အပိုင်း (၆)
ရန်လျန်သည် လေဆိပ်ကိုရောက်မှ သွားမည့်ခရီးစဥ်မှာ နယူးယောက်မှန်း
သိလိုက်ရသည်။
ရွှီကျင်းဖူး၏မူလရည်ရွယ်ချက်သည် မြောက်အမေရိက၏အကြီးဆုံးအလှကုန်ပစ္စည်း
ကုမ္ပဏီနှင့်အတူ စီးပွားရေးမဟာဗျူဟာတစ်ခုကို အကောင်အထည်ဖော်ရန်ဖြစ်၏။ သို့သော်
စာချုပ်ပါ အကျိုးအမြတ်ခွဲဝေမှုကိုတော့ မဆွေးနွေးရသေးပေ။ လွန်ခဲ့သည် နှစ်လလောက်က
ဆွေးနွေးမှု အဆင်မပြေဖြစ်နေစဥ် ကုမ္ပဏီ၏ဥက္ကဋ္ဌဖျားနှာမှုကြောင့် ဒီကိစ္စကို
အခုချိန်ထိ ဆိုင်းငံ့ထားရခဲ့ရသည်။ ကျန်းယွိနန်က ရုံးခန်းကို လက်လွဲယူပြီးနောက်
ဒီကိုင်တွယ်ရခက်ခဲသည့်ကိစ္စကို လက်လွဲယူဖို့ ဆုံးဖြတ်ခဲ့သည်။
နယူးယောက်သည် အမှန်ပင် နေရာကောင်းတစ်ခုဖြစ်၏။
“ကျွန်မပတ်စ်ပိုစ့် အိမ်မှာ ကျန်နေတယ်”
ရန်လျန်သည် ဒွိဟစိတ်ဖြင့် ပြောလိုက်လေသည်။
စိတ်ထဲက ဝေဖန်ပြောဆိုနေလိုက်၏။ ငါ့ရဲ့သူဌေးက အိမ်ပြန်ပြီး
ပတ်စ်ပို့စ်ယူဖို့တောင် ဘယ်လိုများ သတိမပေးဘဲ ငါ့ကို သူ့အိမ်အထိတောင်
ပြန်ပေးဆွဲခဲ့ရသလား။
သူမသည် လေဆိပ်သို့ ပတ်စ်ပို့စ်လာပို့ပေးရန် အိမ်ကို
ဖုန်းဆက်မည်ပြင်လိုက်ရာ ကျန်းယွိနန်က ပတ်စ်ပိုစ့်တစ်ခုကို ချက်ချင်း
လှမ်းပေးလာသည်။ ရန်လျန်က ကြည့်လိုက်ပြီး ဖွင့်ကြည့်လိုက်ရာ
သူမ၏ပတ်စ်ပို့စ်ဖြစ်နေမှန်း တွေ့လိုက်ရတော့သည်။
သူမ အံ့ဩသွား၏။ သူမ၏သူဌေးက တော်တော် အရှက်မဲ့ကာ ပြောလိုက်သည်ကိုလည်း
ကြားလိုက်ရသေးသည်။
“ ငါမင်းကို ဒီခရီးမှာ ခေါ်သွားဖို့ မရည်ရွယ်ထားဘူး၊ ဒါပေမယ့် မနေ့ညက
အချိန်ပိုဆင်းလိုက်ရလို့ မအိပ်လိုက်ရဘူး၊ ငါ မင်း ရုံးခန်းကို လာတဲ့အချိန်ကျတော့
မင်းက နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေတာလေ၊ တနည်းနည်းနဲ့
ငါစိတ်လှုပ်ရှားသွားပြီး မင်းကို ဒီခရီးခေါ်သွားဖို့ ချက်ချင်း ဆုံးဖြတ်လိုက်တာ”
ရန်လျန်သည် ဆွံ့အသွားတော့သည်။ ဒီဖြေရှင်းချက်သည် အလွန်ချစ်စရာကောင်းပါသော်ငြား
အခြေအနေကို စိတ်ပူမိနေရာ သူမကို နည်းနည်း မျက်နှာသာပေးလိုက်သည်ဟု မတွေးရဲခဲ့ပေ။
