အပိုင်း (၇)
ရန်လျန်သည် နယူးယောက်ခရီးစဥ်ကို အလွန်အလုပ်များလိမ့်မည်ဟု မူလကထင်ထားသော်လည်း ကျန်းယွိနန်ကတော့ဖြင့် မြင်းစီးလိုက်၊ ဂေါဖ့်ရိုက်လိုက်၊ ပင်လယ်ထွက် ရွက်လှေစီးလိုက်ဖြင့် အားလပ်ရက်ထွက်လာသကဲ့သို့ပင်။
ရန်လျန်သည် သည်ခရီးစဥ်အတွက် စီစဥ်ပေးရန် တာဝန်မရှိသော်လည်း
သည်ရက်ပိုင်းအတွင်း သူသည် မန်းဟတ်တင်နှင့် ကွင်းသို့ ခရီးသွားရမည်ကို
ကြားထားလေသည်။
အတွင်းရေးမှူးလီကပင် ကြားဝင်သတိပေးနေရ၏။
ကျန်းယွိနန်နှင့် ဂေါဖ့်ကစားပြီးနောက်နေ့ ညသန်းခေါင်တွင် သူသည် သူမ၏အခန်းတံခါးကို
လာခေါက်လေသည်။ သူသည် သည်ကိစ္စကို ဖြေရှင်းနိုင်မည့်နည်းလမ်းကို သူမ၏ဆွေးနွေးရန်
အပူတပြင်းဖြစ်နေတော့သည်။
“ ဒီလို လုပ်လို့ မဖြစ်ဘူးလေ၊ မစ္စတာကျန်းက ရုံးခန်းကို တာဝန်ယူပြီး
လက်အောက်ခံ ဌာခွဲသစ်တစ်ခုရဲ့ ရလာဒ်တွေကို ထုတ်ပေးဖို့ လိုတယ်၊ အဲဒါကို သူက
နိုင်ငံခြားကိုလာပြီး စားလိုက် သောက်လိုက်နဲ့၊ ကျွန်တော့်မှာ လက်ထောက်မန်နေဂျာရဲ့
ညည်းညူတဲ့အသံတွေကိုပဲ ခဏခဏ နားထောင်နေရတယ်”
အမှန်တွင် ရန်လျန်သည် ပြီးခဲ့သည့်နှစ်ရက်လောက်ကတည်းက
စဥ်းစားလာခဲ့သည်။ သူမသည် ရွှီးကျင်းဖူ၏သမီးအနေဖြင့် သူမ၏အာဏာကို သုံးကာ
ကျန်းယွိနန်၏ခေါင်းဆောင်နေရာကို ကျော်ပြီး ဂျော်နီဝေးလ်နှင့် တိုက်ရိုက်တွေးဖို့
စဥ်းစားခဲ့သည်။ သို့သော် သူမသည် သူ့ကို အမှန်တကယ်ကျော်လုပ်ချင်လျှင် သူတို့သည် ဒီမြို့က ကုမ္ပဏီတစ်ခုကို ရှာပြီး
ဆွေးနွေးညှိနှိုင်းသည့်အဖွဲ့ကို ခေါ်ကာ စကားဝိုင်းတွင် အကူအညီတောင်းရလိမ့်မည်။
သူမသည် သည်မြို့တွင် ကျိုးချန်း တစ်ယောက်သာ
သိလေသည်။
ရန်လျန်သည် သူမ၏အတွေးကို ရှင်းထုတ်ရန်
ခေါင်းခါလိုက်ပြီးနောက် ပြောလိုက်၏။
“ အတွင်းရေးမှူးလီ မနက်ဖြန် မနက် ကျွန်မတို့
မစ္စတာကျန်းဆီ သွားပြီး သူ့အစီအစဥ်ကို မေးရမယ်၊ တကယ်လို့ သူ ကျွန်မတို့ကို
သင့်တော်တဲ့အကြောင်းပြချက်တစ်ခု မပေးနိုင်ရင် ကျွန်မတို့တွေ
ပြည်သူတွေရဲ့ငွေနဲ့စားလိုက် သောက်လိုက် သုံးဖြုန်းနေတာ သူ ငွေအလွဲသုံးစားမှုကို
မကြောက်တာတော့ မဟုတ်မလား”
အတွင်းရေးမှူးလီသည် သူ့သူဌေးနှင့်
နှစ်ပေါင်းများစွာ အတူတူရှိလာသော်လည်း သူသည် သူ့သူဌေးကို အလွန်ကြောက်နေဆဲပင်။
