အပိုင်း (၈)
ရန်လျန်သည် ခြေတစ်ဖက်ကျိုးနေလျက်နှင့် သည်ကိစ္စက
သူမကို ရယ်စရာဖြစ်အောင် လုပ်တော့မည်ကို မစဥ်းစားဘဲ မနေနိုင်ဖြစ်နေတော့သည်။
ထို့ကြောင့် သူမ၏အမေက အခြေအနေမေးလာသောအခါ မတတ်သာတော့ဘဲ အားလုံးအဆင်ပြေသည်ဟုသာ
ပြောလိုက်ရတော့သည်။
“ အိမ်ကအခြေအနေတော့ မကောင်းဘူး”
သူမ၏အမေသည် မနေနိုင်တော့ဘဲ သူမ၏ဝမ်းနည်းမှုကို
ဖွင့်ချလိုက်တော့သည်။
သူနာပြုဆရာမလေးက သူမ၏ခြေထောက်ကို
ပတ်တီးစီးနေပြီး ဖြစ်လာသည့်နာကျင်မှုက စိတ်အနှောင့်အယှက်ဖြစ်သဖြင့်
သူနာပြုဆရာမလေးကို ရပ်ခိုင်းလိုက်ပြီး
“ ဘာဖြစ်တာလဲ”
သူမ၏အမေသည် စိုးရိမ်တကြီး ပြောတော့သည်။
“ နင့်အဖေက ရွှီဇီချင်းနဲ့ ကျိုးချန်းကို
တွဲစေချင်နေတာလေ၊ ဒီနေ့တော့ ခလေးမက ကျိုးချန်းကို လက်ထပ်မှာမဟုတ်ဘူးလို့
သေချာပြောလိုက်တယ်၊ စောစောတုန်းတော့ အရမ်းစောသလေး ဘာလေးနဲ့ ဝေ့လည်ကြောင်ပတ်
လုပ်နေပြီးတော့ ၊အခုကျတော့ သူ ဆုံးဖြတ်လိုက်ပြီ ထင်ပါတယ်”
ဒါက ရွှီဇီချင်း လုပ်နေကျ ပုံစံမျိုးမဟုတ်ပါဘူး။
သူ သေချာငြင်းလိုက်ရင် အဖေရာ ကျိုးချန်းရော စိတ်ပျက်သွားအောင်လုပ်သလို
ဖြစ်သွားမှာမဟုတ်ဘူးလား။
ဒါသည် ရလာဒ်ကောင်းတစ်ခုဟု ရန်လျန် တွေးလိုက်ပြီး
ကျိတ်ကျေနပ်သွားသော်လည်း ကံအကြောင်းမသင့်ရာ သူမ၏အမေရှေ့တွင် ထုတ်ပြလို့မရပေ။
ထို့ကြောင့် သူမသည် စိုးရိမ်နေသည့်လေသံဖြင့် မေးလိုက်လေသည်။
“ ဒီတော့”
“ ဘာဒီတော့လဲ ဒီတော့ နင့်အဖေ အရမ်းစိတ်ပျက်သွားတာပေါ့ဟဲ့”
“ဪ”
သမီးဖြစ်သူ၏ သဘောထားကို မကျေမနပ်ဖြင့် ရန်မု
ပြောလိုက်ပြန်သည်။
“ နင်ဘာလို့ စိတ်မပူတတ်ရတာလဲဟင်”
ရန်လျန်သည် စဥ်းစားရင်းမှ ထုတ်ပြောလိုက်တော့သည်။
“ သမီးက ဘာလို့ စိတ်ပူရမှာလဲ၊ လက်ထပ်ဖို့
ဖိအားပေးခံရတာက သမီးမှမဟုတ်တာလေ”
ရန်မုသည် အကူအညီမဲ့သွားသလို သက်ပြင်းချလိုက်ပြီး
“ ကျိုးချန်းက အရည်အချင်းရှိတယ်ဆိုပေမယ့် သူက
ဒရိုက်ဘာတစ်ယောက်ရဲ့ သားလေ၊ နင့်အဖေက သူ့ကို မြေတောင်မြှောက်ပေးချင်နေတာ၊
အထွေထွေမန်နေဂျာ ရာထူးအထိတောင် တိုးပေးချင်တာ၊ ဇီချင်းက သူနဲ့ တွဲနေရာတော့
စိုးရိမ်စရာမရှိပါဘူး အခုတော့....”
