အပိုင်း (၁၃)
သူ ငါ့ကို ရွှီဇီချင်းနဲ့ တခြားလုပ်ဖော်ကိုင်ဖက်တွေရှေ့မှာ တမင် ခေါ်လိုက်တာပဲ၊ ဒါမှ ငါ ငြင်းလို့မှမရမှာလေ ___ ရန်လျန် သိလိုက်သဖြင့် ငြင်းမနေတော့ချေ။ သူ့ကားထဲ ရောက်သည်နှင့် တပြိုင်နက် သူမကိုယ်သူမ လှည့်စားထားလိုက်တော့သည်။ __ ဘာမှ ကြောက်စရာမရှိပါဘူး။ ဒီလူက ငါ့ကို ကိုက်စားမှာမလို့လား။
သို့သော် သူမ၏စိုးရိမ်စိတ်က အကြောင်းအရင်း ဖြစ်မလာချေ။ ကျန်းယွိနန် ကားထဲဝင်လာကတည်းက သူသည် ယူလာသည့် ဖိုင်များကိုသာ အာရုံစိုက်နေပြီး သူမ၏တည်ရှိမှုကို လုံးဝ လစ်လျူရှုထား တော့သည်။
ဒီလူမှာ မျက်နှာတွေ အများကြီးရှိတာပဲ။ တခါတလေကျတော့ အေးစက်စက် ခံစားချက်မရှိသလိုနဲ့ တခြားအချိန်မှာကျတော့ ဓားရိုင်းကို ပညာရှင်ပီပီ ကစားတတ်သေးတယ်။ သူက အခြေအနေ ပေါ်မူတည်ပြီး တစ်ဆက်ထဲ ပြောင်းလဲနိုင်တယ်။ ပြီးတော့ ဒါက ရန်လျန်ရဲ့ ဉာဏ်ရည်နဲ့ ယှဥ်ပြိုင်ရမယ့် လူတဲ့လေ။
VIP ကောင်တာသစ် သုံးခုသည် မြို့၏ စျေးဝယ်စင်တာတွင် နေရာယူထားပြီး ရောင်းအားမှာ ပြီးခဲ့သည့် လေးလပတ်ထက် သိသိသာသာ ပိုတက်လာလေသည်။ စျေးဝယ်သူများသည် ကောင်တာတွင် ရောက်နေကြ၏။ ဒုတိယ ကောင်တာတွင်တော့ အမျိုးသမီးတစ်ယောက်က အားလုံးနီးပါး ဝယ်သွားသည်ကို ရန်လျန် တွေ့လိုက်ရလေသည်။
VIPကောင်တာများတွင် အဓိကအားဖြင့် ကျိဖူယောင်းရှီ (အသားအရေအဓိကသော့ချက်) နှင့် ဖူရှန့်ရိုမုန့် ( အိမ်မက်ထဲကအသားအရေ) ပစ္စည်းနှစ်မျိုး ကို ရောင်းချပြီး ၊ နောက်ဆုံးပေါ် အဆင့်မြင့် တံဆိပ်များဖြစ်လေသည်။ စျေးကြီးသော်လည်း အမျိုးသမီးက တော်တော်များ ရှင်းလိုက်ရသည်။
ရုတ်တရက် ဝင်စစ်ဆေးတာကြောင့် ကောင်တာတွင် ပစ္စည်းအတုများ ရှိနိုင်ချေ မရှိလောက်ဟု တွေးလိုက်မိသည်။ ရန်လျန်သည် ကျန်းယွိနန်နှင့် စကားစမြည်ပြောနေသည့် အမျိုးသမီးကို မနေနိုင်တော့ဘဲ လှမ်းကြည့်လိုက်၏။
သူ စပြီးတာဝန်ယူတာ ဘယ်လောက်ကြာသွားပြီမလို့ အားလုံးက ဒီလောက် အဆင်ပြေနေရတာလဲ။ ရန်လျန်သည် စဥ်းစားရင်း သူ့ကို ငေးကြည့်နေလိုက်သည်။ ရုတ်တရက်ဆိုသလို ကျန်းယွိနန်၏ အကြည့်သည် သူ့ရှေ့က အမျိုးသမီးကို ခွာကာ ရန်လျန်ဆီရောက်လာလေသည်။ သူ့ကို ငေးကြည့်နေသည်ကို မိသွားသဖြင့် ရှက်သွားပြီး ချက်ချင်း အကြည့်လွဲလိုက်ရာ သူ့မျက်နှာပေါ်က ခပ်ပါးပါး သရော်ပြုံးတစ်ခုနှင့် လွဲသွားတော့သည်။