ရန်လျန်၏စကားကို နားထောင်လိုက်ပြီးနောက် သူသည် စိတ်မပါ့တပါ ပြောလိုက်လေသည်။
“ ကောင်းပြီလေ”
နောက်တစ်နေ့မနက် ၉နာရီ။ ရန်လျန်နှင့်
အတွင်းရေးမှူးလီတို့သည် ကျန်းယွိနန်ကို အတူသွားတွေ့လိုက်ကြ၏။ ဝန်ထမ်းများသည်
မနက်စာကို စားပွဲပေါ်တွင် ပြင်ဆင်ထားပေးသည် ရေချိုးဝတ်ရုံကို ဝတ်ထားပြီး
ကျန်းယွိနန်သည် အိပ်ခန်းထဲမှ ထွက်လာပြီး သူ၏စိုထိုင်းနေသည့်ဆံပင်ကို
ဘေးသို့ခွဲထားသည်။ သူတို့သည် ၅လမ်းမပေါ်က ကြယ်ငါးပွင့်ဟော်တယ်တစ်ခုတွင်
တည်းခိုနေကြခြင်းဖြစ်သည်။ ပြတင်းပေါက်မှ ကြည့်လိုက်လျှင် မန်းဟန်တင်၏
မြင်ကွင်းကျယ်တစ်ခုကို မြင်နေရ၏။ သည်အမြင့်ကနေ ပုရွက်ဆိတ်လေးများလို
အလျင်စလိုသွားလာနေကြသည့် ခြေကျင်လျှောက်နေသူများကို မြင်ရလေသည်။ နေရာင်ခြည်သည်
ပြတင်းပေါက်မှတဆင့် ဖြာကျပြီး အလင်းရောင်က ကျန်းယွိနန်၏ဆံပင်ပေါ်က ရေစက်လေးများကို
ရောင်ပြန်နေသည်။
ကျန်းယွိနန်သည် သူတို့နှစ်ယောက်လုံးကို
တွေ့လိုက်ရသည်ကို အံ့ဩဟန်မတူချေ။ သူသည စားပွဲတွင် ဝင်ထိုင်လိုက်ပြီး တဘက်ကို
ဘေးချကာ သတင်းစားကို ကောက်ကိုင်လိုက်၏။ ကျန်းယွိနနသည် စာမျက်နှာ နှစ်ခုလောက်
လှန်လိုက်ပြီးနောက် သူ့ခေါင်းကို ရန်လျန်နှင့် အတွင်းရေးမှူးလီဖက်သို့
စောင်းကြည့်လိုက်ကာ
“ မနက်စာ စားပြီးကြပြီလား”
အတွင်းရေးမှူးလီ ခေါင်းခါပြလိုက်ပြီး
ရိုရိုကျိုးကျိုးဖြင့် ရပ်နေဆဲ။ ရန်လျန်သည် ဆရာ တပည့်နှစ်ယောက်ကို အမြင်ကက်လာရာ
ထိုင်ခုံတစ်လုံးကို ချက်ချင်း ဆွဲထိုင်လိုက်ပြီး ပေါင်မုန့်နှင့် ထောပတ်ကို
လှမ်းယူလိုက်တော့သည်။
အတွင်းရေးမှူးလျန်သည် ရန်လျန်ကို ကြည့်ရင်း
ရှက်သလိုဖြစ်လာပြီး မတတ်နိုင်တော့ဘဲ ထိုင်ချလိုက်တော့သည်။
ရန်လျန်သည် ကျန်းယွိနန်ကြည့်နေသည့် ကြက်ဥမွှေကြော်နှင့်
အသားခြောက်ပန်းကို ယူကာ အတွင်းရေးမှူလီ၏ စားပွဲရှေ့တွင် ချပေးလိုက်လေသည်
အတွင်းရေးမှူးလီက မြန်မြန် လက်ခါလိုက်ပြီး
“ ကျေးဇူး ၊ ကျွန်တော် မစားပါဘူး”
ချောင်းသံတစ်ချက်ဟန့်လိုက်ပြီးနောက် သူသည်
အလုပ်အကြောင်း စပြောလိုက်တော့သည်။
“ မစ္စတာကျန်း၊ မစ္စတာဝေးလ်ရဲ့အတွင်းရေးမှူးပြောတာတော့
မစ္စတာဝေးလ် ဒီနေ့ ဂေါဖ့်ကစားလိမ့်မယ်တဲ့၊ သူနဲ့တွေ့ဖို့ စီစဥ်ဖို့လိုမလား....”