“ ကျွန်မရဲ့ပတ်စ်ပို့စ်က ဘယ်လိုရောက်လာတာလဲ”
“ မန်နေဂျာကျိုးက ကုမ္ပဏီကို ပို့ပေးလိုက်တာ”
ရန်လျန် အံ့ဩရပြန်သည်။ သို့နှင့် သူမ၏သူဌေး၏မျက်လုံးထဲက
လျှို့ဝှက်စွာရှာဖွေနေသည့် အကြည့်ကိုလွတ်သွားပြီး သူ့စကားကိုသာ ကြားလိုက်ရတော့သည်။
“ မင်း အိပ်နေတုန်းက သူမင်းကို ဖုန်းခေါ်နေ ဆယ်နှစ်ခါမကတော့ဘူး၊
ငါမင်းကိုယ်စား ဖုန်းကိုင်ပေးလိုက်ပြီး မင်းရဲ့ပတ်စ်ပို့စ်ကို ကုမ္ပဏီကို
လာပို့ပေးဖို့ ပြောလိုက်တာ”
သူမလုံးဝ မသိလိုက်မိချိန်၌ ထိုအရာအားလုံး ဖြစ်ပျက်သွားသည်ကို
မယုံကြည်နိုင်ဖြစ်နေမိတော့သည်။ ဒီလူသည် သူမအား အနည်းငယ်ကြောက်ရွံ့လာအောင် လုပ်နေရာ
ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ယာယီပုန်းရှောင်နိုင်မည့် နေရာကို ရှာမိနေ၏။
နောက်ဆုံးတွင် သိပ်မလှမ်းမကမ်းက အတွင်းရေးမှူးလျန်ကို မြင်လိုက်ပြီး ချက်ချင်း
ပြောလိုက်တော့သည်။
“ ကျွန်မ အတွင်းရေးမှူးလျန် check-inလုပ်နေတာ
သွားကူလိုက်အုံးမယ်”
ခရီးရှည်တစ်ခုဖြစ်၏။ သူမ ကျန်းယွိနန်ဘေးတွင် ထိုင်ကာ လိုက်လာလေသည်။
ကံအားလျော်စွာ သူမတွင် မပြီးသေးသည့်အလုပ်ရှိနေရာ ထိုအရာနှင့်ပင်
အချိန်ကုန်အောင်နေလိုက်တော့သည်။
ရွှီအုပ်စု၏လက်ရှိရောင်းအားတွင် အဆင့်မြင့်ဆိုင်ခွဲ၊
အထူးထုတ်ကုန်ဆိုင်များ၊ အဆင့်မြင့်ရေမွှေးဆိုင်များ၊ ဆေးဝါး ၊
ထောက်ပံ့ပစ္စည်းအဖွဲ့၊ လေယာဥ် နှင့် လေဆိပ်၊ မြို့များရှိ အခွန်လွတ်ဆိုင်များ
ပါဝင်လေသည်။
ရန်လျန်သည် လေယာဥ်ပေါ်တွင် အသားတင်အမြတ်ကို တွက်ချက်လို့မရနိုင်သဖြင့်
ကွန်တာပျူတာထဲက ရှိပြီးသားအချက်အလက်များကိုသာ အကျဥ်းချုပ်လုပ်လိုက်တော့သည်။
သို့သော် ဒီလောက်နှင့်ပင် ဆယ်နာရီလောယဥ်ခရီးစဥ်တစ်လျှောက်လုံး အလုပ်များနေတော့သည်။
သူမ၏သူဌေးကတော့
အလွန်သက်သာနေ၏။ လေယာဥ်ပေါ်က ပေးသည့် နယူးယောက် ခရီးသွားမဂ္ဂဇင်းကို
ဟိုလှန်သည်လှန်လုပ်နေသည်။
ပထမတန်းစားအခန်းဖြစ်၏။ သူမ၏ကီးဘုတ် စာရိုက်သံကိုသာ ကြားနေရသည်။ တစ်ချိန်တွင်တော့
ရန်လျန်သည် ဘောပင်ကို ချလိုက်ပြီးနောက် စခရင်ကို အကြာကြီးကြည့်နေရသဖြင့်
