အပိုင်း (၂၉) အရာရှိတစ်ယောက်ထပ်ဖြစ်မလာနိုင်တော့ဘူး
“ တကတည်း ဘာတွေဖြစ်နေတာလဲ”
ချန်းချင်သည် စိုးရိမ်စိတ်ကြောင့်
ရူးတော့မတတ်ပင်။ သူသည် လူမိုက်များရှေ့သို့ အတင်းတိုးဝင်ကာ သတင်းတင်ပြနေကြသည့်
သတင်းထောက်လူအုပ်ကြီးကို ကြည့်နေသော်လည်း သူလုပ်နိုင်သည်က ဘာမှမရှိချေ။
သည်နေ့တွင်
ဒီဝရုန်းသုန်းကားအခြေအနေကို ဖြေရှင်းရန် သူ့အဆက်အသွယ်များကို သုံးခဲ့သော်လည်း
တစ်ဖက်လူက သူ့အား စိတ်မပူရန်နှင့် လတ်တလော သူ့အထက်အရာရှိထံမှ ညွှန်ကြားချက်ကို
စောင့်ဖို့ရန်သည် ပြောလာလေသည်။ သို့သော်ငြား ဒါသည် ပြဿနာကြီးတစ်ခု
ဖြစ်လာတော့မည်ဖြစ်ရာ သူသည် မစိုးရိမ်ဘဲ မနေနိုင်တော့ချေ။
တစ်ချိန်ထဲတွင် လူများသည် အခင်းဖြစ်နေသည့်နေရာသို့ တောင်လိုပုံကာ
ရောက်လာကြတော့သည်။ သိုသော် သူတို့အားလုံးက ထင်ထားကြသည့်က ချန်းချင်ကို
ဖိနှိပ်လိုသည့် တစ်ချို့အရေးကြီး ပုဂ္ဂိုလ်များ၏လုပ်ရပ်ဟု ထင်နေကြရာ အခွင့်မရှိဘဲ
မည်သူကမှ ထိုလူမိုက်များ မချပေးရဲကြချေ။
“ ကြည့်ရတာ... အကြီးဆုံးသခင်မလေး
မနေ့က တွေ့ခဲ့တဲ့ လူမိုက်တွေဆီမှာ တစ်ခုခု ဖြစ်သွားတဲ့ပုံပဲ၊ အကြီးဆုံးသခင်မလေးက မနေ့က သူ့ကတ်ထဲကို ယွမ်
တစ်သိန်းခွဲ ပြောင်းထည့်သွားတယ်....”
ချန်းချင်၏အတွင်းရေးမှူးသည်
တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်လေသည်။
“ ဘာကွ၊ နင် ဖြစ်နေတာလား”
ချန်းချင်သည်
အသံမထွက်ရဲသည့်ချန်းမင်ကို ကြောက်စရာကောင်းလောက်အောင် ချက်ချင်းကြည့်လိုက်တော့သည်။ ချန်းချင်သည်
သူအမြဲတမ်း ချစ်မြတ်နိုးရသည့် သူ့သမီးက သူ့အား ဤသို့ဒုက္ခပေးလိမ့်မည်ဟု
လုံးဝထင်မထားခဲ့ချေ။
“ အဖေ သ-သမီးလည်း မသိဘူး၊
သမီးက အဲဒီခွေးမကို ပညာပဲ ပေးချင်တာပါ”
ချန်းမင်သည် အရင်က
ဤသို့သောမြင်ကွင်းကို မမြင်ခဲ့ဖူးချေ။ သူမသည် အလွန်ကြောက်လန့်နေရာ စကားပင်
ပီသအောင် မပြောနိုင်တော့ချေ။
“ အခုက မြို့တော်ဝန်ဖြစ်လာမယ့်
ငါ့ရွေးကောက်ပွဲရဲ့ အရေးကြီးဆုံးအချိန်ကွ၊ နင် ငါ့ကို အလုပ်
ပြုတ်အောင်လုပ်လို့ကတော့ နင့်ကို လုံးဝ အလွှတ်မပေးဘူး”
ချန်းချင်၏မျက်လုံးများသည်
နီရဲနေတော့သည်။ သည်အခိုက်တွင် သူ့မျက်လုံးထဲ၌ ချန်းမင်သည် သူ၏ချစ်လှစွာသော
သမီးတစ်ယောက်မဟုတ်တော့ဘဲ ရန်သူတစ်ယောက်လိုသာ မြင်နေတော့သည်။
“ တီ...တီ...”