ကျန်းယွိနန်သည် ရန်လျန် ယူသွားသည့် အစားအသောက်
အကြောင်း ဘာတစ်ခွန်းမှ မပြောချေ။ သူဟာသူ ကော်ဖီတစ်ခွက်သာ သောက်လိုက်ရင်း
“ မလိုဘူး ငါဒီနေ့ မြင်းစီးကွင်းကို သွားမှာ”
အတွင်းရေးမှူးလီသည် အကြပ်ရိုက်သွားပြီး
နောက်တစ်ခွန်း မည်သို့ဆက်ပြောရမည်ကို စဥ်းစားနေတော့သည်။ ရန်လျန်သည် မနေနိုင်တော့ဘဲ
ပြောရတော့သည်။
“ ဂျော်နီဝေးလ်က ရှင် နယူးယောက် ရောက်နေတာ
သူသိမှာပဲ၊ ဒါတောင် ရှင်သူ့ကို သွားမတွေ့သေးဘူး၊ အပေးအယူပျက်သွားမှ ရှင်
ကျွန်မအဖေကို ဘယ်လိုရှင်းပြဖို့ စိတ်ကူးထားတာလဲ”
သူမ၏စကားကို ကြားလိုက်ပြီး ကျန်းယွိနန်သည်
ရုတ်တရက် သူမဘက်ကို လက်ဆန့်လိုက်လေသည်။
သူ၏ပုံမှန်သဘောထားကို မြင်လိုက်ပြီး ရန်လျန်သည် သူမကို ရိုက်တော့မည်ဟု
မထင်လိုက်သော်လည်း အလိုလို နောက်သို့ ရွံ့သွားလိုက်သေးသည်။
သို့တိုင် သူ့အထိအတွေ့ကို မရှောင်နိုင်လိုက်ချေ။
ကျန်းယွိနန်၏လက်ချောင်းများသည်
သူမ၏နှုတ်ခမ်းပေါ်တွင် ဖြည်းညင်းစွာ ဖြတ်သွားပြီး သူမ၏နှုတ်ခမ်းထောင့်က
ထောပတ်ဆီအစက်ကို ဂရုတစိုက် သုတ်ပေးလိုက်လေသည်။
ရန်လျန်သည် မျက်မှောင်ကျုံ့သွားပြီး ရွံရှာဟန် ပြုလိုက်တော့သည်။
သို့သော် ကျန်းယွိနန်သည် ရှားရှားပါးပါး စိတ်ကောင်းဝင်နေ၏။ သူ့လက်ချောင်းဖျားက
ထောပတ်ဆီကို အရသာခံလိုက်ပြီး ရန်လျန်ကို ကြည့်လိုက်၏။ သူ့အကြည့်မှာ သရော်သလို
မခံချင်ဖြစ်အောင်လုပ်နေတော့သည်။
“ အရသာရှိသားပဲ”
မြင်ကွင်းတစ်ခုလုံးကို ကြည့်နေသည့်
အတွင်းရေးမှူးလျန်သည် ရှက်သွားပြီး ချောင်းဟန့်သံ တစ်ချက် ပေးလိုက်လေသည်။
ကျန်းယွိနန်သည် သူတို့နှစ်ယောက်ထဲရှိတာမဟုတ်မှန်း
သတိထားမိသွားသယောင် သူ၏ပုံမှန်ချောမောသည့် အသွင်ကို ပြန်သွင်းလိုက်ပြီး
ပြောလိုက်၏။
“ တကယ်တော့ စီးပွားပြိုင်ဖက်တွေဆိုတာ မိန်းမတွေနဲ့တူတယ်၊
အလုပ်ကိစ္စဆွေးနွေးတာက အချစ်ရေးကို ဆွေးနွေးတာနဲ့အတူတူပဲ၊ ပိုပြီးစိတ်လှုပ်ရှားတဲ့သူက
ရှုံးမယ့်သူ”
သူသည် ထိုစကားကို ရန်လျန်အား
ကြည့်ရင်းပြောနေသော်လည်း သူမသည် သူ့ကို ဂရုမစိုက်နေချေ။
“ ဒါဆို မစ္စတာကျန်း ကံကောင်းပါစေ၊ အပေးအယူ
မပျက်စေနဲ့ပေါ့”
ရန်လျန် ထထွက်သွားတော့သည်။
ရန်လျန်သည် တံခါးနားရောက်ချိန်၌ ကျန်းယွိနန်က
ရုတ်တရက် ပြောလိုက်လေသည်။