မျက်လုံးများညောင်းလာရာ သူမ၏မျက်လုံးကို ညစ်ကာ မှိတ်လိုက်၏။
သူမ၏မျက်ထောင့်မြင်ကွင်းက
ဆွဲဆောင်မှုရှိသည့် ပုံရိပ်၏ ဖမ်းစားခံလိုက်ရတော့သည်။
ရန်လျန်သည် အမှတ်တမဲ့ သူမ၏ဘေးကို ကြည့်လိုက်ပြီးမှာ သူမသည်
ကျန်းယွိနန်၏ပုံရိပ်ကို ကြည့်နေမိမှန်း သတိထားမိသွားတော့သည်။
သူက မျက်လုံးပိတ်ထားတာလား တကယ်အိပ်ပျော်နေတာလားဆိုသည်ကိုတော့ သူမ
သေချာမသိပေ။
ရန်လျန်၏မျက်လုံးများသည် စားပွဲပေါ်က ခရီးသွားမဂ္ဂဇင်းပေါ်သို့
ရောက်သွားပြန်သည်။
ကျန်းယွီနန်သည် လန်ဒန်သို့ရောက်ဖူးသော်လည်း နယူးယောက်ကိုတော့
ရင်းနှီးမည်မဟုတ်ကြောင်း သူမ ရေးရေးလေး မှတ်မိနေ၏။ ရန်လျန်သည် နယူးယောက်နှင့်
ရင်းနှီးသော်လည်း သူမသည် ဓာတ်ပုံများကို ကြည့်လိုက်သည်နှင့် အံ့ဩသွားတော့သည်။
သူမသည် နယူးယောက်တွင် ဒီထက်ပိုလှပသည့် ညမြင်ကွင်းကို တစ်ခါမှ မမြင်ခဲ့ဖူးချေ။
ကျိုးချန်းနှင့် သူမတို့သည် နယူးယောက်တွင် ကျောင်းတက်ခဲ့ပြီး သူတို့ပထမဆုံး
နယူးယောက်ကို ခြေချလိုက်ချိန်က ညပိုင်းဖြစ်လေသည်။
မြို့သည် နီယွန်မီးများနှင့် လင်းထိန်နေပြီး စည်စည်ကားကားပင်...
သူမ၏စိတ်ထဲတွင် တိတ်ဆိတ်သွားပြီး အတိတ်က ထိန်းမရသည့်အမှတ်တရများက
ဝင်ရောက်လာရာ ရုတ်တရက် မသက်မသာ ဖြစ်သွားတော့သည်။
သူမသည် မော့ကြည့်လိုက်ရာ ကျန်းယွိနန်သည် နိုးနေပြီး သူမကို
ငြိမ်ငြိမ်လေးကြည့်နေသည်ကို တွေ့လိုက်ရတော့သည်။
သူ့မျက်လုံးများသည် တည်ငြိမ်သော်လည်း သူ့အကြည့်မှာ အားပြင်းလေရာ
ရန်လျန်မှာ ရုတ်တရက် ရှက်ရွံ့သွားတော့သည်။
ချောင်းခြောက်ဆိုးလိုက်ပြီး လက်ကို စာအုပ်ဆီမှ ဖယ်လိုက်ကာ
ထရပ်လိုက်ပြီး
“ ကျွန်မ သန့်စင်ခန်းသွားလိုက်အုံးမယ်”
ကျန်းယွိနန်က သူမကို ဘာမှပြန်မပြောဘဲကြည့်လိုက်နေရာ သူတို့၏အကြည့်များ
ဆုံသွားတော့သည်။ ထို့နောက် သူမ လျှောက်လမ်းပေါ်သို့ တက်လို့ရအောင်
လမ်းဖယ်ပေးလိုက်လေသည်။
သူမသည်မှန်ကိုကြည့်ရင်း အချိန်တော်တော်ကြာသည်အထိ သန့်စင်ခန်းထဲတွင်