ကောင်တာ စစ်ဆေးခြင်း လုပ်ငန်းမှာ အစီစဥ်တကျဖြစ်သွားပြီး နောက်ဆုံးကောင်တာသို့ ရောက်လာတော့သည်။ ဆိုင်ဝန်ထမ်းနှင့် စျေးသူနှစ်ယောက်ကြား အငြင်းပွားမှုတစ်ခု ဖြစ်နေသည်ကို ရန်လျန် အဝေးကမြင်လိုက်ပြီး ကောင်တာဆီ ခပ်မြန်မြန် ချဥ်းကပ်သွားလိုက်တော့သည်။
ဆိုင်ဝန်ထမ်းက ပြောလိုက်၏။ “ ကျွန်မ တောင်းပန်ပါတယ်ရှင် ‘Ya-yan’ ကို ကောင်တာကနေ ဖယ်လိုက်ပါပြီ၊ ကျွန်မတို့တွေက Ya-yanနဲ့ပတ်သက်ပြီး ရောင်းပြီးသား နောက်ဆက်တွဲ ကွန်ပလိန်းတွေကို တာဝန်မယူပါဘူးရှင့်”
စျေးဝယ်သူထဲက တစ်ယောက်သည် ကျန်တစ်ယောက်၏ မျက်နှာကို လက်ညိုးထိုးပြပြီး အလွန်စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်တော့သည်။ “Ya yan နဲ့ ကျိဖူယောင်းရှီက ကုမ္ပဏီတစ်ခုထဲ ပစ္စည်းတွေကိုမှန်း ရှင်းနေတာကို၊ နင်တို့က တာဝန်မယူရင် ဘယ်သူက တာဝန်ယူမှာလဲ”
နှစ်ဘက်လုံးသည် ငြင်းခုန်လာသည်မှာ ကြာမြင့်နေပြီဖြစ်သယောင် ဖြတ်သွားဖြတ်လာများသည် သူတို့ကို ကြည့်နေကြလေသည်။ ရန်လျန်သည် ဝယ်ယူသူ၏ မျက်နှာပေါ်က အလာဂျစ်ဖုများကို ကြည့်ကာ တည်တည် ငြိမ်ငြိမ်ဖြင့် မေးလိုက်၏။ “ ဒါက Ya yan ကြောင့်ဖြစ်တာလား”
စျေးဝယ်သူက သူမကို တစ်ချက်ကြည့်လိုက်ပြီး ပြန်မဖြေဘဲ ဆိုင်ဝန်ထမ်းနှင့်သာ ဆက်ငြင်းခုန်နေတော့သည်။
“နင်တို့ ကုမ္ပဏီကထုတ်တဲ့ ပစ္စည်းကို သုံးပြီးမှ ငါ့သူငယ်ချင်း ဒီလို အလာဂျစ်ဖြစ်တာ ၊အခုတော့ နင်တို့က ပြန်ပြင်ဆင်ပြီး နောက်ဆုံးပေါ် အဆင့်မြင့် ပစ္စည်းတွေကို ရောင်းဖို့လုပ်နေကြတယ်၊ ဒီတော့ နင်တို့ အစောပိုင်းတုန်းက ရောင်းခဲ့တဲ့ ပစ္စည်းကို ဘယ်သူက တာဝန်ယူများလဲ၊ နင်တို့ ကုမ္ပဏီက တာဝန်မရှိသလို လုပ်နေတာ ရှင်းနေတာပဲ”
ဆိုင်ဝန်ထမ်းသည်လည်း အထူးတလည် ရှက်ရွံ့နေတော့သည်။ VIP ကောင်တာတွင် ပထမဆုံးအကြိမ်ဖြစ်ခဲ့သည့် ကြီးမားမား အငြင်းပွားမှု တစ်ခု ဖြစ်ဟန်တူသည်။
“ ကျွန်မ တောင်းပန်ပါတယ်ရှင်၊ ကျွန်မက အငယ်တန်းလက်ထောက်တစ်ယောက်ဆိုတော့ ကျွန်မရဲ့ အထက်လူကြီးကို ပြန်ပြောပေးပါ့မယ်ရှင်”
စျေးဝယ်သူများသည် စိတ်မရှည်တော့ချေ။
“ နင့်အထက်လူကြီးက ဘယ်တော့ လာမှာလဲ၊ ငါတို့ ဒီမှာစောင့်နေတာ ဆယ်မိနစ်တောင်ရှိနေပြီ”
“ ကျွန်မ သွားခေါ်ခိုင်းထားပါတယ်ရှင်....”
ရန်လျန်သည် ဆိုင်ဝန်ထမ်းစကားကို ဖြတ်ပြောလိုက်တော့သည်။
“ ရှင်က Ya yanကြောင့် အလားဂျစ်ဖြစ်တာလို့ သံသယရှိလို့ ဒီကိုရောက်လာတာလား၊ ရှင်တို့တွေ ဆရာဝန်ဆီမှာ အတည်ပြုချက် ယူခဲ့ ပြီးပြီလား”
စျေးဝယ်သူသည် ဒေါသထွက်ကာ သူမကို ကြည့်ရင်း တုံးတိမေးလိုက်လေသည်။
“ ရှင်က ဘယ်သူလဲ”
“ ကျွန်မ....”