ရန်လျန်သည် ကျိတ်ပြုံးနေလိုက်၏။
ငါ့ရဲ့အမေက သိပ်တွက်ချက်တတ်တာပဲ... ဒါက
ဘယ်လောက်အကူအညီဖြစ်မှာမလို့လဲနော်။
ရွှီဇီချင်းအပေါ်ထားတဲ့ ရွှီကျင်းဖူရဲ့ ချစ်မေတ္တာက
ဇီချင်းကို အမြဲတမ်း အားသာအောင် လုပ်ပေးနေတာပဲလေ။
သူမအမေ ဆက်ပြောနေ၏။ ရန်လျန်သည်
ဆက်နားချင်စိတ်မရှိတော့ပေ။ သို့နှင့် စကားကိုအဆုံးသတ်ရန် “ သမီးပြန်လာမှာပါ”ဟုသာ
ပြောလိုက်တော့သည်။
ရန်လျန်သည် ဆေးရုံပေါ်တွင် တစ်ညအိပ်လိုက်ရသည်။
မည်သူမှ အလည်မလာကြသလို ရန်လျန်သည်လည်း တိတ်ဆိတ်မှုတွင် ပျော်မွေ့နေမိသည်။
သို့သော် ညဥ့်သန်းခေါင်မှာ နာကျင်မှုကြောင့်
နိုးထလာရသည်က အခက်ခဲဆုံးဖြစ်မည်ကိုတော့ သူမ ကြိုမသိခဲ့ချေ။ စကားပြောစရာလူလည်းမရှိ။
သူမသည် ကုတင်ပေါ်တွင် လူနာအိုကြီးတစ်ယောက်လို ထိုင်ကာ အပြင်ဘက် ကော်ရစ်ဒါတွင်
သူနာပြုများ၏ ခြေလှမ်းသံကို နားထောင်နေရသည်။
သူနာပြုဆရာမထံက တသမတ်ထဲ ထွက်နေခြေသံများသည်
သူမ၏စိတ်ထဲက ဆန္ဒတစ်ခုကို နှိုးဆွနေသည်လား ၊ အပြင်ဘက်က ညအမှောင်ကပဲ လူများကို
ထူးထူးဆန်းဆန်း တွေးစေသည်လား မသိပါ။ မည်သို့ဆိုစေ ရန်လျန်သည် ဖုန်းကို
ကောက်ကိုင်လိုက်ပြီး တစ်ပတ်လောက် မခေါ်ဖြစ်သည့် နံပါတ်တစ်ခုကို ဖုန်းခေါ်မည်
စဥ်းစားလိုက်လေသည်။
သူမ၏အတွေးတစ်ဝက်မှာ ရွှီဇီချင်းငြင်းလိုက်တာက
ငါ့အတွက် တော်တော်စိတ်ပျက်စရာကောင်းတယ်၊ ဒါက ငါ့အတွက် အခွင့်အရေးကောင်းတစ်ခုတော့
မဟုတ်လောက်ဘူးလားနော် ဟူ၍။
သို့သော် ကျန်အတွေးတစ်ဝက်သည် ထိုစိတ်ကူးကို ဂုဏ်ယူဝင့်ကြွားစွာ
လှောင်ပြောင်နေလေသည်။ နောက်ဆုံး စိတ်ကူးတစ်ခု ရုပ်လုံးပေါ်လာချိန်တွင်တော့
ရန်လျန်သည် ဆန့်ကျင်နေသည့်အတွေးကို ခပ်မြန်မြန် ဘေးချိတ်ထားလိုက်ပြီး
ကိုယ့်ဟာကိုယ် နောင်တရခွင့် မပေးတော့သည်။
ရှည်လျားသည့်ညတာတစ်ခုပင်။
အလွန်ဝေးကွာသည့် နိုင်ငံခြားဖုန်းခေါ်ဆိုမှုတစ်ခု။
“ဟယ်လို”
ရန်လျန် အတန်ကြာအောင် စဥ်းစားနေလိုက်ပြီး
နောက်ဆုံး ‘အဆင်ပြရဲ့လား’ဟုသာ မေးလိုက်တော့သည်။
သူမက အလွန် တွေဝေနေသည့်ပုံပေါ်ရာ
ကျိုးချန်းကလည်း ခန့်မှန်းမိလောက်အောင် ဉာဏ်ကောင်းလေသည်။
“ နင် အားလုံး သိပြီးပြီလား”
“....” “...”