ရုတ်တရက် ဖုန်းမြည်လာ၏။
ချန်းချင်သည် ချက်ချင်းလိုပင် တရိုတသေ ဖုန်းကိုင်လိုက်၏။ ထိုနောက်တွင်တော့ သူ့ကို
ထိတ်လန့်တကြားဖြစ်စေသည့် သတင်းတစ်ခုကို ကြားလိုက်ရတော့သည်။ သူသည် အထက်အရာရှိများ၏
ထုတ်ပယ်ခြင်းခံလိုက်ရပြီး အရာရှိတစ်ယောက် ဖြစ်မလာနိုင်တော့ပေ။
ပြီးသွားပြီ။ အားလုံး ပြီးသွားပြီ။
ဆယ်စုနှစ်များစွာ ကြိုးစားရယူလာခဲ့တဲ့ သူ့စည်းစိမ်၊ ရာထူး၊ အားလုံး
ပျက်စီးသွားပြီ။
“ နင့်လို ခွေးမမျိုးကို ပျိုးထောင်မိတာ
ဘာအသုံးကျသေးလဲကွ”
ချန်းချင်သည် ပေါက်ကွဲသွားတော့သည်။
ပြင်းထန်လှသည့် ဒေါသကြောင့် သူသည် ကားပေါ်ကဆင်းလိုက်ပြီး နောက်ခန်းတံခါးကို
ဖွင့်ကာ ထိုင်နေသည့် ချန်းမင်ကို ဆွဲချပြီး မြေပေါ် ပစ်ချလိုက်တော့သည်။
ဖြန်းခနဲ။ ချန်းချင်သည်
ချန်းမင်ကို ခပ်ကြမ်းကြမ်း ပါးရိုက်လိုက်တော့သည်။
“ အဖေ ၊ အဖေ သမီးကို ရိုက်တယ်ဟုတ်လား၊ အဖေ
သမီးကို ရိုက်တယ်”
ပါးရိုက်ခံလိုက်ရသဖြင့်
ချန်းမင်၏ခေါင်းသည် တစ်ဖက်သို့ လည်ထွက်သွားတော့သည်။ ထို့နောက် အိပ်မက်မှ
နိုးထလာသည့်နှယ် သူမ၏ရောင်ကိုင်းနေသည့်ပါးကို အုပ်ကာ ငိုကျွေးနေတော့သည်။ သူမကို
အမြဲတမ်း အလိုလိုက်ချစ်ခဲ့တဲ့ အဖေက ဘယ်လိုဖြစ်ပြီး ဒီလောက် ကြောက်စရာ
ကောင်းသွားရတာလဲ။ ယုံတောင်မယုံနိုင်ဘူး။
ပတ်ဝန်းကျင်မှ သတင်းထောက်များသည်
ချန်းချင်ပေါ်လာသည်ကို တွေ့လိုက်ကြချိန်၌
သူတို့အားလုံးသည် အပြေးရောက်လာကြတော့သည်။ ချန်းချင်သည် သူ့သမီးကို ရိုက်ရန်
အားဖြင့် လက်ကို မြှောက်လိုက်တော့သည်။
ရှန်ယွဲ့သည် ကျောင်းသွားချိန်က
ကျောင်းတံခါးနှင့် သိပ်မဝေးလှသည့် နေရာတွင် ဖြစ်နေသည့် အုံကြွမှုကို
တစ်ချက်သာကြည့်လိုက်ပြီးနောက် ဆက်မကြည့်တော့ချေ။ ထို့အစား သူမသည် အေးအေးဆေးဆေးဖြင့်
ဆက်လျှောက်သွားလိုက်တော့သည်။
ရှန်ချန်သည် သူ့ခေါင်းလေးကို
ထုတ်ကာ ထိုကိစ္စကို သွားကြည့်ချင်လေသည်။
“ အစ်မ အရင်တုန်းက နင့်ကို
အနိုင်ကျင့်ခဲ့တဲ့ ချန်းမင် ထင်တယ်၊ သူ့အဖေ တစ်ခုခု ဖြစ်ခဲ့သလိုပဲနော်”
“ ကိုယ့်အလုပ်ကိုပဲ လုပ်ပါလေ၊ ငါတို့တွေ ကျောင်းနောက်ကျတော့မယ်၊
သွားစို့”
ရှန်ယွဲ့သည် သူ့ကို လှည့်ကာ
သတိပေးလိုက်လေသည်။
“ဒါပေမယ့်....”