သည်အခိုက်တွင် လက်တစ်ဖက်သည် သူမ၏ပခုံးကို လှမ်းပုတ်လာ၏။ သူမ လှည့်ကြည့်လိုက်ရာ ကျန်းယွိနန် ဖြစ်နေတော့သည်။
ကျန်းယွိနန်က မျက်လုံးဖြင့် သူမကို ဆက်ပြောရန် အချက်ပြလိုက်သော်လည်း သူမသည် သူ့တွင် ပြောပိုင်ခွင့်ရှိသည်ကို သိထားသဖြင့် နှုတ်ဆိတ်နေလိုက်တော့သည်။
ကျန်းယွိနန်ရောက်လာပြီး သူ့လိပ်စာကတ်ကို ကိုယ်တိုင် ကမ်းပေးလိုက်တော့သည်။
“ သည်ကိစ္စကို အထောက်အထားပြုရအောင် တတ်နိုင်သမျှ ချက်ချင်း ကျွန်တော့် သူငယ်ချင်း အရေးပြားအထူးကုနဲ့ ပြကြည့်ဖို့ ထောက်ခံပေးချင်ပါတယ်၊ အဖြေထွက်လာရင် ကျေးဇူးပြုပြီး ဒီနံပါတ်ကို ဖုန်းခေါ်ပေးပါ ခင်ဗျာ”
စျေးဝယ်သူသည် ကတ်ကို ယူကို တစ်ချက်ကြည့်လိုက်ပြီးနောက် ချက်ချင်း မင်သက်သွားတော့သည်။ သူသည် နှစ်ခါလောက် စစ်ကြည့်လိုက်ပြီး အမြင်မှားတာ မဟုတ်မှန်းသေချာတော့မှာ ကျန်းယွိနန်ကို မော့ကြည့်လိုက်လေသည်။ သို့သော် မယုံကြည်နိုင် ဖြစ်နေဆဲပင်။
“ တကယ်လို့ ကျွန်တော်တို့ ပစ္စည်းက တကယ်ပဲ ပြဿနာဖြစ်နေတာဆိုရင် ကျွန်တော်တို့က သေချာပေါက် တာဝန်ယူပေးမှာပါ”
ကျန်းယွိနန်သည် နိမ့်နိမ့်ချချ ပြုံးလိုက်ကာ
“ ခင်များတို့ အခုပဲ ဆေးရုံကိုသွားဖို့ အားလားမသိဘူး”
စျေးဝယ်သူများသည် ချက်ချင်း သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်၏။ ကျန်းယွိနန်က လှည့်ပြောလိုက်လေသည်။
“ အတွင်းရေးမှူးလီ ကျေးဇူးပြုပြီး သူတို့နဲ့ ဆေးရုံလိုက်သွားပြီး ကုန်ကျစားရိတ်အားလုံးကို ကျွန်တော်တို့ဖက်ကနေ ရှင်းပေးလိုက်ပါ”
ကျန်းယွိနန်၏ နိမ့်ချကာ တည်ငြိမ်သည့်ချဥ်းကပ်မှုက ဝယ်သူ၏ဒေါသကို အေးငြိမ်းသွားစေသည်မှာ သိသာလှသည်။
အတွင်းရေးမှူးလီသည် ဧည့်သည်နှစ်ယောက်ကို စောင့်ကြပ်ကာ ကောင်တာမှထွက်သွားတော့သည်။ အရောင်းဝန်ထမ်းလည်း သိသိသာသာ စိတ်အေးသွားပြီး သူ့ကို ကျေးဇူးတင်စကား ပြောမည်ပြင်လိုက်စဥ် ပြဿနာကို ဖြေရှင်းရန် စောစောက ခေါ်ထားသည့် ကြီးကြပ်သူမှာ ကောင်တာသို့ ရောက်လာတော့သည်။ ကျန်းယွိနန်ကို မြင်လိုက်ရာ သူမ၏မျက်လုံးများသည် ပြူးကျယ်သွားတော့သည်။
“ မစ္စတာကျန်း”
ကျန်းယွိနန်၏မျက်နှာသည် ဝယ်သူများ ရှိစဥ်က နိမ့်ချကာ တည်ကြည်နေသည့်မျက်နှာထားမှ ပြောင်းလဲသွားတော့သည်။ သူသည် ကြီးကြပ်သူဖက် ဖြည်းညင်းစွာလှည့်ကြည့်လိုက်ရာ သူ့လှုပ်ရှားမှုမှာ အလွန်ရည်ရွယ်ချက်ရှိမှန်း သိသာလေသည်။