နေနေလိုက်သည်။ သူမသည် ဘာအကြောင်းကြောင့်များ ဤမျှထိခိုက်ခံစားလွယ်နေရသနည်းဟု
စဥ်းစားမိလာ၏။ သူ့ပုံစံမှ အလွန်အင်အားကြီးသယောင် ဖြစ်နေရာ သူမမှာ ပုန်းခိုရန်ပင်
နေရာရှာမတွေ့နိုင်အောင် ဖြစ်ရ၏။ သူမသည် ဖက်ပေါင်းစုံမှ
ဝိုင်းရံခံထားရသလိုခံစားနေရပြီး ရှုံးနိမ့်လုနီးနီးပင်။
လူများ၏စိတ်ထဲတွင် ရှိနေသည့်အရာကို သူ့အကြည့်တစ်ချက်ဖြင့်ပင်
သိနိုင်သည်ဟု လူများကို ခံစားရစေသောကြောင့် ဖြစ်မည်ထင်သည်။
အကြောင်းမှာ သူမ၏ခံစားချက်များသည် ဘယ်တော့မှ
အပြန်အလှန်မရှိခဲ့သောကြောင့် သူမသည် ရှက်ရွံ့ခြင်းကို လုံးဝမခံစားခဲ့ရခြင်း
ဖြစ်မည်ထင်သည်။
အချိန်တိုအတွင်း မရေမတွက်နိုင်အောင် ပြန်လည်သုံးသပ်လိုက်ပြီးနောက်
ရန်လျန် သန့်စင်ခန်းမှ ထွက်လာခဲ့၏။
သန့်စင်ခန်းမျက်နှာချင်းဆိုင်၏ ကျဥ်မြောင်းသည့်လျောက်လမ်းပေါ်တွင်
ရပ်နေသူက ကျန်းယွိနန်။
သူသည် လက်ပိုက်ပြီး မျက်နှာသေဖြင့် သူမကို စောင့်နေလေသည်။
ရန်လျန်သည် သူ သန့်စင်ခန်းချင်သည်ဟု ထင်လိုက်သော်လည်း သူ့ပုံစံက
ဝင်သွားမည့်ပုံလည်း မပေါ်ချေ။ သူ့အား ရှောင်ရန် ဘေးဖက်လမ်းကို လှည့်ထွက်လာပြီး
သူမ၏ထိုင်ခုံဆီသို့ သွားရန် ကြိုးစားလိုက်တော့သည်။
သူမ ဆက်လျှောက်မည်ပြင်လိုက်စဥ်မှာပင် ကျန်းယွိနန်၏လက်သည် ရုတ်တရက်
နံရံကို ထောက်လိုက်ပြီး သူမကို နံရံနှင့်ကပ်ကာ ဖိထားလိုက်၏။
သူမ သူ့အား သဘောမကျသည့်အကြည့်ဖြင့် ကြည့်လိုက်ပြီး
“ ရှင်.... ...”
“ ငါ့သတင်းမှန်တယ်ဆိုရင် မန်နေဂျာကျိုးက မင်းအစ်မနဲ့ စေ့စပ်ထားတဲ့သူ”
သူရုတ်တရက် ပြောလိုက်လေသည်။
ရန်လျန် မျက်မှောင်ကျုံ့လိုက်မိ၏။
ကျန်းယွိနန်၏ ပုံမှန်ခံစားချက်မဲ့နေသည့်မျက်နှာသည် ရုတ်တရက်
အပြုံးရိပ်တစ်ခုကို ထုတ်ပြလိုက်ပြီး
“ မင်းအစ်မရဲ့စေ့စပ်ထားတဲ့သူကို စိတ်ဝင်စားနေတာက မင်းအတွက်တော့
လွယ်မှာမဟုတ်ဘူးနော်”
သူသည် သရော်ပြုံး ပြုံးလိုက်လေသည်။
ရန်လျန်သည် သူမအား မေးခွန်းတစ်ခုဖြင့် ဤသို့စိတ်ပျက်စရာကောင်းပြီး
ထိန်းချုပ်လို့မရနိုင်သည့် အခြေအနေအထိ တွန်းအားပေးခံလိုက်ရမည်ဟု
