သူမ၏ပခုံးပေါ်တွင် တစ်စုံတစ်ခုက လွှမ်းခြုံထား၏။
ရန်လျန်သည် သတိလစ်နေရာမှ ရုတ်တရက် နိုးထလာပြီး ငုံ့ကြည့်လိုက်၏။ ကုတ်အင်္ကျီတစ်ထည်က သူမခန္ဓာကိုယ်ပေါ်တွင် နေရာယူထားလေသည်။
သူမသည် ဖယ်လိုက်ဖို့ အချိန်မရလိုက်ပေ။ လက်တစ်ဖက်သည် သူမ၏ပခုံးတစ်ဖက်ပေါ်သို့ ကျရောက်လာပြီး သူမကို ဆုပ်ကိုင်ထားကာ အားလုံးရှေ့တွင် သူမသည် ဓာတ်လှေကားဆီသို့ ခေါ်သွားခံလိုက်ရလေသည်။
ဓာတ်လှေကားသည် အောက်ဖက်သို့ တဖြည်းဖြည်း ဆင်းသွားလေသည်။ ဓာတ်လှေကားထဲတွင် လူနှစ်ယောက်သာရှိ၏။
ရန်လျန်သည် ခေါင်းနည်းနည်းကိုက်လာတော့သည်။ ဓာတ်လှေကားထဲက အလင်းသည် ယောက်ျား၏မျက်နှာကို အရိပ်ထင်နေစေသည်။
“ကျန်းယွိနန်”
ထိုစကားကိုကြားလိုက်ပြီး ထိုလူက ပြန်ပြုံးပြလိုက်၏။
သူ့အပြုံးသည် အလွန်ပေါ့ပါးသော်လည်း သူ့မျက်လုံးများသည် ရန်လျန်၏မျက်လုံးတွင် ရောင်ပြန်ဟပ်နေသည်။
သူ့အသံသည် ကြည်လင်၏။ သူသည် သူမကို လှည့်ကြည့်လိုက်ပြီး
“ မင်း ငါ့နာမည်ကို သိပြီးသားဆိုတော့ မင်းနာမည်ကိုရော မပြောတော့ဘူးလား”
ရန်လျန်သည် သည်နေ့သူမကို ကယ်ခဲ့သည့်လူကို နှုတ်ဆိတ်ကာ ကြည့်နေလိုက်သည်။ သို့သော် သူသည် သည်ကပ်ဆိုး၏ အဓိကတရားခံပင်။ အခိုက်တန့်တွင် ပြန်ဖြေဖို့ရာ တွေဝေသွားမိသည်။
***
အတန်ကြာအောင် တွေဝေနေပြီးနောက် သူမ၏ပါးဖွင့်ကာ ပြောလိုက်တော့သည်။
“ရန်လျန်”
သူမသည် ထိုသို့ပြောလိုက်သည်နှင့် ထိုလူသည် သူမ၏မျက်နှာကို သေသေချာချာကြည့်နေရာ ရန်လျန်သည် သူမအား ရုတ်တရက်ခပ်ရေးရေးပြုံးပြလိုက်ပုံကို မြင်လိုက်ရပြီး အလွန်နေရခက်သွားတော့သည်။
“မူလပထမ ဒေါသကြီးတဲ့ ရွှီမိသားစုဝင် ဒုတိယမျိုးဆက်ပဲ”
သူ့မျက်နှာထားကိုကြည့်လိုက်ပြီးနောက် ရန်လျန်လည်း လိုက်ပြုံးမိသွားတော့သည်။ သူမကိုယ်သူ ပြန်ငုံ့ကြည့်လိုက်ပြီးနောက် မှတ်ချက်ပေးလိုက်လေသည်။
“ ရှင်မြင်တဲ့အတိုင်းပဲ အခုတော့ ကျွန်မ ဒီအခြေအနေဖြစ်နေတယ်၊ ကျွန်မကိုယ်တိုင် အနိုင်ကျင့်ခံနေရတာ အသိသာကြီးပါ၊ ကျွန်မက ဒေါသကြီးတဲ့ပုံနေလို့လား”
သည်အမျိုးသမီး၏ ကိုယ့်ဟာကိုယ် အပြစ်တင်နေသည့်မှတ်ချက်က သူ့ထံမှ မျက်မှောင်ကျုံ့ထားသည့် အကြည့်တစ်ခုကို ဆွဲဆောင်လိုက်လေသည်။
“ ဒါပေမယ့် မင်းဝမ်းနည်းနေတာကိုလည်း ငါ မမြင်ရဘူးလေ”