“ အလုပ်ချိန်မှာ အလုပ်မလုပ်ဘဲ ဘာလုပ်နေတာလဲ”
ကြီးကြပ်သူမှာ စကားပြောရန်ပင် အလွန်ကြောက်နေတော့သည်။
“ မနက်ဖြန်က စပြီး မင်း အလုပ်လာစရာမလိုတော့ဘူး”
ထို့နောက် ကျန်းယွိနန်သည် အေးစက်စက်မျက်လုံးများဖြင့် အငယ်တန်းလက်ထောက်ကို လှည်ကြည့်လိုက်လေသည်။
“ မင်းက ဒီလို ကိစ္စသေးသေးလေးကိုတောင် မဖြေရှင်းဘူး၊ အခြေအနေကို ရှုပ်ထွေးအောင် လုပ်ခဲ့သေးတယ်၊ ကုမ္ပဏီက မင်းကို ဘယ်လိုလေ့ကျင့်ပေးထားတာလဲ၊ မင်းလည်း ဒီမှာ ဆက်နေစရာမလိုတော့ဘူး”
သည်တစ်ကြိမ်တွင် ကျန်းယွိနန်သည် ခပ်ထန်ကြမ်းတမ်းနေတော့သည်။
အရောင်းဝန်ထမ်းသည် ပြင်းပြင်းထန်ထန် အပြစ်တင်ခံလိုက်ရသဖြင့် စတင် ငိုကျွေးတော့သည်။ သူမ၏ အလုပ်သမား ကတ်ကို လေးဖင့်စွာ ချွတ်လိုက်လေသည်။ ကျန်းယွိနန်က ထိုကတ်ကို ယူပြီး ရန်လျန်ကို ပေးလိုက်၏။
“ ဒါကို ဝန်ထမ်းရေးရာဌာနကို ပေးပေးပါ”
သူသည် လှည့်ထွက်သွားသည်နှင့် ရန်လျန်သည်နောက်ကလိုက်သွားပြီး သူမကို ပြောလိုက်သည့်စကားကို ကြားလိုက်ရတော့သည်။
“ ကွန်ပလိန်းစင်တာကို ခေါ်လိုက်၊ သူတို့မှာ အခုတလော ‘Ya yan’နဲ့ ပတ်သက်တဲ့ ကွန်ပလိန်းတွေ ရှိလား မေးလိုက်”
“ ကောင်းပါပြီ”
သူတို့နှစ်ယောက်လုံး ကားဆီပြန်ရောက်လာကြသည်။ သူမ ကုမ္ပဏီ၏ ကွန်ပလိန့်ဌာနကို ဖုန်းခေါ်ပြီးသည်အထိ ဘာလှုပ်ရှားမှုမှ မရှိချေ။ ကားထဲတွင် ဖိနှပ်ချုပ်ချယ်ထားသည့် တိတ်ဆိတ်မှုတစ်ခုက လွှမ်းမိုးနေတော့သည်။
နောက်လမ်းဆုံးတွင် မီးနီကြောင့် ကားရပ်လိုက်ချိန်၌ ရန်လျန်က ရုတ်တရက် တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်တော့သည်။
“ ခုနတုန်းက ရှင် အရမ်းကြောက်ဖို့ကောင်းတာပဲ”
“ ငါ မကောင်းမြင်တတ်တဲ့လူတွေကို မကြိုက်ဘူး”
ထိုအခိုက်တွင် သူ့မျက်နှာသည့် ဘာအမူအရာမှ မပြသော်လည်း စောစောကနှင့်စာလျှင် ပို၍ နှစ်လိုဖွယ် ရှိလာလေသည်။ အမှန်တွင်တော့ ရန်လျန်သည် သူ့ကို အလွန်ကြောက်မိနေကြောင်း သိလိုက်ရတော့သည်။ သူမသည် အတန်ကြာအောင် စဥ်းစားလိုက်ပြီးနောက် မေးလိုက်တော့သည်။
“ ရှင် အခု ဆေးရုံမှာ အဖေ့ဆီသွားလည်ဖို့ စိတ်မပါလောက်တော့ဘူးမလား”
ထိုစကားကို ကြားလိုက်သည်တွင် အံ့သွားဟန် အေးစက်စက် အပြုံးတစ်ခုဖြင့် သူပြန်ဖြေလေသည်။