“ ခဏလေး”
သူမသည် ထိုယောက်ျား ပြောလာမည့် နောက်ထပ်
လှောင်ပြောင်မည့်မှတ်ချက်များကို နားထောင်ပေးရန် ရပ်လိုက်လေသည်။
မင်းအဖေ ရုံးခန်းထဲမှာ
မင်းမြင်းစီးနေတဲ့ဓာတ်ပုံကို တွေ့ခဲ့တယ်၊ မင်းကြည့်ရတာ မြင်းစီးကျွမ်းမယ့်ပုံပဲ၊
ငါနဲ့ ပြိုင်မလား”
ရန်လျန်သည် ပင်ကိုစိတ်အရ ငြင်းလိုက်ချင်သော်လည်း
ခဏတာစဥ်းစားလိုက်ပြီးနောက် ပြုံးကာ ကျန်းယွိနန်ဖက်လှည့် ပြောလိုက်တော့သည်။
“အိုကေလေ”
၁၂နာရီတွင် မြင်းမွေးမြူရေးခြံသို့ လူအနည်းငယ်
ရောက်လာ၏။
ကျန်းယွိနန်သည် သည်နေရာသို့ အစောပိုင်းက ခဏခဏ
လာခဲ့ဖူးသည်။ မြင်းပြိုင်ကွင်း ပိုင်ရှင်သည် တရုတ်လူမျိုးဖြစ်ပြီး သူသည်
ကျန်းယွိနန်ကို တရုတ်စကားမတတ်တခေါက်နှင့် နှုတ်ဆက်လိုက်လေသည်။
ရန်လျန်သည် မြင်းမွေးမြူရေးကွင်းပြင်ကြီးကို
လှမ်းကြည့်လိုက်၏။ မန်နေဂျာနောက်တွင် သန်မြန်သည့်မြင်းတစ်ချို့ကို ချည်တိုင်တွင်
ချည်ထားသည်။ ကျန်းယွိနန်သည် ပိုင်ရှင်ကို နှုတ်ဆက်နေစဥ် ရန်လျန်က မြင်းတစ်ကောင်
ရွေးရန် မန်နေဂျာဆီ သွားလိုက်၏။
မြင်းထိန်းသည် သူ့အမြင်ကို ပြောရင်း
ရန်လျန်နောက်မှ လိုက်လျှောက်လာလေသည်။
“ အမျိုးသမီးတွေအတွက်ဆိုရင် ယဥ်ပါးပြီးသား
မြင်းငယ်လေးတွေက ပိုသင့်တော်တယ်၊ ဒီလိုမြင်းမျိုးပေါ့....”
ရန်လျန်သည် တခြားမြင်းကို သဘောကျနှင့်နေပြီး
မြင်းထိန်းကို မြင်းစောင်းမှ ထုတ်ပေးရန် ချက်ချင်း တောင်းဆိုလိုက်လေသည်။
မြင်းထိန်းက မလှုပ်မယှက်နှင့်
“ အားနာပါတယ်ခင်ဗျာ ဒီကောင်က
မစ္စတာကျန်းရဲ့....”
“ အဲဒါ ငါ့မြင်း”
အသံတစ်ခုသည် မြင်းထိန်းနောက်မှာ ထွက်လာ၏။
ရန်လျန် လှည့်ကြည့်လိုက်ပြီး
ကျန်းယွိနန်၏အသံမှန်း သိသွားတော့သည်။
ကျန်းယွိနန်သည် လက်ထဲတွင်
ကြာပွတ်တစ်ချောင်းကိုင်လျက် သူတို့ဆီ ဖြည်းဖြည်းချင်း လျှောက်လာ၏။
“ ငါဒီကို စောစောတုန်းက မကြာမကြာလာခဲ့တယ်လေ
ပြီးတော့ ဒီမြင်းကို ရွေးခဲ့တာ၊ မြင်းကောင်းလို့ဆိုပြီး မင်း ငါ့ဆီကတော့
မလုဘူးမလား”
“ အခုက... တနင်္ဂနွေနေ့ နေ့လည်လေ၊ သဘောက
အလုပ်ချိန်မဟုတ်ဘူး၊ ရှင်က ကျွန်မရဲ့ဘောစ့်မဟုတ်ဘူး၊ ကျွန်မ ရှင့်စကား
နားထောင်စရာမလိုဘူးလေ”
ရန်လျန် သူ့ကို မျက်စောင်းထိုးလိုက်ကာ မဲ့ပြလိုက်လေသည်။
“ မိန်းခလေး.... ....”