“ ဝမ်းနည်းရမယ့် အချိန်မှမဟုတ်တာ”
‘တင်း’ အသံတစ်ခုဖြင့် ဓာတ်လှေကားသည် မြေအောက် ကားပါကင်သို့ ရောက်ပြီးဖြစ်ကြောင်း အချက်ပြလိုက်လေသည်။ ရန်လျန်သည် ပင့်သက်ရှိုက်လိုက်ပြီး သူ့ကုတ်အင်္ကျီအနွေးထည်ကို ချွတ်လိုက်ကာ သူ့အား ပြန်ပေးလိုက်ပြီး
“ ရှင် ကျွန်မတို့ကုမ္ပဏီကို အလုပ်ကိစ္စလာတာပဲ ဖြစ်ရမယ်ံ, ကျွန်မ ရှင့်ကို မနှောင့်ယှက်တော့ပါဘူး”
စကားဆုံးသည်နှင့် သူမ ဓာတ်လှေကားထဲက ထွက်လာခဲ့လိုက်သည်။ သည်အခိုက်တွင် အနောက်ဘက်မှ လက်တစ်ဖက်သည် သူမ၏ပခုံးကို လှမ်းကိုင်လိုက်၏။ ရန်လျန်လှည့်ကြည့်လိုက်ရာ သူက သူမ၏လက်မောင်းပေါ်က အနီစက်များကို မေးထိုးပြလိုက်သည်ကို မြင်လိုက်ရလေည်။
“ မင်း ဆေးရုံသွားဖို့လိုတယ်နော်”
“ ရှင်က ရန်သူလား မိတ်ဆွေလားတောင် ကျွန်မ မသိသေးဘူး၊ ရှင်က နှစ်ခုလုံးမဟုတ်ဘူးဆိုရင်တော့ ကျေးဇူးပြုပြီး ကျွန်မကို ဂရုမစိုက်ပါနဲ့”
သူမ ပြောလာသည့်စကားကို နားထောင်လိုက်ပြီးနောက် ကျန်းယွိနန်၏မျက်ခုံးများ ရုတ်တရက် တွန့်ချိုးသွားတော့သည်။ သို့သော် မကြာလိုက်ချေ မျက်ခုံးများ ပြန်ပြေလျေ့သွားပြီး ပုံမှန်ပေါ့ပေါ့ပါးပါးအပြုံးတစ်ခု ပြန်ဖြစ်သွားပြီး
“ ယောက်ျားတွေက ဗီဇအရ မိန်းမလှလေးတစ်ယောက်ကို စိတ်ဝင်စားတတ်ကြပါတယ်၊ မင်းကိုယ်မင်း ယုံကြည်ချက်အဲလောက် နိမ့်ထားစရာမလိုပါဘူး”
ရယ်စရာတစ်ခုလို ပညာသားပါပါ ပြောလိုက်ရာ ရန်လျန်သည် သူ့အား ဒီတစ်ချက်တော့ အတော်လေးစားမိလေသည်။ သို့သော် သူမသည်ပြန်မဖြေလိုက်ပေ။ ထိုလူသည် ဓာတ်လှေကားတံခါးကို ပိတ်လိုက်ပြီးနောက် သူ၏ စိမ်ပြေနပြေအမူအရာနှင့် စူးရှသည့်မျက်လုံးများ ပျောက်ကွယ်သွားတော့သည်။ ရန်လျန် နာရီကို ကြည့်၏။ ၁၀နာရီထိုးတော့မည်။
သူမ၏ကားသည် အနီးအနားတွင် ထိုးထား၏။ ရန်လျန် သူမ၏ကားကို တွေ့သွားပြီးနောက် ကားကို မှီထားလိုက်လေသည်။ နောက်ဆက်လုပ်မည့်အစီအစဥ်ကို စဥ်းစားလိုက်သော်လည်း အကြောင်းမတိုက်ဆိုင်စွာ ဖုန်းက မြည်လာတော့သည်။
နံပါတ်ကို ကြည့်လိုက်ရာ ခေါ်ဆိုသူမှာ ရွှီဇီချင်း။ ရန်လျန်သည် ဖုန်းချမည်ပြလိုက်ပြီးမှ စိတ်ပြောင်းလိုက်ပြီး ဖုန်းကိုင်လိုက်တော့သည်။
“ရန်လျန် နင်အခု ဘယ်မှာလဲ”
ရွှီဇီချင်း၏အသံသည် အလွန်စိုးရိမ်ဟန်ပြနေပြီး