“ ဘာလို့ သွားချင်စိတ်မရှိရမှာလဲ၊ စိတ်ချပါ၊ ငါ့ခံစားချက်တွေက အပေါ်ယံလောက် မဟုတ်ဘူးဆိုပေမယ့် ငါ့စိတ်ကိုတော့ ဘာနဲ့ အထိခိုက်မခံပါဘူး”
သူသည် ပြောရင်းဆိုရင်း တမင် ရပ်လိုက်ပြီး ရန်လျန်ကို သိလိုစိတ်ဖြင့် ကြည့်နေလိုက်လေသည်။
ရန်လျန်သည် သူ့အဖြေကြောင့် ဇဝေဇဝါဖြစ်သွားပြီး သူ့လက်က ရုတ်တရက် ဆန့်လာသည်ကို မြင်လိုက်ချိန်တွင် တွန့်သွားတော့သည်။ ထိုအခိုက်တွင် သူမသည် ရှောင်လိုက်ဖို့ မေ့သွားပြီး သူ့လက်ချောင်းများက သူမ၏နှုတ်ခမ်းကို ပွတ်နေသည်ကို ကြည့်နေမိတော့သည်။
“.... ... မင်း ဘာလို့ ငါ့ကို အဲလောက်တောင် ကြောက်နေတာလဲ”
ရန်လျန်သည် သူ့လက်ကို ဖြည်းညင်းစွာ ဖယ်လိုက်ပြီး ဒရိုင်ဘာကို ကြည့်လိုက်လေသည်။
ဒရိုင်ဘာသည် ကျန်းယွိနန်၏ လက်ဟန်ကိုမြင်လိုက်သော်လည်း သူသည် ကားမောင်းခြင်းကို အာရုံစိုက်နေသလို ဟန်ဆောင်နေလိုက်လေသည်။ ကျန်းယွိနန်ရဲ့ ဝန်ထမ်းတွေက တကယ့်ကို ကျွမ်းကျွမ်းကျင်ကျင် လေ့ကျင့်ထားတာပဲ။
ရန်လျန်သည် သက်တောင့်သက်သာမဖြစ်သည့် အခြေအနေတွင် ငြိမ်နေရမည့် ပညာကို မသင်ခဲ့သည်က အမှန်။ သူမသည် ကျန်းယွိနန်၏ စူးရှသည့်အကြည့်ကို ရှောင်လွဲကာ ပြောလိုက်တော့သည်။
“ ကျွန်မ ရှင့်ကို ကြောက်တယ်လို့ ဘာလို့ ထင်နေတာလဲ”
ကျန်းယွိနန် အော်ရယ်လိုက်၏။
“ မင်း ကိုသတိပေးချင်ရုံပါလေ၊ မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ကြည့်တဲ့မျက်လုံးအစုံထဲမှာ ကြောက်တတ်တဲ့သမင်မျက်လုံးလို အကြည့်ပါနေရင် ဒါက ယောက်ျားတစ်ယောက်ရဲ့ စိတ်ထဲက သားရိုင်းကောင်လေးကို နိုးထအောင် လုပ်တာနဲ့ အတူတူပဲလို့လေ”
ရန်လျန်သည် ထိုနောက်ဆုံးစကားကို ကြားလိုက်ပြီးနောက် သူမ၏နှလုံးမှာ မြန်မြန်ဆန်ဆန် ခုန်နေသည်ကို လုံးဝ ဝန်ခံလိမ့်မည်မဟုတ်ချေ။
*** ***
ကားသည် ကုမ္ပဏီကို ဖြတ်သွားချိန်၌ ရန်လျန်မှာ ကားပေါ် က ဆင်းနေချင်ခဲ့သည်။ သူမသည် ရွှီဇီချင်းနှင့် တွေ့မည်စိုးသဖြင့် ဆေးရုံသို့ မသွားချင်ခဲ့ပေ။
“ ဆင်းတော့ “ သူပြောလိုက်၏။ ထို့နောက် အားမနာတမ်း ဆက်ပြောလိုက်လေသည်။
“ မင်းပုံစံက မာနကြီးပြီး စိုးမိုးတတ်တဲ့ပုံနဲ့ တကယ်တော့ မင်းက ကြွက်လေးတစ်ကောင်လို ကြောက်နေတာပဲ”
ရန်လျန်သည် သူ့မှတ်ချက်ကို ဂရုစိုက်ရန်ပင် လေးဖင့်နေလေသည်။
“ ကျွန်မ ဆေးရုံမသွားတာက အရေးကြီး လုပ်စရာတွေ ရှိနေလို့ပါ တခြားဘာအကြောင်းမှ မရှိဘူး”