“....” “....”
“မိန်းမတစ်ယောက်ထဲဆီကနေ အခါခါ နင်းခြေခံရတာ
တန်ရဲ့လားဟယ်”
“ မတန်ပါဘူး ဒါပေမယ့်... ငါ လည်းမတတ်နိုင်ဘူး”
ကျိုးချန်း ခေတ္တတုံ့ဆိုင်းသွား၏။ ရန်လျန်သည်
သူ့ကို ကောင်းကောင်းနားလည်ပေးနိုင်ရာ သူ့သက်ပြင်းချသံကိုကြားရုံဖြင့်
သူအလွန်စိတ်ဓာတ်ကျနေကြောင်း သိနိုင်လေသည်။
နောက်ဆုံးတော့ ရန်လျန်သည် ဘာနှစ်သိမ့်စကားမှ
မပြောပေးနိုင်ခဲ့ချေ။ သူမ၏အတွေးထဲတွင် သည်ယောက်ျားသည် သည်စကားနှင့်သာ တန်တော့သည်ဟု
ခံစားလိုက်ရတော့သည်။
“ နင့်ခံစားချက်တွေ အပေါစားဆန်မနေဘူးလား”
“ အချစ်က နင့်ကို အပေါစားဆန်တယ်လို့ ခံစားရအောင်
လုပ်နိုင်လို့လားဟာ”
ရန်လျန်သည် မတတ်သာတော့ဘဲ ခေါင်းမော့ကာ
မျက်လုံးမှိတ်ထားလိုက်ပြီး ရေထဲကငါးက အောက်စီဂျင်ကို အငမ်းမရရှာဖွေနေသည့်နှယ်
သူမ၏ပါးစပ်က လေကို အငမ်းမရ ရှူရှိုက်မိတော့သည်။ ထို့နောက်တွင်တော့
သူမ၏ခံစားချက်ကို ထိန်းချုပ်လိုက်ပြီး
“ ငါ ပြန်လာရင် သွားသောက်ကြတာပေါ့၊ အားတင်းထားစမ်းပါ၊
နင်ကျော်ဖြတ်နိုင်ပါတယ်”
ရန်လျန် ဖုန်းချလိုက်၏။
သူသည် စိတ်ဓာတ်ကျဖို့ ထိုက်တန်ခဲ့သည်ဆိုလျှင်
သူမက ပိုရင်နာရသည်မဟုတ်ပါလား။ ရန်လျန် ရယ်မောမိလေသည်။ ကြီးမားသည့်အဆောင်ထဲတွင်
သူမ၏ရယ်သံကိုသာ ကြားရလေသည်။ သူမ ရယ်မောမိလေလေ နှလုံးသားမှ ပိုခံစားရလေ ဖြစ်ရာ အောက်ဆုံးအထိ
မြေကြီးထဲ နစ်ဝင်သွားသကဲ့သို့ပင်...