သည်ကိုယ်ချင်းစာတရားဖြင့် ခေါ်လိုက်သည့်ဖုန်းသည် ရွှီကျင်းဖူရှေ့တွင်
ရှိုးလုပ်ရန်ဖြစ်နိုင်ရာ ရန်လျန်သည် သူမ၏စကားကို ငြိမ်သက်စွာ နားထောင်လိုက်တော့
သူမက ဆက်သရုပ်ဆောင်လေသည်။
“ ငါ နင့်ကို ပြန်ပို့ပေးဖို့ ဒရိုင်ဘာကို ပြောလိုက်မယ်နော်၊ ငါ
အားလုံးကို ရှင်းလိုက်ပါ့မယ် နင် အဖေ့ကို စိတ်မဆိုးနဲ့တော့နော်”
“ ရွှီဇီချင်း” ရန်လျန် အေးအေးစက်စက် ပြန်ပြောလိုက်သည်။
ဖုန်း၏နှစ်ဖက်လုံးတွင် အခိုက်အတန့် ငြိမ်သက်သွားပြီး ရန်လျန်ပြုံးကာ
ပြောလိုက်၏။
“ သရုပ်ဆောင်ရမယ့်သူက နင်မဟုတ်ဘူးနော်”
သူမကို ပြန်ပြောပြီးသည်နှင့် ဖုန်းချလိုက်တော့သည်။
နောက်တစ်စက္ကန့်တွင် သူမနှင့် မဝေးလှသည့်နေရာတစ်ခုက တအံ့တဩမေးခွန်းတစ်ခု
ကြားလိုက်ရတော့သည်။
“ရန်လျန်”
ရန်လျန်လှည့်ကြည့်လိုက်ရာ ကျိုးချန်းက သူ့ကားရှေ့တွင် ရပ်နေ၏။
“ နင် ဒီမှာ ဘာလို့ စောင့်နေတာလဲ” ကျိုးချန်း၏မျက်နှာသည်
တွေဝေသွားတော့သည်။
ရန်လျန် ခေါင်းခါပြလိုက်ကာ တီးတိုးရေရွတ်လိုက်သည်။ “
ဘာမဖြစ်ပါဘူး....”
ထိုနေရာတွင် သူမ စောင့်နေသည်ကိုမြင်လိုက်ပြီးနောက် သူ့အကြည့်များသည်
လှုပ်ရှာသွားပြီး သူမ၏အဝတ်အစားများသည် ရေစိုနေကာ လက်မောင်းမှာ ရောင်နေသည်ကို
ချက်ချင်း တွေ့သွားတော့သည်။
“ ဘယ်လိုဖြစ်တာလဲ”
ရန်လျန်၏မျက်နှာသည် မျက်ရည်များလွှမ်းသွားပြီးနောက် ခက်ခက်ခဲခဲ
ပြုံးကာ ပြောလိုက်တော့သည်။
“တကယ် ဘာမှမဖြစ်ပါဘူး”
ကျိုးချန်းသည် အလွန်ဒေါသထွက်သွားပြီး သူမျက်နှာမှာ
အလွန်တင်းမာသွားတော့သည်။ ဘာဖြေရှင်းချက်မှ မတောင်းတော့ဘဲ သူ့ကားဆီသို့ ချက်ချင်း
လှည့်ထွက်သွားပြီး
“ ငါ နင့်ကို ဆေးရုံလိုက်ပို့ပေးမယ်”
“ နင် ၁၀နာရီဆို အလုပ်တက်ရမှာမလား”
“ နင်က အဲလိုချည်းပဲ ..... ငါ အလုပ်သွားဖို့ စိတ်ပါနေတယ်လို့
ထင်နေတာလား”
ရန်လျန်သည် လိုက်လျောကာ ကားဆီသို့ သူ့နောက်မှ လိုက်သွားလိုက်တော့သည်။
ကျိုးချန်းသည် ကားစက်နှိုးလိုက်ပြီး လက်တစ်ဖက်ကို စတီယာတိုင်အား ကိုင်ထားပြီး
ကျန်တစ်ဖက်က သူမကို တစ်ရှူးလှမ်းပေးလိုက်လေသည်။
“ နင်လေ တကယ် ငါ့ကို လန့်အောင်လုပ်တယ်”
“ ဘာလုပ်လို့လဲ”
“ နင်ငိုတာ မမြင်ရတာ ဆယ်နှစ်လောက်ရှိပြီလေ၊ အခုက ဘာဖြစ်တာလဲ”