ထိုသို့ ရှင်းပြလိုက်ပြီး ကားပေါ်က ဆင်းကာ ထိုမာနတခွဲသားဗီလိန်၏မျက်နှာရှေ့တွင် တံခါးကို ဝုန်းခနဲ ဆောင့်ပိတ်လိုက်တော့သည်။
ရန်လျန်တွင် အရေးကြီးလုပ်စရာ ရှိနေသည်က အမှန်ပင်။
စောစောက သူမ ကွန်ပလိန့်ဌာနကို ဖုန်းဆက်စဥ်က ဌာနမှူး၏ဆဲရေးခံလိုက်သေးသည်။ ထိုအကြောင်းကြောင့်ပင် သူမပြန်ရောက်သည်နှင့် ချက်ချင်း ကွန်ပလိန်းဌာနသို့ တန်းသွားလိုက်တော့သည်။
နေ့လည်စာ နားချိန်ဖြစ်ပြီး ဝန်ထမ်းအများစုက ကန်တင်းတွင် ရှိနေကြသဖြင့် ရုံးခန်းထဲတွင် လူရှင်းနေသည်။ ရန်လျန်သည် ဌာနမှူးသီးသန့်ရုံးခန်းသို့ တိုက်ရိုက်သွားလိုက်တော့သည်။
ရန်လျန် တံခါးရောက်လာချိန်၌ ဌာနမှူးက သူ့စားပွဲတွင် ထိုင်နေသည်ကို တွေ့လိုက်ရ၏။ သူမ တံခါးခေါက်လိုက်ချိန်၌ ဖုန်းက ရုတ်တရက် မြည်လာတော့သည်။ ဌာနမှူးက ဖုန်းမြန်မြန် ပြန်ဖြေလိုက်၏။
“ နောက်ဆုံးတော့ ကျွန်တော့်ကို ဖုန်းပြန်ခေါ်ပြီပေါ့”
ရန်လျန်၏ တံခါးခေါက်မည့်လက်သည် လေထဲတွင်ရပ်သွားပြီး ချက်ချင်း အေးခဲ့သွားတော့သည်။
မျက်မှောင်ကျုံ့ရင်း ကြိုးစားနားထောင်လိုက်သော်လည်း ဖုန်းပြောနေစဥ် သူ့အမူအရာက အနည်းငယ်ကြောက်ရွံ့နေသည်ကို သတိထားမိသော်လည်း စကားများကို ရေရေရာရာ မကြားရချေ။ “ဟုတ်ကဲ့”
“ဟုတ်ကဲ့”
“ကောင်းပါပြီ”
“...” “....”
ရန်လျန် လှည့်ပြန်ရမလား တွေဝေနေစဥ်မှာပင် ဌာနမှူး၏ စကားကို သူမ ရုတ်တရက် ကြားလိုက်ရတော့သည်။ “ ဒီကုန်ပစ္စည်းတစ်သုတ်လည်း ကွန်ပလိန်းထပ်တက်လာရင် ကျွန်တော် တကယ်ပဲ ထပ်ပြီး ဖုံးကွယ်ပေးနိုင်တော့မှာ မဟုတ်ဘူး.... မစ်ရွှီ....”
“...မစ်ရွှီ....”
*** ***
ရွှီဇီချင်းသည် ဆေးရုံကော်ရစ်ဒါမှ ဖုန်းခေါ်နေခြင်းဖြစ်လေသည်။ “ စိတ်ချပါ ပြဿနာက ဒီတစ်သုတ်ပဲ ဖြစ်တာပါ...”
ရုတ်တရက် ဖုန်းလိုင်းပြတ်သွားလေသည်။
ရွှီဇီချင်း အံ့ဩသွားပြီး “ ဟယ်လို”
“...” “....”
“ဟယ်လို”
တစ်ဖက်က ပြန်မဖြေချေ။ ရွှီဇီချင်း ကြောင်အသွားပြီး ဖုန်းချကာ ထပ်ခေါ်လိုက်လေသည်။ သို့သော် ထိုအချိန်တွင် ခြေလှမ်းများ နီးကပ်လာသံကို ကြားလိုက်ရတော့သည်။
ရွှီဇီချင်း ချက်ချင်း သတိအနေအထားဖြစ်သွား၏။ ထို့နောက် နောက်ကျောဖက်က် ပိတ်နေသည့်တံခါးကို တစ်ချက်ကြည့်လိုက်လေသည်။
“ ဥက္ကဋ္ဌ မရှိဘူးလား”
“ ကျွန်မအဖေ အိပ်နေတာပါ”
“ဒါဆို ကျွန်တော် ရောက်လာတဲ့ အချိန်မှားသွားပြီလား”
ရွှီဇီချင်း၏အပြုံးသည် အမြဲလိုလို ချိုမြလေသည်။