“ တခါတလေကျတော့ ရယ်သံက ငိုသံထက်
နားဝင်ပိုဆိုးတယ်”
ရုတ်တရက် အေးစက်စက်အသံတစ်ခုက တိတ်ဆိတ်မှုကို
ဖြိုခွဲလိုက်သည်။
ရန်လျန် အံ့ဩသွား၏။
အသံလာရာကို ကြည့်လိုက်ရာ တံခါးသည်
တစ်ဝက်ပွင့်နေပြီး ပုံရိပ်တစ်ခုသည် ထိုနေရာတွင် ခန့်ခန့်ညားညား ရပ်နေလေသည်။
အလင်းနှင့်အမှောင် ကြားတွင် သူ့မျက်နှာပေါ်က ခံစားချက်ကို နားလည်ရခက်သော်လည်း
မျက်လုံးများကတော့ဖြင့် ဝင်းလက်နေဆဲ။
“ ကျန်းယွိနန်လား”
ထိုလူက သူမထံ ချဥ်းကပ်လာ၏။
“ ရှင် ဘာလုပ်နေတာလဲ”
ကျန်းယွိနန်သည် သူမထက်စာလျင် ပို၍
တည်ငြိမ်အေးဆေးနေ၏။
“ ခြင်္သေ့မလေး အိပ်ပြီးလားလို့ လာကြည့်တာ”
“ ကျွန်မ ဒီနာမည်ကို မကြိုက်ဘူး”
“ငါတော့ ကြိုက်တယ်”
ထိုသို့ပြောလိုက်ရင်း ရန်လျန်ရှေ့က စားပွဲဆီသို့
လျှောက်လာကာ ထမင်းဗူးကို စားပွဲပေါ်သို့ တက်လိုက်ပြီး
“ ပူနေသေးတယ် စားလိုက်အုံး”
မလှုပ်မယှက်ဖြစ်နေသည့် သူမကို ကြည့်ရင်း
ကျန်းယွိနန် ရယ်မောလိုက်လေသည်။
“ မင်းက ငါ့ကို တူကိုခွာပေး၊ အဖုံးဖွင့်ပေးပြီး
မင်းလက်ထဲကို ထည့်ပေးစေချင်တာလား”
ရန်လျန်သည် သူ့အား ငြိမ်သက်စွာ ကြည့်နေလိုက်သည်။
သူသည် အမှန်ပင် အဖုံးဖွင့် ၊ တူကို ခွာပေးပြီး
ပန်းကန်လုံးကို ရန်လျန်လက်ထဲ ထည့်ပေးလိုက်တော့သည်။
သူမသည် မလှုပ်မယှက် ဖြစ်နေဆဲ။ ကျန်းယွိနန်က
မျက်မှောင်ကျုံ့ကာဖြင့်
“ ဒါပေါ့ မင်းကို ခွံ့ကျွေးဖို့လည်း ငါ
ဝန်မလေးပါဘူး”
ရန်လျန်လည်း မျက်မှောင်ကျုံ့လိုက်လေသည်။
ကျန်းယွိနန်က ပလက်စတစ်ဇွန်းကို ယူလိုက်ပြီး
ဆန်ပြုတ်တစ်ဇွန်းခပ်လိုက်ကာ သူ့ပါးစပ်ထဲထည့်လိုက်ပြီး ခဏစောင့်ပြီးနောက် သူမဆီသို့
ရုတ်တရက်တိုးလာလိုက်၏။ သူ့နှုတ်ခမ်းများသည် သူမအနားရောက်လာရာ သူမ ရှောင်လိုက်တော့သည်။
ငါလေ ခုနကတည်းက သူ့ကို ကန်ထုတ်ပစ်သင့်တာ အခုတော့
မကျေမနပ်နဲ့ပဲ ပြောနိုင်တော့တယ်။
“ ရှင် စိတ်မှကောင်းသေးရဲ့လား”
“ မင်းက ငါ့ကို ခွံ့ကျွေးစေတာဆို၊ ဒီတော့
မင်းကို ခွံ့ကျွေးနိုင်မယ့်နည်းလမ်းကို ငါ ရွေးရတော့တာပေါ့”
သူ၏မျက်နှာသေဖြင့်ပြန်လိုက်သည့်ပုံစံက သူမကို
ဒေါသထွက်သွားစေတော့သည်။ သူမသည် ခေါင်းအုံးကို ကောက်ယူလိုက်ပြီး သူ့အား
ပစ်ပေါက်လိုက်တော့သည်။ သူ ရှောင်လိုက်၏။
ရန်လျန်သည် ဒေါသဖြင့်
“ ရှင့် စားစရာတွေ ယူသွား၊ ဒီဆေးရုံကို ကျွန်မ
ငွေနဲ့ ရှင်းထားပြီးသား၊ ရှင့်ကို ဒီနေရာက မကြိုဆိုဘူး”
သူမ၏အမျက်ဒေါသသည် ကျန်းယွိနန်ကို အနှောင့်အယှက်
မဖြစ်ချေ။ သူသည် စားပွဲကို သန့်ရှင်းအောင်လုပ်လိုက်ပြီး စားပွဲပေါ်တွင်
စာချုပ်တစ်ခုကို တင်လိုက်လေသည်။
“ ဒါကိုဖတ်ပြီးမှ မင်း ငါ့ကို
ကြိုဆိုပါတယ်ဆိုရင်တော့ အရမ်းနောက်ကျသွားလိမ့်မယ်နော်....”