မြင်းထိန်းသည် သူမကို တားချင်နေ၏။ ကျန်းယွိနန်က
နှုတ်ဆိတ်ရင်း ခေါင်းခါလိုက်ကာ မြင်းထိန်းကို သူမအား သွားခွင့်ပေးလိုက်ဖို့
အချက်ပြလိုက်လေသည်။
သည်မြင်းသည် သခင်တစ်ယောက်ထဲကို မမှတ်ထားချေ။
သူသည် ရန်လျန်ဆီသို့ နာနာခံခံ ရွရွလေး လျှောက်လာလေသည်။
ခဏအကြာတွင် ရန်လျန်သည် ကွင်းပြင်ကြီးထဲ
ထွက်လာပြီး မြင်းက အရှိန်ဖြင့် ပြေးနေ၏၊ မြင်းတစ်ကောင်ဖြင့် ထွက်လာသည့်
ကျန်းယွိနန်သည် မနေနိုင်တော့ဘဲ အဝေးတစ်နေကို မျက်လုံးမှေးကာ ကြည့်လိုက်၏။ သူမသည်
ရဲရင့်သည့် သူရဲကောင်းမလေးတစ်ယောက်နှယ်။
ပူနွေးသည့် နေ့တစ်နေ့ပင်။ သူသည်
သူမမြင်းစီးနေသည်ကို ကြည့်လိုက်ရင်း ကျန်းယွိနန်၏မျက်လုံးထဲတွင် ဖုံးကွယ်ထားသည့်
ရင်တွင်းခံစားချကတစ်ခု ပေါ်လာတော့သည်။
***
***
ရန်လျန်သည် မြင်းနှင့် အသားကျရန် နှစ်ပတ်လောက်
စမ်းစီးကြည့်ပြီးနောက် ချက်ချင်း အရှိန်မြင့်လိုက်တော့သည်။ လေသည် သူမကို
ဝေ့ခနဲဖြတ်တိုက်သွားပြီး အတိတ်ကို ပြန်ရောက်သွားသကဲ့သို့ လွှတ်လပ်သည့်ခံစားချက်ကို
ခံစားလိုက်ရတော့သည်။
အရင်တုန်းက... အဖေရယ်၊ ကျိုးချန်းရယ်ပဲရှိပြီး
ရွှီဇီချင်းမရှိ ခဲ့ဘူး။
“ ဒီလိုအချိန် နေ့ခင်းကြောင်တောင် စိတ်ကူးယဥ်နေတာ
အရမ်းအန္တရာယ်များတယ်နော်”
သူမနောက်က အသံတစ်ခုကို ကြားလိုက်ရလေသည်။
ရန်လျန်သည် မြင်းဇက်ကြိုးကို တင်းနေအောင်
ကိုင်ထားလိုက်၏။ ကျန်းယွိနန်က သူမ၏ဘေးနား ရောက်နေသည်ကို တစ်ချိန်လုံး
သတိမထားမိခဲ့ချေ။
သူ့မြင်းသည် သူမ၏မြင်းထက် အနည်းငယ်ပုနေသည်။
ထို့ကြောင့် သူတို့သည် အမြင့်ချင်းတူနေ၏။ ရန်လျန်သည် သူမ၏မြင်းကို တခြားဘက်သို့
လှည့်သွားလိုက်ချင်သည်။ နောက်ဆုံး သူမ၏ အစောပိုင်းအတွေ့အကြုံက သည်လူနှင့်
ကင်းကင်းရှင်းရှင်းနေသည်က အမြဲတမ်း အမြော်အမြင်ရှိသည့်အလုပ်ဟု သူမကို
သင်ပေးခဲ့သည်မဟုတ်ပါလား။
သို့သော် နောက်ဆုံးတွင် သူမ၏ခံစားချက်က
သာလွန်သွားတော့သည်။
“ မစ္စတာကျန်းက အမြဲတမ်း အရည်အချင်းပြည့်တယ်လို့
ကျွန်မ ထင်ထားတာ၊ ရှင်က မြင်းဇက်ကြိုးကို ဆွဲဖို့ ဘာလို့ မြင်းထိန်းလိုနေသေးတာလဲ”
ကျန်းယွိနန် ပြုံးလိုက်၏။
“ ဘယ်ဖြစ်မလဲ၊ ငါက အခုမှ စီအီးအို
အလုပ်ရထားတာလေ၊ ကြီးကျယ်ခမ်းနားတဲ့ ဘဝမှာတောင်မနေရသေးဘူး၊ မင်းလက်ထဲမှာ ဘဝ
ပျက်လုနီးပါးဖြစ်သွားတဲ့ တစ်ချို့သနားစရာ ယောက်ျားတွေလိုတော့ မဖြစ်ချင်ပါဘူး”