လုံးဝကြိုမသိခဲ့ချေ။ သူမ၏ဒေါသကို ထိန်းမနိုင်တော့လောက်အောင် ဖြစ်သွားပြီး သူမ
ပြန်ပြောလိုက်တော့သည်။
“ ကျွန်မက သူ့ကိုချစ်နေပါတယ်လို့ ဘယ်ဟာက ရှင့်ကို ထင်စေတာလဲ၊ သူက
ရွှီဇီချင်းရဲ့စေ့စပ်ထားတဲ့သူပါလို့ရော ဘာက ရှင့်ကို ထင်စေတာလဲ”
သူမက သူ့ကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်တွင် သူ့အကြည့်သည်
သူမ၏မျက်နှာပေါ်တွင် အခိုက်အတန့် ကျရောက်သွားတော့သည်။ ထို့နောက် သူသည်
သူမ၏မေးစေ့ကို ဆွဲပင့်လိုက်၏။ ရန်လျန်သည် ရုန်းလိုက်ရာ သူမသည်
ချောင်ပိတ်မိသွားသည်ဟု ခံစားလိုက်ရတော့သည်။
သူသည် သူမကို အတန်ကြာအောင် စိုက်ကြည့်လိုက်ပြီးနောက် သူမ၏မေးကို
လွှတ်ပေးလိုက်ပြီး
“ ငါ့မျက်လုံးတွေကို လှည့်စားနိုင်တာ မရှိသလောက်ပဲ”
ရန်လျန်သည် အဝေးတစ်နေတွင်ရပ်ကာ သူတို့ကို ကြည့်နေသည့် လေယာဥ်မယ်၏သံသယ
တိုးလာမည်ကို မစိုးရိမ်ခဲ့လျှင် သူမသည် ပြဿနာကို အင်အားဖြင့် ဖြေရှင်းလိမ့်မှာပင်။
သူသည် သရော်ကာ ရယ်လိုက်ပြန်သည်။ သူမလည်း သူ့ကို အမှုမထားပဲ
ပြန်ပြုံးပြလိုက်ပြီးနောက် သူ့နက်တိုင်ကို ဆွဲကာ သူ့ခေါင်းကို သူမနားရောက်အောင်
ဆွဲလိုက်လေသည်။
သူမသည် သူ့မျက်လုံးများကို တည့်တည့်လိုက်၏။ သူတို့၏မျက်လုံးများသည်
အချင်းချင်း ရောင်ပြန်ဟပ်နေပြီး သူ့ကို ဒေါသထွက်လိုက်ခြင်း သူမကို
ပူလောင်လာစေတော့သည်။
“ ရှင်က ကျွန်မစိတ်ထဲမှာ ဘာတွေစဥ်းစားနေတယ်ဆိုတာကို မြင်နိုင်တယ်ပေါ့လေ”
သူသည် ဂရုစိုက်ဟန်မတူချေ။ သူသည် သူမ၏ဒေါသကို
အတန်ငယ်သည်းခံနေသည့်ဟန်ဖြင့် ပြောလိုက်လေသည်။
“ မင်းမျက်လုံးထဲမှာ မင်းက တစ်ခုခုကို ဖုံးကွယ်ဖို့ ကြိုးစားနေတာကို
ငါမြင်နိုင်တယ်လေ”
သူမသည် သူ့ကို ပိုနီးကပ်အောင် ဆွဲချလိုက်ပြီး ခနဲ့တဲ့တဲ့ လေသံဖြင့်
“ ဒါဆို ရှင် ကျွန်မမျက်လုံးကို တစ်ချက်လောက်ကြည့်ပြီးတော့
မြင်လိုက်မှာပေါ့၊ ကျွန်မက ကျန်းယွိနန်ဆိုတဲ့လူကို မောက်မာပြီး ကိုယ့်ဟာကို
အထင်ကြီးတဲ့သူလို့ ထင်နေတဲ့လူလို့ တွေးနေတာကိုလေ....”
