ ကျိုးယန်၏လက်ကို
ဖတ်ခနဲရိုက်က ဖယ်လိုက်ပြီး မှိန်ပြပြ အလင်းရောင်အောက်တွင် အနီးကပ်သေချာ
ကြည့်လိုက်၏။
အမှန်ပင်။ သေရမှာကို စောင့်တာထက်စာလျှင် သူသည် သူ့ရှေ့က
သူမကိုသာ ယုံကြည်ရတော့မည်။ ကျိုးယန် အံကြိတ်လိုက်ပြီး မျက်လုံးမှိတ်လိုက်ကာ
ကံကိုသာ ပုံထားလိုက်တော့သည်။
ကျိုးယန်၏ဒဏ်ရာသည် ဘယ်ဖက်နံရိုးအောက် ဝမ်းဗိုက်တွင်ရှိ၏။
ဓားတစ်ချောင်းဖြင့် ထိုးခံထားရဟန်တူသည်။ ထိုးချက်မှာ အလွန်နက်၏။
“ ဒီဒဏ်ရာကို မကုရင် နင့်နောက်လိုက်လာတဲ့သူတွေရဲ့
သတ်တာမခံရရင်တောင် သွေးလွန်ပြီး သေသွားလိမ့်မယ်”
ရှန်ယွဲ့ လေသံနိမ့်ကာ ပြောလိုက်၏။
“ အင်း...”
ကျိုးယန်၏နှုတ်ခမ်းများသည် သွေးထွက်လွန်ထားသဖြင့်
ဖြူဆွတ်နေပြီးဖြစ်သည်။ သူ့တစ်ကိုယ်လုံးသည်လည်း စကားပြောရင်းပင် တုန်ယင်နေ၏။
အကြောင်းကြောင်း ကြောင့် ရှန်ယွဲ့၏တည်ငြိမ်သည့် လေသံကို ကြားလိုက်ရချိန်၌ အလိုလို
လုံခြုံသွားသည့်အာရုံကို ခံစားမိလိုက်တော့သည်။
နောက်တစ်စက္ကန့်တွင်တော့ ကျိုးယန်သည် ကိုယ့်ကိုယ်ကို
ကန့်ကွက်သည့်အနေဖြင့် ခေါင်းခါလိုက်တော့သည်။ သူ သွေးတွေ အများကြီး
ဆုံးရှုံးထားတာမလား။ သူ့အုံးနှောက်က ရှုပ်ထွေးနေတာပဲ ဖြစ်မယ်။ ဒီဝတုတ်မလေးက သူ့ကို
ကယ်နိုင်မယ်လို့ တကယ်ထင်နေတာတဲ့လား။ မျက်လုံးမှိတ်ရင်း နောက်ဆုံးအတွေးကို
စဥ်းစားလိုက်ချိန်၌ အဝတ်စဖြဲသံတစ်ခုကို ရုတ်တရက် ကြားလိုက်လေသည်။ ရှန်ယွဲ့က
သူ့ဗိုက်အား တစ်ခုခုနှင့် မြန်မြန်ဆန်ဆန် စည်းနှောင်ပေးနေသည်ကို ကျိုးယန်
ခံစားလိုက်ရတော့သည်။
ကျိုးယန်သည် မျက်လုံးဖွင့်ကြည့်လိုက်ရာ ရှန်ယွဲ့သည်
သူမ၏အားကစားဘောင်းဘီကို ဖြဲပြီး သူ့ဗိုက်ဒဏ်ရာကို စည်းပေးထားသည်ကို တွေ့လိုက်ရတော့သည်။
ရှန်ယွဲ့သည် ပတ်တီးစည်းနည်းဖြင့် အလွန်ရင်းနှီးလေသည်။
အရင်ဘဝတွင် သူမ အဖွဲ့အစည်းအတွက် အလုပ်လုက်ပေးချိန်က မရေမတွက်နိုင်သည့် ဒဏ်ရာများ
ရခဲ့လေသည်။ သူမ၏ခန္ဓကိုယ်တစ်ခုလုံးသည် အမာရွတ်မျိုးစုံဖြင့် ဖုံးနေ၏။ သူမသည်
ထိုအရာကိုပင် ကျင့်သားရနေပြီး ဖြစ်လေသည်။
“ အခုလောလောဆယ်တော့ ပတ်တီးစည်းထားရင် နင့်အသက်ကို ခဏတော့
ကယ်ထားနိုင်မယ်, ဒါပေမယ့် ဒီထက်အချိန်ကြာသွားရင်တော့ နင် သေမှာပဲ”
ရှန်ယွဲ့သည် သေချာအာရုံစိုက်ထားသည်။ အပြင်ဘက်ကို
ဆူညံသံကို နားထောင်ရင်း ကျိုးယန်ကို လေသံနိမ့်ကာ ညွှန်ကြားလိုက်သည်။