သူမသည် မရယ်နိုင်တော့ချေ။ အေးစက်စက် လေသံဖြင့်
ပြန်မေးလိုက်တော့သည်။
“ ရှင် ဘာပြောချင်တာလဲ”
ခပ်ရေးရေးအပြုံးဖြင့် မြင်းထိန်းလက်ထဲက
မြင်းဇက်ကြိုးကို ယူလိုက်ပြီး မြင်းထိန်းကို ပြန်လွှတ်လိုက်တော့သည်။
“ ဒီလိုဆိုရင်ကော၊ ငါ့စံနှုန်းက ဒီနေရာကနေ
ဟိုနေရာအထိကို တစ်မိနစ်ပဲ”
ကျန်းယွိနန်သည် သူ့လက်ထဲကကြာပွတ်ဖြင့်
ပြေးလမ်းကြောင်းအဆုံးကို ညွှန်ပြလိုက်လေသည်။
“ တကယ်လို့ မင်းငါ့ထက် တော်ပြီး ငါ့ကို
နိုင်ခဲ့ရင် ငါ ဘာပြောချင်တာလဲဆိုတာကို မင်းကို ပြောပြမယ်”
ကျန်းယွိနန် ရပ်လိုက်ပြီး လက် တစ်ချောင်း၊
နှစ်ချောင်း၊ သုံးချောင်း ထောင်လိုက်အပြီးတွင် _
ရန်လျန်သည် မြင်းကို ရိုက်လိုက်သည့်
ကြာပွတ်သံကြားလိုက်ရပြီး နောက်တစ်က္ကန့်တွင် ကျန်းယွိနန် ထွက်သွားတော့သည်။
မြင်းဗိုက်ကို ညစ်ထားပြီး ရန်လျန်လည်း သူမ၏မြင်းကို
ပြိုင်ပွဲကို အရှိန်မြင့်လိုက်တော့သည်။
တရကြမ်းတိုးဝေ့သွားသည့် လေသည်
သူမ၏မျက်လုံးများကို မျက်ရည် ဝဲသွားစေပြီး တစ်မိနစ်အတွင်းမှာပင် ရန်လျန်၏စိတ်ထဲ၌
မရေမတွက်နိုင်သည့် ပုံရိပ်များအတွင်း
နစ်မြောသွားတော့သည်။
ပထမနှစ်တွင် ရွှီဇီချင်းသည် သူမမြင်းစီးနေသည့်ဓာတ်ပုံကို
တွေ့သွားပြီး မနာလိုဖြစ်ကာ သူမ၏မြင်းကို လိုချင်ခဲ့သည်။
ထိုမြင်းသည် ရှေ့နှစ်အနည်းက
ရွှီကျင်းဖူထံမှရထားသည့် ရန်လျန်၏မွေးနေ့လက်ဆောင်ဖြစ်သည်။ ယခုတော့
လက်ဆောင်တစ်ခုကို လူတစ်ယောက်ဆီမှာ နောက်တစ်ယောက်သို့ သည်အတိုင်း လွဲပေးလိုက်ရသည်က
ရယ်စရာကောင်းသည်ဟု ရန်လျန် တွေးလိုက်မိသည်။
မြင်းသည် ရန်လျန်ကိုသာ မှတ်မိပြီး ရွှီဇီချင်းက
ပထမဆုံးအကြိမ် စီးရန်ကြိုးစားချိန်မှာတော့ မြင်းပေါ်က ခါချခံလိုက်ရတော့သည်။
မြင်းက ငယ်သေးရာ ရွှီဇီချင်းပြုတ်ကျသွားသော်လည်း
ဒဏ်ရာအရမ်းမများချေ။ ရန်လျန်သည် မြင်းပေါ်ချက်ချင်းတက်ပြီး မြင်းဇက်ကြိုးကို
ငြိမ်အောင်ထိန်းလိုက်ရာ မြင်းက ရွှီဇီချင်းကို ကန်မိသွားပြီး
ပြင်းထန်သည့်ဒဏ်ရာရခြင်းမှ သီသီလေးလွတ်သွားတော့သည်။ ရန်လျန်သည် မြင်းကို
မထိန်းလိုက်ခင်က အနည်းငယ် တွေဝေနေခဲ့သည်ကို လည်း မှတ်မိနေသေးသည်။ အခိုက်တန့်အတွင်း
သူမ၏စိတ်ထဲတွင် ရက်စက်သည့်အတွေးတစ်ခုကို ဖြင့် ပျော်မွေ့ခဲ့လေသည်။
.... ရွှီဇီချင်းကို သေတဲ့အထိ အကန်ခံရအောင်
လွှတ်ထားလိုက်ဖို့ပေါ့
နောက်ဆုံး ရန်လျန်သည် မြင်းဇက်ကို ဆွဲလိုက်ပြီး