သူမ၏လက်သည် သူ့နက်တိုင်ကို တင်းကျပ်စွာ ဆုပ်ထား၏။
သူသည် ဖြည်းညင်းစွာပြုံးလိုက်ပြီး ထိုအပြုံးမှာ ပြောင်းလဲသွားတော့သည်။
သည်လူ၏အာရုံသည် သူမမျက်လုံးနားတွင် မရှိတော့ချေ။
အခိုက်အတန့်တွင် သူ့မျက်လုံးများသည် သူမ၏နှုတ်ခမ်းနားတွင်
အကြောင်းအရင်းမသိ စိုက်ကြည့်နေသည်ကို ရန်လျန် သတိထားမိသွားတော့သည်။
သူမ တုန့်ပြန်ချိန်ပင် မရလိုက်ချေ။
သူမ၏လက်သည် သူ့နက်တိုင်ကို လွှတ်လိုက်သော်လည်း
ပြန်ဖမ်းဆွဲထားခံလိုက်ရတော့သည်။
“ မင်း ငါ့ဆီမှာ အကြွေးရှိသေးတာကို မေ့သွားပြီလား”
လွန်ခဲ့သည့်ငါးနာရီက သူ့အိမ်တွင် အစပြုခဲ့သည့် ထိုအနမ်းသည်
နောက်ဆုံးတော့ သူမ၏အေးစက်စက်နှုတ်ခမ်းပေါ်သို့ ကျရောက်သွားတော့သည်။
*** ***
ရန်လျန်သည် မြန်မြန် ခုခံလိုက်ကာ သူ့ကို ရုတ်တရက်တွန်းလိုက်၏။
သို့သော် ဒီလူသည် အလွန်မောက်မာပြီး သူမက သူ့အား တွန်းလိုက်သည်တွင် သူက
သူမကို အနားသို့ ဆွဲကပ်လိုက်လေသည်။
သည်တစ်ကြိမ်တွင် သူမ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အကြားအလပ်မရှိ
သူ့ခန္ဓာကိုယ်၏ တင်းတင်းကြပ်ကြပ် ဖိထားခံလိုက်ရ၏။ သူမသည် သူ့ရင်ဘတ်ကို တွန်းကာ
အလိုမတူကြောင်း ငြင်းဆန်လိုက်သော်လည်း သူ့အား လှုပ်ပင် မလှုပ်နိုင်ခဲ့ပေ။
ကျန်းယွိနန်၏အနမ်းကို ငြင်းဆန်လို့ မရနိုင်ဖြစ်နေ၏။ ရန်လျန်သည်
ခုခံပါသော်လည်း သူ့မျက်လုံးထဲတွင် နွေးထွေးမှုမရှိဘဲ ထူးထူးဆန်းဆန်း အေးစက်မှုတစ်ခုကိုသာ
မြင်လိုက်ရလေသည်။
အဟုတ်ပဲ။ သူ့မျက်လုံးတွေက အေးစက်ပြီး ရက်စက်တတ်တဲ့ပုံပဲ။
အေးစက်လွန်းတာမှ ဒီအခိုက်တန့်လေးမှာ သူ ငါ့ကို မုန်းနေတယ်လို့တောင်
ထင်ရတယ်....
...
အမုန်း။ ပထမဆုံး အဖေက ငါ့ကို မုန်းတယ်။ အခုကျတော့ ဒီလူက ငါ့ကို
အရမ်းမုန်းနေတယ်။ သူ ငါ့ကို ဖျက်ဆီးပစ်ချင်တော့မတတ်ပဲ။
နောက်ဆုံးတွင် သူသည် သူမကို လွှတ်ပေးလိုက်လေသည်။ ရန်လျန်သည် ချက်ချင်း
သူ့ပါးကို ရိုက်ပလိုက်တော့သည်။
သူ သူမကို မတားပေ။ ပြတ်ရှရှအသံတစ်ခုနှင့် ကျန်းယွိနန်၏မျက်နှာသည်
ရုတ်တရက်နီရဲသွားတော့သည်။
ရန်လျန်လည်း အံ့ဩသွား၏။ မယုံကြည်နိုင် ဖြစ်ရတော့သည်။
ပြီးခဲ့သည့်အခေါက်က သူမသည် ရွှီဇီချင်းကို ပါးချချင်ခဲ့၏။ သို့သော် သူက
သူမလက်ကောက်ဝတ်ကို အလွယ်တကူ ဖမ်းထားနိုင်ခဲ့သည်။ သို့တိုင် ယခုတော့ သူသည် သူမကို
မတားချေ။
ကျန်းယွိနန်သည် သူ့မျက်နှာကို လက်ချောင်းများနှင့် ထိလိုက်ပြီးနောက်