***
ထိုနေ့က ရန်လျန်သည် အိမ်တော်ကို မပြန်တော့ဘဲ ထိုနေ့ညအတွက်
သူမ၏ကိုယ်ပိုင် တိုက်ခန်းငယ်လေးတွင်သာ နေလိုက်တော့သည်။ သို့သော် ဖိတ်ခေါ်မထားသည့် ဧည့်သည်က
ပေါ်လာလေသည်။
တံခါး၏ ချောင်းကြည့်ပေါက်မှတဆင့် ရန်လျန် အပြင်ဘက်က ရွှီဇီချင်းကို
မြင်လိုက်၏။ သူမသည် ခဏတာ တွေဝေသွားပြီးနောက် တံခါးဖွင့်ပေးလိုက်လေသည်။
ရွှီဇီချင်းသည် ရန်လျန်၏လက်မောင်းကို အပူလောင်လိမ်းဆေး လိမ်းထားပြီး
လက်ထဲတွင် ဝိုင်နီတစ်ခွက် ကိုင်ထားသည်ကို မြင်လိုက်၏။
“ ဝမ်းနည်းနေတာပေါ့ အာ.... နင်က ဒီမှာ လာပုန်းပြီး သောက်နေတာပဲ”
ရန်လျန်သည် သူမကို ဂရုစိုက်ဖို့ရာ အာရုံမရချေ။
“ နင် ငါ့ကို ဝင်လာဖို့ မခေါ်တော့ဘူးလား”
“ ငါ အခုလေးတင်ပဲ အန်တီကို အိမ်ရှင်းခိုင်းထားတာ၊ အခန်းထဲမှာ
အမှိုက်ထပ်ပွမှာ တကယ်မလိုချင်ဘူး”
ရွှီဇီချင်း၏မျက်နှာ ဖြူဆုတ်သွားလေသည်။
ရွှီဇီချင်းသည် ပင့်သက်ရှိုက်လိုက်ပြီး သူမကိုယ်သူမ
တည်ငြိမ်အောင်လုပ်သော်လည်း သူမ၏ အရှက်ရနေသည့်ပုံကို မြင်ရခဲလေသည်။ သူမပြောလိုက်၏။
“ နင် ကျိုးချန်းကို ဘာပြောလိုက်လဲတော့ ငါမသိဘူး၊ သူ အဖေ့ဆီသွားပြီး
နင့်အတွက် ရှေ့နေလိုက်ပေးနေတယ်၊ နင် သိပါတယ်၊ အဖေက နင့်သဘောထားကို ပြောင်းလဲဖို့
နင့်ကို တခြားဌာနခွဲကိုပို့ဖို့ လုပ်နေတာကိုလေ ပြီးတော့မှ နင့်ကို
ပြန်ပြောင်းလာခိုင်းမှာတဲ့”
သည်တစ်ကြိမ်တွင် ရန်လျန်သည် ဟက်ဟက်ပက်ပက် အော်ရယ်လိုက်လေသည်။
“ နင် ဘာလို့ ငါ့ကို ဒါတွေလာပြောပြနေတာလဲ၊ ရွှီနတ်ဘုရားမက
သူ့ရဲ့အခြေအနေ မထိန်းတော့မှာ စိုးရိမ်နေတာလား”
ရွှီဇီချင်းသည် အံကြိတ်ထားလိုက်ပြီး လေမှုတ်ထုတ်လိုက်ကာ
သူမ၏မျက်နှာထားကို တည်ငြိမ်အောင် ပြန်ပြင်လိုက်ပြီး ဆက်ပြောလိုက်လေသည်။
“ ငါ ဒီကိုလာရင် သေချာပေါက် အရှက်ခွဲခံရမယ်ဆိုတာ သိသားပဲ၊
နင့်စကားလုံးတွေက ငါ့ကို နာကျင်ဖို့ လုံလောက်တယ်ဆိုပြီး ငါက ဂရုစိုက်နေမယ်လို့
ထင်နေတာလား”
ရန်လျန်သည် သူမရန်သူ၏ မိမိုက်နေသည့်ကိုယ်နှုတ်အမူအရာကို
ချီးကျူးမိလေသည်။ သူမ အေးဆေးသက်သာစွာ ပြောလိုက်လေသည်။
“ ယောက်ျားတွေက နင့်လက်ထဲက မလွှတ်နိုင်ရတဲ့ အကြောင်းအရင်းကို
အခုလေးတင် ရုတ်တရက် သိလိုက်ရတယ်၊ အင်းပေါ့၊ ငါ နင့်ဆီက သင်ယူရအုံးမှာပဲ”
“နင် ဘာပြောလိုက်တယ်....”