ကပ်ဆိုးကို ပြောင်းလဲခဲ့လိုက်သည်။
သို့တိုင် သူမသည် ရွှီကျင်းဖူ၏ အိမ်ပြင်မထွက်ရ
အပြစ်ကို တစ်ပတ်လောက် ခံယူလိုက်ရပြီး သူမ ပြန်ထွက်လာချိန်၌ သူမ၏မြင်းလေးသည်
ရွှီဇီချင်း၏ ကြီးမားသည့်ဒေါသကြောင့် သေဆုံးခဲ့ရသည်ကို သိလိုက်ရလေသည်။
ရန်လျန်သည် မြင်းစောင်းသို့ တဟုန်တိုး
ပြေးဝင်သွားပြီး အချိန်အကြာကြီး ရှာဖွေခဲ့ပြီးမှာ မန်နေဂျာ မဆေးကြောရသေးသည့် သွေးစများကို
တွေ့လိုက်ရသည်ကိုလည်း မှတ်မိနေသည်။ သူမ၏အဖေသည် သူမ၏စိတ်ထဲတွင် လုံးဝ
သေဆုံးသွားသည့် အခိုက်တန့်ဖြစ်မည်ထင်သည်။
“ ဟေး-“
ထို့နောက် သူမသည် စူးရှသည့်ဝီစီမှုတ်သံကို
ကြားလိုက်ရတော့သည်။
ရန်လျန်သည် သူမ၏မှတ်ဉာဏ်ထဲက နိုးထလာပြီး
လက်တွေ့ဘဝကို ပြန်ဝင်ရန် အားစိုက်လိုက်တော့သည်။ သူမ လှည့်ကြည့်လိုက်ရာ
ကျန်းယွိနန်၏မျက်နှာမှာ ထိတ်ထိတ်ပျာပျာ ဖြစ်နေ၏။
ကျန်းယွိနန်လိုလူများကို ဘာက
အလန့်တကြားဖြစ်အောင် လုပ်နိုင်တာတဲ့လဲ။
ရန်လျန် ယုံရခက်ခက်ဖြင့် ပြုံးလိုက်ပြီးမှ သူမ
အန္တရာယ် ကျရောက်နေသည်ကို သိလိုက်ရတော့သည်။ သူမ၏မြင်းသည် ခြံစည်းရိုးတိုင်ကို
ခုန်ကျော်သွားပြီး ပြေးလမ်းကြောင်းမှ ခုန်ထွက်သွားတော့သည်။
သူမ၏စိတ်ထဲတွင် စိမ့်ခနဲဖြစ်သွားတော့၏။
သူမ၏လက်များ တုန်ယင်နေပြီး မြင်းဇက်ကြိုးကို ကြိုးစားဆွဲလိုက်သော်လည်း
မြင်းဇက်ကြိုးသည် သူမ၏လက်ဖဝါးကို ရှသွားလေသည်။ မြင်းသည် အမှုမထားဘဲ
အနားယူသည့်နေရာက ထီးများဆီသို့ အရှိန်ဖြင့် ပြေးသွားတော့သည်။
သူမ၏နောက်က မြင်းပြေးနေသည့်
အသံကိုပင်မကြားနိုင်တော့ချေ။ ရင်းနှီးနေသည့်အသံတစ်ခုသည် ဒေါသသံဖြင့်
အော်ပြောလိုက်၏။
“ မြင်းဇက်ကြိုးကို ညာဖက်ဆွဲလိုက်”
ရန်လျန် နောက်ပြန်ကြည့်လိုက်၏။ ကျန်းယွိနန်ကို
မြင်လိုက်ရ၏။ ရှုပ်ပွနေသည့်ဆံပင်၊ အေးစက်စက်မျက်နှာထားက
ဆုံးဖြတ်ချက်ခိုင်မာတိကျသည့်နှယ်။
သူ့မျက်လုံးထဲတွင် ထူးဆန်းပြီး
ခြိမ်ခြောက်လုနီးနီးအကြည့်တစ်ခု ရှိနေသည်။ ရန်လျန်သည် နောက်ဆုံးတွင်
စိတ်တည်ငြိမ်သွားတော့သည်။ ရှိသမျှအားနှင့် မြင်းဇက်ကြိုးကို ဆွဲကာ ညာဖက်ရှိ
ကောက်ရိုးခြောက်ပုံများ ထည့်ထားသည့် ဂိုဒေါင်တစ်ခုဆီသို့ ဆွဲလှည့်လိုက်တော့သည်။
ကျန်းယွိနန်သည် တစ်လမ်းလုံးလိုက်ပြီး
မြင်းနှစ်ကောင်းသည် ယှဥ်လျက်နီးပါး ပြေးနေလေသည်။ မြင်းများသည် ဂိုဒေါင်သို့