သူ့နှုတ်ထောင့်များသည် ကွေးတက်သွားကာ အပြုံးတစ်ခု ဖြစ်သွားတော့သည်။ ငါ မင်းကို
ရိုက်ခွင့်ပေးခဲ့လို့နော်၊ ငါသာ ခွင့်ပြုခဲ့ရင် မင်းငါ့ကို
ရိုက်ဖို့ခွန်းအားတောင်မရှိဘူးဟု သူမကို သတိပေးနေသယောင်။
ရန်လျန်သည် သည်တစ်ကြိမ်တွင်တော့ သူ့မျက်နှားထားကို ဖော်ပြရန်
နောက်ဆုံးတော့ စကားလုံး တစ်လုံးရှာတွေ့သွးတော့သည်။ မလေးစားမှု။
ဒါသည် သူမအား ပို၍ မုန်းတီးလာစေတော့သည်။ မျက်လုံးထဲတွင်
တစ်လက်လက်ဖြင့် သူမသည် အနီးဆုံးခရီးသည်၏ စားပွဲက ရေခွက်ကို ကောက်ယူလိုက်ကာ
သူ၏ချောမောလှသော်လည်း ရွံစရာကောင်းသည့်မျက်နှာကို ရေဖြင့်ပက်ရန် ကြိုးစားလိုက်၏။
သည်တစ်ကြိမ်တွင်တော့ ကျန်းယွိနန်သည် သူမ၏ခါးကို သေသေချာချာ
ဖမ်းဆုပ်ထားတော့သည်။
ရန်လျန်သည် လွှတ်အောင် ကြိုးစားလိုက်ပါသော်လည်း သူက
ကျန်သည့်လက်တစ်ဖက်ဖြင့် သူမလက်ထဲက ဖန်ခွက်ကို အလွယ်တကူယူလိုက်ပြီး
အကုန်မော့သောက်လိုက်တော့သည်။
“ ငါ မင်းကို နမ်းပြီးတော့ ရေဆာနေတာလေ”
ကျန်းယွိနန်သည် သူ့လက်ထဲက ဖန်ခွက်ကို မြောက်ပြလိုက်ပြီး သရော်ပြုံး
ပြုံးလိုက်တော့သည်။
“ကျေးဇူး”
ရန်လျန်၏စိတ်တို့သည် တော်တော်ကြာသည်အထိ လုပ်ဆောင်ချက် ရပ်တန့်သွားတော့သည်။
သူ၏ရက်စက်သည့် အကြည့်အောက်တွင် သူ့ဆီက ဖန်ခွက်ကို လှမ်းယူဖို့ကြိုးစားလိုက်၏။
လေယာဥ်မယ်လေးသည် အခြေအနေဆိုးလာသည်ကို သဘောပေါက်သွားပြီး ဖျန်ဖြေပေးရန်
မြန်မြန်လျှောက်လာလိုက်၏။ နှစ်ယောက်သားကြားက ပြန်အလှန်ရုန်းကန်မှု ရလာဒ်အနေဖြင့်
ကျန်းယွိနန်သည် မတော်တဆ လေယာဥ်မယ်လေးပေါ်သို့ ရေများ ဖိတ်ကျအောင်
လုပ်မိသွားတော့သည်။
ရန်လျန်သည် ရုတ်တရက် လက်တွေ့အဖြစ်အပျက်ဆီသို့ အာရုံပြန်ရောက်လာပြီး
လေယာဥ်မယ်လေး၏ ခါးစည်းပေါ်တွင် ရေများစိုသွားသည်ကို မြင်လိုက်ရပြီး ချက်ချင်း
တောင်းပန်လိုက်လေသည်။
“ ကျွန်မ တောင်းပန်ပါတယ်နော်... ....”
“ ကျွန်တော် တောင်းပန်ပါတယ်”
ကျန်းယွိနန် ပြောလိုက်၏။ သူ့အသံမှာ အထက်စီးမဆန်သလို စိုးရိမ်သံလည်း
မပါချေ။
ထိုသို့ပြောလိုက်ပြီး သူသည် လေယာဥ်မယ်လေးကို မုန့်ဖိုးနှင့်
တစ်ရှူးတစ်ရွက် လှမ်းပေးလိုက်လေသည်။ လေယာဥ်မယ်လေးက မုန့်ဖိုးကို လက်မခံဘဲ
တစ်ရှူးကိုသာယူလိုက်ပြီး ပညာသားပါပါပြုံးလိုက်ကာ
“ ကိစ္စမရှိပါဘူးရှင်”
ကျန်းယွိနန် လှည့်ထွက်သွားသည်နှင့် လေယာဥ်မယ်လေးသည် ရန်လျန်ကို