ရန်လျန်သည် သူမ၏ အေးအေးဆေးဆေး စကားပြောရန် အချိန်မရှိသလို
သူမ၏စကားလုံးများကိုလည်း နားလည်ပေးဖို့ မလိုပေ။ သူမ ပြောလိုက်တော့သည်။
“ နင် ပြန်လိုက်တော့”
နောက်တစ်စက္ကန့်တွင် တံခါးသည် ဝုန်းခနဲမြည်သံနှင့်အတူ
ပိတ်သွားတော့သည်။ ရန်လျန်သည် သူမ၏အခန်းထဲသို့ ဖြည်းညင်းစွာ ပြန်လျှောင်လာပြီး
ဝိုင်ကို ဆက်သောက်နေရင်း ဖိုင်များကို ပြန်စစ်ဆေးနေလိုက်လေသည်။
ကျိုးချန်းသည် သည်တစ်နှစ်လုံး သူမထဲ အချက်အလက်များကို ပို့ပေးခဲ့ပြီး
ပြီးခဲ့သည့်နှစ်က စုစုပေါင်း၏ ၅နေရာတွင် ရွှီလုပ်ငန်းစု၏ ညံ့ဖျင်းသည့်
စီမံခန့်ခွဲမှုကြောင့် အချိန်တစ်ခုအထိ ထိုးကျသွားလေသည်။ ကုမ္ပဏီကို စထောင်ကတည်းက “Ya” ရိုးရာစီးရီးသည် ဝယ်ယူသူများအပြားကို ဆွဲဆောင်နိုင်ခဲ့သည်။ ပြီးခဲ့သည့်နှစ်နှစ်က
ကုန်ပစ္စည်းသစ်ထုတ်လုပ်မှုကို လက်လွှတ်ရမလိုဖြစ်ခဲ့ပြီး စျေးကွက်တုန့်ပြန်ကလည်း
သာမန်အဆင့်မျှသာဖြစ်ပြီး ကုန်ပစ္စည်းသစ် ထုတ်လုပ်မှုတွင် အသားလွတ်ငွေထည့်လိုက်သည်က
အခြေအနေကို ပိုဆိုးသွားစေတော့သည်။
ဖိုင်ထဲတွင် အချက်အလက်များစွာ ပါလေသည်။ သူမသည် သည်နေ့ သူမ၏အဖေကို စိတ်ဆွပေးခဲ့သည်။
နောက်ရက်အနည်းငယ်နေလျှင် သူမ ကုမ္ပဏီကို သွားရဖို့ လမ်းမမြင်တော့ချေ။ သူမသည်
ဒီကမ္ဘာငယ်လေးထဲတွင် ပုန်းအောင်းကာ နေ့အခါ၌ အချက်အလက်များကို စစ်ဆေးပြီး နောက်
အခြေအနေကို လေ့လာရန် မြို့ထဲက အဓိကကောင်တာတွေဆီ သွားကြည့်ရလိမ့်မည်။
သူမ မနက်၃နာရီအထိ ဖိုင်ကို ဖတ်နေလိုက်သည်။ နောက်တစ်နေ့ မနက်တွင်တော့
သူမအဖေ၏အတွင်းရေးမှူးက သူ့ကို ဖုန်းဆက်နှိုးလိမ့်မည်ကိုတော့ ရန်လျန်
မျှော်လင့်မထားခဲ့ချေ။
“ မစ်လျန် မင်းရဲ့အဖေက မင်းကို ဒီနေ့ ကုမ္ပဏီကို အလုပ်လာစေချင်တယ်တဲ့”
ရန်လျန်သည် အိပ်ချင်မူးတူးဖြစ်နေသည့် မျက်လုံးကို ပွတ်လိုက်ပြီး
သူမနားကြားမှားလိုက်သည်ဟု တွေးလိုက်ကာ အတွင်းရေးကို ပြန်မေးလိုက်သည်။
“ အတွင်းရေးမှူးလျို ရှင်...