ရှန်ချန်သည် ဆက်ကြည့်နေချင်၏။
ရုတ်တရက်ဆိုသလို အံ့ဩနေသည့် လေသံဖြင့် ထပြောလိုက်လေသည်။
“အမ နင် အများကြီး အားကောင်းလာတာပဲ”
“ ငါ ဒီလောက်အကြာကြီး လေ့ကျင့်ခန်းလုပ်လာတာ
အားမကောင်းလာပဲ နေမလားဟဲ့”
ရှန်ယွဲ့က ပြုံးလိုက်၏။ သူမသည်
ရှန်ချန်ဘက် ရုတ်တရက် လှည့်မေးလိုက်လေသည်။
“ နင် ဒီညနေကျောင်းဆင်းရင် အားလား၊ ငါ
နင့်ကို တစ်နေရာ ခေါ်သွားစရာရှိလို့”
“ အားတယ်လေ၊ ငါ့ သင်ခန်းစာတွေလည်း
ပြီးသွားပြီ၊ ငါ ဆရာ့ကို ပြောပြီး စောစောထွက်လာလို့ရတယ်”
ရှန်ချန်၏မျက်လုံးများသည် မျှော်လင့်ချက်ကြောင့် အရောင်လက်နေတော့သည်။
“ အင်း စာကောင်းကောင်းလုပ်နော်၊ တာ့တာ”
ရှန်ယွဲ့ သူ့ကို လက်ဝေ့ပြကာ
နှုတ်ဆက်လိုက်လေသည်။
သို့သော် ချန်းချင်နှင့်
ချန်းမင်တို့ကြားက ကိစ္စ၏ အကျိုးသက်ရောက်မှုကြောင့် ဆရာအားလုံးသည် ထိုအုံကြွမှုကို
ထွက်ကြည့်နေကြတော့သည်။
ထိုနေ့က သင်ခန်းစာများသည်
စောစီးစွာ ပြီးသွားလေသည်။ ရှန်ချန်သည် ရှန်ယွဲ့ခေါ်သွားသည့်နေရာသို့
ဝမ်းသာအားရဖြင့် လိုက်သွားပြီးနောက်တွင်တော့ သူ့မှာ အထိတ်တလန့် ဖြစ်သွားတော့သည်။
ရှန်ယွဲ့ သူ့ကိုခေါ်လာသည့် နေရာမှာ
မြို့ထဲက အကြီးဆုံး စျေးအကြီးဆုံးဇိမ်ခံပစ္စည်းများ ရောင်းချသည့် စျေးဝယ်စင်တာ
ဖြစ်နေမည်ကိုတော့ ရှန်ချန် လုံးဝမျှော်လင့်မထားခဲ့ချေ။
အစက ရှန်ယွဲ့သည် ရှန်ချန်ကို
ပစ္စည်းတစ်ချို့ ဝယ်ပေးဖို့ စဥ်းစားထားခဲ့သည်။ ရှန်ချန်သည် သည်ကာလအတွင်း သူမကို
အများကြီး ကူညီခဲ့သည်မဟုတ်ပါလား။ ထို့ကြောင့် ငွေဝင်လာသည်နှင့်တပြိုင်နက် သူမသည်
ရှန်ချန်ကို ဆိုင်သို့ ခေါ်လာခဲ့လိုက်သည်။
စျေးဝယ်စင်တာ၏ မှန်တံခါးကို
တွန်းဖွင့်လိုက်ပြီးနောက် ရှန်ချန်သည် အနည်းငယ် ရှိုးတို့ရှန့်တန့် ဖြစ်နေ၏။
“ အမ ငါတို့ ထွက်သွားကြရအောင်.....”
ရှန်မိသားစုသည် တစ်သက်လုံး
ဆင်းရဲခဲ့သည်။ သိတတ်သည့် ရှန်ချန်က ဤသို့သော် အဆင့်မြင့်နေရာတစ်ခုကို ဘယ်တုန်းကမှ
မဝင်ခဲ့ဖူးချေ။ သူသည် စိတ်ပိုင်းဆိုင် ပြင်ဆင်မှု ပိုလုပ်ထားလိုက်တော့သည်။
ရှန်ချန်ကို နှစ်သိမ့်ရန်
ရှန်ယွဲ့သည် သူမ၏ခါးက အိတ်ကို ဟန်ပါပါ ပုတ်ပြလိုက်ပြီး
“ ငါ အခုတလော ငွေတွေ အများကြီး ရှာထားတယ်၊
စိတ်မပူနဲ့နော်”
🍀🍀🍀
No comments:
Post a Comment