အကြံပေးလိုက်လေသည်။
“ မစ် ကျွန်မက ရှင်တို့ ချစ်သူစုံတွဲတွေနဲ့ ဘာမှတော့မဆိုင်ပါဘူး၊
ဒါပေမယ့် လေယာဥ်ပေါ်မှာ စကားမများကြတာ ပိုကောင်းပါတယ်၊ ဒီလူကြီးမင်းကလည်း
သဘောထားကြီးတဲ့ပုံပါပဲ”
ရန်လျန်သည် ကူကယ်ရာမဲ့ ခံစားလိုက်ရပြီး စိတ်ပျက်သွားတော့သည်။ သူမသည်
ရှင်းပြမည်ပြင်လိုက်စဥ် ကျန်းယွိနန်က ပြန်လှည့်လာကာ လေယာဥ်မယ်လေးကို
ပြုံးပြလိုက်ပြီး ရန်လျန်၏လက်ကို ဆွဲကာ နေရာသို့ ပြန်လာလိုက်လေသည်။
သူတို့သည် လေယာဥ်မယ်လေး၏ အစာအစားလှည်းကို ဖြတ်လာချိန်၌ ကျန်းယွိနန်က
အပေါ်တွင် မုန့်ဖိုးတင်ပေးခဲ့လိုက်သည်။
ဒီလူဟာလေ တကယ်ပဲ လူတွေကို ငွေနဲ့ဝယ်ဖို့ ရည်ရွယ်ထားတာပဲ_
ရန်လျန် ဒေါသထွက်သွားပြီး သူလက်ကို အားဖြင့် တွန်းဖယ်လိုက်တော့သည်။
သူမသည် လေယာဥ်ပေါ်တွင် အမှတ်တမဲ့ ရုပ်ပျက်ဆင်းပျက်
ဖြစ်အောင်လုပ်ခဲ့မိပြီး အပြင်လူများရှေ့တွင် သူမကိုယ်သူမ ဟာသတစ်ခုလို
လုပ်ခဲ့မိလေသည်။ သူသည် သူမဘဝတွင် တွေ့ဖူးသည့် အားအကြီးဆုံးရန်သူဖြစ်ကြောင်း
တိတ်တဆိတ် သဘောပေါက်သွားတော့သည်။
ဒီလူရှေ့တွင် သူမသည် ရှင်းမပြတတ်အောင် အနည်းငယ် ကြောက်ရွံ့သလို
ခံစားနေရလေသည်။
ကျန်ခရီးစဥ်တစ်ခုလုံးတွင် ရန်လျန်သည် သူ့အား ပြဿနာရှာ
ခွင့်မပေးတော့ရန် ဆုံးဖြတ်ထားလိုက်တော့သည်။ သူမ၏ထိုင်ခုံကို ညှိလိုက်ပြီး
မျက်လုံးပိတ်ကို ဝတ်လိုက်ကာ နေကာလိုက်ကာကို ဆွဲချလိုက်ပြီး စောင်ခြုံပြီး အိပ်ရန်
ပြင်လိုက်တော့သည်။
နာရီဝက်ကျော်သည်အထိ သူမသည် အိပ်မပျော်နိုင် ဖြစ်နေ၏။
အခန်းထဲက အပူအချိန်သည် နိမ့်နေသော်လည်း သူမ၏အုံးနှောက်မှာ ပူထူကာ
ရှုပ်ထွေးနေတော့သည်။ သူမသည် ကြိုးစားအိပ်ရန် တစ်ဖက်သို့ လှည့်လိုက်စဥ် စောင်မှာ
အနည်းငယ်လျှောကျသွားတော့သည်။ စောင်ကို ဆွဲတင်ရန် သူမ၏လက်ကို မထုတ်လိုက်ချင်မှာ
စောင်သည် နေရာမှန်ပြန်ရောက်သွားတော့သည်။ ဘယ်သူလုပ်ပေးလိုက်သည်ကို သူမသိလိုက်ပြီး
လန့်ဖျတ်သွားတော့သည်။ သူမ၏မျက်လုံးများကို မျက်လုံးကာဖြင့် ကွယ်ထားသော်လည်း
မသိစိတ်က သူမ၏မျက်လုံးများကို ဇွတ်ဖိအတင်း မှိတ်လိုက်လေသည်။
သူမ၏နဖူးပေါ်တွင် သူ၏စိုစွတ်စွတ် ရှူထုတ်လိုက်သည့်လေကို
ခံစားလိုက်ရပြီး
“ အိပ်မက်လှလှ မက်ပါစေနော်”
ကျန်းယွိနန်သည် သူမ၏နားထဲသို့ တိုးညင်းပျော့ပြောင်းစွာ
ပြောလိုက်လေတော့သည်။
. . .
🌺
No comments:
Post a Comment