ရောက်သွားမှ ကျန်းယွိနန်သည် သူမမြင်း၏ဇက်ကြိုးကို ဘယ်အချိန်က ယူသွားမှန်း
မသိလိုက်သည်ကို သတိထားမိလိုက်တော့သည်။ ရုတ်တရက် မြင်းသည် ထဟီပြီး ရန်လျန်သည် လွှင့်ကျသွားတော့သည်။
ရန်လျန်သည် ကောက်ရိုးထုံးပေါ်သို့
လိမ့်သွားပြီးနောက် မြေပေါ်သို့ ပြန်ကျလာတော့သည်။
ကောက်ရိုးထုံးသည် ကြားခံတစ်ခုဖြစ်သော်လည်း
မြေကြီးနှင့် ရိုက်မိသေးရာ နာကျင်မှုကြောင့် အော်မိလိုက်လေသည်။
ကျန်းယွိနန်သည် သူမဆီရောက်လာပြီး
သူ့ခြေထောက်များသည် သူမ၏ခေါင်းနှင့် တတန်းထဲဖြစ်နေသည်ကို ရန်လျန် မြင်လိုက်ရလေသည်။
သူမ မော့ကြည့်လိုက်ရာ သူ့မျက်နှာမှာ
ဖြူဆုတ်နေလေသည်။ နေရောင်ကို ကျောပေးထားရာ သူ့မျက်နှာသည် မဲနေပြီး နာကျင်မှုက
ရန်လျန်၏အမြင်အာရုံကို ဝေဝါးသွားစေတော့သည်။ သူမသည် ထင်ယောင်ထင်မှား ဖြစ်နေသည်ဟု
ထင်လိုက်လေသည်။ အခိုက်တန့်တွင် ကျန်းယွိနန် သူမကို ကြည့်လိုက်သည့် ပုံစံက
လွန်ခဲ့သည့်နှစ်များစွာက ရွှီဇီချင်းက သူမ၏မြင်းကိုကြည့်လိုက်သည့်ပုံစံနှင့်
တူနေလေသည်....
သဘောထားကြီးသလို ရက်စက်မနှစ်မြို့ဖွယ် တို့ရောနှောနေသည့်
အကြည့်.....
ခဏကြာပြီးနောက် ကျန်းယွိနန်သည် သူမကို ကျောပေါ်
တင်လိုက်လေသည်။
သူသည် သူမကို တလမ်းလုံး ကျောပိုးလာ၏။
“ တကယ်ပါ ၊ မင်းက တကယ့်
ခြင်္သေ့ငယ်လေးတစ်ကောင်ပဲ”
“ကျွန်မ....”
“ မင်း ငါ့ကို လည်ပင်းထပ်ညစ်ရင် ငါမင်းကို
သယ်ပြန်နိုင်မှာမဟုတ်တော့ဘူးနော်”
“....” ‘”....”
“ ကောင်းကောင်းနေ”
ရန်လျန် နှုတ်ဆိတ်နေလိုက်၏။ သူမသည် သူ့ကို
မကြောက်သော်လည်း သူနှင့် ပြိုင်ငြင်းရန် ခွန်အားတို့မ ရှိတော့ပေ။
သူမ၏ခေါင်းသည် ငိုက်သွားပြီး သူမ၏မေးစေ့က
သူ့ပခုံးပေါ် မှီသွားတော့သည်။ အခုချိန်တွင် သူသည် သူမ အားကိုးနိုင်သည့်
တစ်ဦးတည်းသော သူဖြစ်နေသည်။ သူမ၏လက်မောင်းသည် သူ့လည်ပင်းကို အလိုလို
တင်းနေနအောင်ဖက်ထားမိပြီး သူမ၏ရင်ဘတ်က သူ့ကျောပြင်နှင့် အမှတ်တမဲ့ ကပ်သွားတော့သည်။
ကျန်းယွိနန် ရုတ်တရက် ရပ်သွား၏။
“ ဘာဖြစ်တာလဲ”
ကျန်းယွိနန် ဆက်သွားလိုက်၏။
“ ဘာမဖြစ်ဘူး”
သူမသည် သူ့အား တင်းတင်းကြပ်ကြပ် ဖိထားသောကြောင့်လား
မသိပါ _
“ ဒုတ် ဒုတ်”
“ဒုတ် ဒုတ်”
ဘယ်သူ့နှလုံးက ဒီလို ခုန်နေတာလဲ။
မာကျောသည့်အရိုးအောက်တွင် ဖုံးကွယ်နေသည့်
နှလုံးသားသည် ညင်သာစွာ ဆက်၍ ခုန်နေဆဲ.......
….
🌺
No comments:
Post a Comment