ဒီနေ့ကိုပြောတာလား”
“ ဟုတ်ပါတယ်၊ မင်းအဖေက မင်းအတွက် ပုံမှန်ရာထူးတစ်ခုကို
စီစဥ်ပေးထားတယ်၊ ကျေးဇူးပြုပြီး ၉နာရီ အလုပ်လာပေးပါ”
ရန်လျန်သည် စိတ်ထဲတွင် မေးခွန်းထုတ်တစ်ခုဖြင့် စမ်းတဝါးဝါး
အိပ်ရာထလိုက်ပြီး အိမ်ရာဘေးက နှိုးစက်နာရီကု ကြည့်လိုက်လေသည်။ ၈နာရီ ၃၀မိနစ်။
သည်တစ်ကြိမ်တွင် သူမ၏စိတ်သည် အလန့်တကြားဖြစ်သွားပြီး ကြည်လင်သွားကာ
ခြေဗလာဖြင့် ရေချိုးခန်းဆီ ပြေးသွားတော့သည်။
မြန်မြန်လုပ်နေသော်လည်း သူမ နောက်ကျနေပြီ။
သူမသည် ကုမ္ပဏီကို ဆယ်နာရီထိုးဖို့ ၅မိနစ်မှ ရောက်သွားလေသည်။ သူမသည်
ကုမ္ပဏီ၏ အပေါ်ဆုံးအလွှာကို ရောက်သွားသည်နှင့်တပြိုင်နက် အတွင်းရေးမှူးလျိုက
သူမကို စောင့်နေလေသည်။ သူမသည် အချိန်အကြာကြီးစောင့်နေခဲ့ရသည်မှာ သိသာလေသည်။
“ မြန်မြန်သွား”
သူမ၏ကော်လံကို ချည်လိုက်ပြီး ရန်လျန်သည် အတွင်းရေးမှူးလျို
ညွှန်ပြလိုက်သည့် စီအီးကိုအခန်းသို့ သွားလိုက်တော့သည်။
သူမသည် တံခါးဆီ ရောက်သွားသည်နှင့် တပြိုက်နက် မင်သက်အသွား -
အတွင်းရေးမှူးလျိုက နောက်ကလိုက်လာပြီး သူမ တံခါးနားတွင် ရပ်သွားသည်ကို
မြင်လိုက်ရာ သူမကို သတိပေးလိုက်လေသည်။
“ ဘာလို့ ဝင်မသွားတာလဲ၊ သူတို့တွေ မင်းကို စောင့်နေတာ ကြာနေပြီ”
ရန်လျန်၏မျက်လုံးများည် တံခါးနားက နာမည်ကတ်ပြားမှ မခွာနိုင်တော့ချေ။
“ ဒီနာမည်က ဘယ်တုန်းက ပြောင်းသွားတာလဲ”
“ စီအီးအိုအသစ်က မနေ့က မင်းအဖေရဲ့ ကမ်းလှမ်းတာကို လက်ခံလိုက်တယ်လေ၊
ငါတို့တွေ ဒီနေရာက နာမည်ကို ပြောင်းဖို့ ချက်ချင်းလုပ်ခိုင်းလိုက်တာ”
ရန်လျန်သည် ပြောနေသည့်စကားများကို နားလည်သယောင် ထင်မိသော်လည်း သူမသည်
ပိုရှုပ်ထွေးသွားသယောင်။
“ဒါ... ....”
အတွင်းရေးမှူးလျိုသည် တံခါးကို ဖွင့်လိုက်၏။
ရန်လျန်သည် တံခါးနောက်တွင် ရပ်နေသည့် အရိပ်တစ်ခုကို ချက်ချင်း
သတိထားမိသွားတော့သည်။ ထိုအရိပ်သည် တံခါးဆီမှ လှုပ်ရှားသံကို ကြားလိုက်ရပြီးနောက်
လှည့်ကြည့်လာလေသည်။
သူမသည်မယုံသင်္ကာဖြင့် မေးလိုက်လေသည်။
“ ဒီတော့ ကျွန်မက ဘာလုပ်ပေးရမှာလဲ”
“ စီအီးအိုအသစ်က တွဲဖက်မရှိဘူးလေ”
ရန်လျန်သည် ချက်ချင်းလိုပင် ဆွံ့အသွားတော့သည်။
🌺
No comments:
Post a Comment