“ ကျွန်မ နေ့လည်စာ သွားစားမလို့ ၊ ရှင် ကျွန်မနဲ့ လိုက်ခဲ့မလား၊ နေ့လည်စာစားပြီးမှ အဖေ့ကို တွေ့ကြမယ်လေ”
သိပ်မကြာခင်မှာပင် သူတို့နှစ်ယောက်သည် ဆေးရုံအနီးရှိ ကြယ်ငါးပွင့်ဟော်တယ် အတွင်းတွင် ထိုင်နေလိုက်ကြသည်။
အပြင်အဆင်မှာ သိမ်မွေ့သည့် ရှန်ဟိုင်းခေတ်ဟောင်းစတိုင် ပြင်ဆင်ထားပြီး ဝိတ်တာများကလည်း ချိုသာသည့် ရှန်ဟိုင်းလေသံဖြင့် ပြောကြလေသည်။ ကျန်းယွိနန် ခေါင်းငုံံ့ကာ မီနူး ကို ဖတ်နေသည်။ ရွှီဇီချင်း၏ အာရုံတို့သည် မီနူးပေါ်တွင် မရှိဘဲ မေးထောက်ကာ မျက်နှာချင်းဆိုင်ကာ ယောကျ်ားကို ကြည့်နေလေသည်။
“ ကျွန်မ အမှတ်မမှားဘူးဆိုရင် မစ္စတာကျန်း ရှင့်ဇာတိက ရှန်ဟိုင်းကပဲ၊ ဒီက ဟင်းပွဲတွေကလည်း ရှန်ဟိုင်းကပဲ၊ ရှင့်အကြိုက် ဖြစ်လောက်တယ်”
“ ဒီတော့ မင်း ဒီဟော်တယ်ကို တမင်ရွေးထားတာပေါ့”
ကျန်းယွိနန်သည် မီနူးကို ဖတ်ရင်း သူမကို ပြန်ပြောလိုက်၏။
“ ကံဆိုးချင်တော့ ကျွန်တော့်မိသားစုက ကျွန်တော် ငယ်ငယ်ကတည်းက ရှန်ဟိုင်ကနေ ပြောင်းသွားကြတာလေ၊ ကျွန်တော့်အကြိုက်ကလည်း ပြောင်းသွားပါပြီ”
ရွှီဇီချင်း မျက်နှာပျက်သွားသော်လည်း ထပ်ပြုံးပြလိုက်လေသည်။
သူ့အကြိုက် ပြောင်းသွားလို့များလား မသိချေ ရွှီဇီချင်းက ဟင်းပွဲတော်တော်များများကို မှာလိုက်သော် သူမ၏မျက်နှာချင်းဆိုင်က ယောက်ျားကတော့ မစားသလောက်ပင်။ ဟင်းများပွဲ တော်တော်များများ ကျန်နေတော့သည်။
စားပြီးသွားသည်နှင့် ရွှီဇီချင်းသည် ဝိတ်တာအား ကျန်နေသည့်ဟင်းပွဲများကို ထုတ်ခိုင်းလိုက်တော့သည်။
သည်အရာက ကျန်းယွိနန်အား ဇဝေဇဝါနှင့် ကြည့်နေမိစေသည်က အမှန်။
ရွှီဇီချင်း ဘေလ် ဆက်ရှင်းလိုက်ပြီး “ ဘာဖြစ်လို့လဲ”
“ ချမ်းသာတဲ့ အမျိုးသမီးတစ်ယောက်က လက်ကျန်ဟင်းတွေကို ထုတ်ခိုင်းတာ ပထမဆုံးတွေ့ဖူးတာပဲ”
“ ဘာလို့လဲဆိုတော့ ဆေးရုံနောက်ကျောက လမ်းကြားထဲမှာ....”
ကျန်းယွိနန် ရုတ်တရက် ဖြတ်ပြောလိုက်၏။
“ မေ့တော့မလို့၊ ရန်လျန် အရင်က ပြောပြဖူးတယ်၊ ဆေးရုံနောက်ကျောက လမ်းကြားထဲမှာ လမ်းဘေးကြောင်တွေ အများကြီးရှိတယ်တဲ့၊ ကျိုးချန်းနဲ့ မင်းက ဟင်းကျန်တွေကို ထုပ်ပြီး သူတို့ကို လာကျွေးတတ်တယ်တဲ့”
“....””...”
ကျန်းယွိနန် ပြုံးလိုက်၏။ သူ့မျက်လုံးများ လင်းလက်လာတော့သည်။
“ မင်းတို့တွေက တကယ် ကြင်နာတတ်တဲ့သူတွေပဲ....”