ထင်ထားသည့်အတိုင်းပင် ဒဏ်ရာကို စည်းနှောင်လိုက်ပြီးနောက်
သွေးတိတ်သွားသည်။ ကျိုးယန်သည် သက်ပြင်းချလိုက်ပြီး စိုးရိမ်းစိတ်ဖြင့်
ပြောလိုက်လေသည်။
“ ဒါပေမယ့် သူတို့တွေ လိုက်လာတာ အရမ်းနီးနေပြီ၊ ဒီနေရာက
နယ်မြေကလည်း ရှုပ်ထွေးတယ်၊ ငါ ဒီကိုဝင်လာရင်းနဲ့ လမ်းပျောက်သွားတာ၊ ငါ
မထွက်တတ်တော့ဘူး”
ဒီနေရာက ငါ့ရဲ့ အိမ်လေဟယ်။ သူဘယ်လိုလုပ်ပြီး
မထွက်နိုင်ဘဲ ရှိရမှာလဲ။
ရှန်ယွဲ့သည်
အထင်သေးစွာ မျက်နှာကို မဲ့လိုက်သော်လည်း ဘာမှပြန်မပြောပေ။ ထို့အစား သေသေချာချာ
နားထောင်လိုက်နေလိုက်သည်။
သိပ်မဝေးလှသည့်နေရာမှာ လူတစ်ခု၏ခြေသံနီးကပ်လာသည်ကို
ကြားလိုက်ရပြီးနောက် ရှန်ယွဲ့သည် ထရပ်လိုက်ကာ ကျိုးယန်ကို စိုက်ကြည့်လိုက်ပြီး
“ ငါ နင့်ကိုအသက်ကို ကယ်ပေးမယ်၊ နင် ငါ့ကို
ပိုက်ဆံပေးရလိမ့်မယ်”
ကျိုးယန် ပြန်မပြောလိုက်ခင်မှာပင် ရှန်ယွဲ့သည်
သိုလှောင်ရုံထဲထွက်ကာ တံခါးကို ပိတ်နှင့်ပြီးနေသည်။ အပြင်ဘက်က အဝါရောင်မီးရောင်ကို
ချက်ချင်း ကွယ်ထားလိုက်သည်။
ဒီကောင်မလေးက ပတ်တီးစည်းနည်းသိတယ် ဒါပေမယ့်
အန္တရာယ်အခြေအနေမှာတောင် လန့်မသွားဘူး။ သူ့ပုံစံက ထင်သလောက်
ရိုးရှင်းတဲ့ပုံမပေါ်ဘူး။ ကျိုးယန်သည် အမှောင်ထဲတွင် ထိုင်ကာ အတွေးနစ်နေလေသည်။
ရှန်ယွဲ့သည် ပုံမှန်အတိုင်း နံရံထောင့်က
တံမြက်စီးကို လှမ်းယူလိုက်ပြီး
နောက်ဖေးခြံနားတွင် ရပ်ကာ တကိုယ်တည်း ရေရွတ်နေလိုက်သည်။
“ ရာသီဥတုကလည်း ဆိုးလိုက်တာနော်၊ နေ့ခင်းကျတော့ နေပူပြီး
ညရောက်တာနဲ့ မိုးကြီးတော့တာပဲ ၊ စိတ်ပျက်ဖို့ကောင်းလိုက်တာ”
“ မိုးကကြီးတော့ အောက်ထပ်မှာ ရေတောင်ဝင်ကုန်ပြီ၊ ဒါနဲ့ပဲ
အိပ်ရာကနေထ ၊နောက်ဖေးခြံထဲထွက်ပြီး ရေတွေကို လှဲထုတ်နေရတယ်၊ ပင်ပမ်းလိုက်တာနော်၊
တကယ်ကံဆိုးလိုက်တာ....”
ရှန်ယွဲ့သည် မိုးကြီးသဖြင့် မိုးရေများကို လှဲထုတ်နေရသည့်
အပြစ်ကင်းသည့်အရပ်သူတစ်ယောက်လို ဟန်ဆောင်နေလိုက်လေသည်။ ကျိုးယန် ဖြတ်သွားသည့်နေရာတိုင်းတွင်
သွေးကွက်များ ကျန်နေလိမ့်မည်။ သူမသည် အာရုံစိုက်စရာ သွေးကွက်များကို
တံမြက်စည်းဖြင့် အချိန်မီ လှဲထုတ်လိုက်သော်လည်း လူသ-တ်သမားက သူမကို
တွေ့သွားတော့သည်။
ရှန်ယွဲ့သည် နောက်ဆုံးသွေးကွက်ကို လှဲထုတ်ပြီးသည်နှင့်
တပြိုင်နက် ခပ်ဩဩယောကျ်ားသံတစ်ခုသည် သူမ၏နောက်ကျောမှ ထွက်လာ၏။
“ ညသန်းခေါင်ကြီး မင်းက ဒီမှာ ဘာလုပ်နေတာလဲ”
No comments:
Post a Comment