သည်တစ်ကြိမ်တွင် ရွှီဇီချင်း အမှန်ပင် ရှက်ရွံ့သွားတော့သည်။
ထိုရှက်စိတ်တို့သည် ဆေးရုံကို ရောက်သည်အထိ ပျောက်မသွားသေးချေ။
အဆောင်ထဲတွင် ရွှီကျင်းဖူ နိုးနေပြီဖြစ်၏။ သူ့ပုံမှာ ပိုနေကောင်းလာပုံပေါ်ပြီး တစ်ရေး အိပ်လိုက်သည်က သူ့ကို အများကြီး သက်သာလာစေလေသည်။ ရွှီဇီချင်းနှင့် ကျန်းယွိနန်တို့ တံခါးနားရောက်လာချိန်၌ သူနာပြုဆရာမလေးက ရွှီကျင်းဖူကို ထထိုင်လို့ရအောင် ထူပေးလိုက်လေသည်။
“ အဖေ “ “ဥက္ကဋ္ဌကြီး”
“ မင်းတို့နှစ်ယောက် ဘယ်လိုများ အတူတူရောက်လာကြတာလဲ” ရွှီကျင်းဖူက သူတို့ကို နှုတ်ဆက်လိုက်၏။
“ထိုင်ကြ”
ရွှီကျင်းဖူသည် ဖြေးညင်းစွာပြောနေရပြီး သူ့ပါးစပ်မှာ အနည်းငယ်ရွဲ့နေသေးသယောင် ထင်ရသည်။ ရွှီဇီချင်း လေသံဖြင့် ပြန်ဖြေလိုက်လေသည်။
“ မစ္စတာကျန်းက အဖေ့ဆီ လတ်တလော ကုမ္ပဏီအခြေအနေကို လာတင်ပြတာတဲ့၊ သူလာတုန်းက အဖေ အိပ်နေတာနဲ့ သမီးတို့ နေ့လည်စာသွားလိုက်ကြတာ၊ ဒါကြောင့် အတူတူပြန်လာတာလေ”
ရွှီကျင်းဖူ အမှန်ပင် ကျေနပ်သွားတော့သည်။
“ ကျုပ် မစ္စတာကျန်းရဲ့ အရည်အချင်းကို အသေးဖွဲကအစ ယုံပါတယ်၊ ဘာမှ တင်ပြစရာမလိုပါဘူး”
ရွှီဇီချင်းနှင့် ကျန်းယွိနန်ကို ကြည့်ရင်း သူ့မျက်လုံးမျာသည် အလွန်သိမ်မွေ့လာလေသည်။
ရွှီဇီချင်းသည် သူနပြုဆရာမလေး၏ အလုပ်ကို လွဲယူလိုက်ပြီး ရွှီကျင်းဖူအတွက် သစ်သီး လှီးပေးရင်း ပြောလိုက်သည်။
“ ကျွန်မအဖေက ကျွန်မကို ခဏခဏ ပြောတတ်တယ်၊ ကျွန်မ မစ္စတာကျန်းဆီက သင်ယူဖို့လိုတယ်တဲ့”
ကျန်းယွိနန်သည် ချီးကျူးစကားကို အပြုံးဖြင့် တုန့်ပြန်လိုက်၏။
ရွှီဇီချင်း ပန်းသီးတစ်လုံးခွဲပြီး သူမအဖေကို လှမ်းလိုက်၏။ ထို့နောက် နောက်တစ်လုံးထပ်ခွဲကာ ကျန်းယွိနန်ကို လှမ်းပေးလိုက်လေသည်။ ကျန်းယွိနန်က လှမ်းယူမည်ပြင်လိုက်စဥ်....
အခန်းတံခါးသည် ဝုန်းခနဲ ပွင့်သွားတော့သည်။
ရွှီဇီချင်း အံ့ဩသွားလေသည်။ ရန်လျန်က တံခါးနားတွင် ရပ်လျက်။
အခိုက်တန့်တွင် ရွှီကျင်းဖူလည်း အံ့ဩသွားတော့သည်။
အံ့ဩပုံမပြသည်မှာ ကျန်းယွိနန် တစ်ယောက်သာဖြစ်ပြီး သူ့မျက်လုံးထဲတွင် လျှို့ဝှက်အပြုံးတစ်ခုက အရိပ်ထင်နေ၏။
ရွှီဇီချင်း ရယ်မောလိုက်ပြီး “ နင် ဒီကို ဘာလာလုပ်တာလဲ”
ရန်လျန် သူမကို ကြည့်လိုက်ပြီးနောက် သူမထံ ဖြည်းဖြည်းချင်း ချဥ်းကပ်သွားတော့သည်။
ဖိုင်တွဲအထပ်တစ်ခုက ရွှီဇီချင်း၏မျက်နှာပေါ်က အပြုံးကို အတိအကျ ရိုက်ထုတ်ပစ်လိုက်၏။
ရွှီဇီချင်း၏အပြုံးသည် ရုတ်တရက် အေးခဲသွားတော့သည်။
ဖိုင်သည် ကြမ်းပြင်ပေါ် ပျံ့ကြဲသွားတော့သည်။ ရွှီကျင်းဖူက ဒေါသတကြီး ထအော်ပြန်သည်။
“ ရန်လျန် နင် ဘာလုပ်နေတာလဲ”
ရန်လျန် သူ့စကားကို ကြားလေသည်။ သူမ၏အဖေကို ဖျက်ခနဲကြည့်လိုက်ပြီးနောက် သူမ၏မျက်လုံးများက ရွှီဇီချင်းထံ ပြန်ရောက်သွားပြီး
“ အဖေ့ ချစ်လှစွာသောသမီးကို မေးကြည့်လိုက်လေ၊ သူ ကုမ္ပဏီကို ဘာလုပ်ထားခဲ့လဲလို့”
🌺
No comments:
Post a Comment