ရန်လျန်သည် သူ့အား
မသင်္ကာသလိုကြည့်လိုက်ပြီးနောက် သူမ၏မျက်လုံးများသည် ဖိုင်ဆီသို့
အကြည့်ရောက်သွားတော့သည်။
သူမသည် သည်ဖိုင်စာအုပ်နှင့် ရင်းနှီးနေ၏။ ဒါသည်
ဂျော်နီဝေးလ်အတွက် ပြင်ဆင်ထားခဲ့သည့် နည်းဗျူဟာပူးပေါင်းရေး သဘောတူညီမှုစာချုပ် ဖြစ်လေသည်။
ရန်ချန်သည် အကျို့အမြတ် ခွဲဝေမှုသတ်မှတ်ချက်ကို
မြန်မြန် ကြည့်လိုက်သည်။ စက္ကန့်ပိုင်းအတွင်း သူမ၏သဘောထား ပြောင်းလဲသွားတော့သည်။
ပထမတွင် သူမ အံ့ဩသွားပြီးနောက် ဇဝေဇဝါဖြစ်သွားပြန်သည်။ မရေရာမှုတို့ဖြင့်
ကျန်းယွိနန်ကို မော့ကြည့်လိုက်ပြီး တစ်စုံတစ်ခုကို စဥ်းစားမလိုက်ပြီး အလန့်တကြား
နောက်ဆုံးစာမျက်နှာကို လှန်ကြည့်လိုက်ရာ ဂျော်နီဝေးလ်၏ လက်မှတ်ကို
တွေ့လိုက်ရတော့သည်။
ရင်းနှီးပြီးသား အသံတစ်ခုသည် သူမ၏နားထဲ
ဝင်ရောက်လာ၏။
“ ငါ မင်းအဖေအတွက် ဒီလောက်ကောင်းတဲ့ အပေးအယူကို
လုပ်ပေခဲ့တာလေ၊ မင်းငါ့ကို ဘယ်လို ဆုပြန်ချမှာလဲ”
ရန်လျန်သည် ခေါင်းခါရင်း အော်ရယ်လိုက်တော့သည်။
ဒါသည် အလွန်အံ့ဩစရာကောင်းနေရာ သူမ၏မျက်လုံးကိုပင် မယုံနိုင်တော့ချေ။
“ ရှင် ဘယ်လိုလုပ်လိုက်တာလဲ”
“ ဒီလုပ်ငန်းက လပေါင်းများစွာ ဆိုင်းငံ့ထားတာလေ၊
ဂျော်နီဝေးလ်က ငါတို့ထက် ပိုပြီး စိတ်ပူနေမှာပဲ၊ ရွှီကျင်းဖူက ဒီလက်တွဲလုပ်ငန်းကို
တန်ဖိုးထားပေမယ့် နောက်ဆုံး သူ လေဖြတ်သွားတော့ ဒီကိစ္စကို ဘယ်လို ဆက်လုပ်ရမလဲ
ဘယ်သူမှ မသိကြတော့ဘူး....
... ငါ နယူးယောက်ကို ရောက်လာပြီးတဲ့နောက်ပိုင်း
သူက လှုပ်ရှားမှုတိုင်းကို လိုက်ကြည့်နေတာလေ၊ ငါ့ကို ဒီနေရာမှာ လာကစားတယ်လို့
ထင်ရအောင်နေခဲ့တာပေါ့၊ အဲဒီနောက် မင်းက ခြေထောက်ကျိုးသွားပြီး အိမ်ပြန်မယ်ချည်းပဲ
ပြောနေတာ၊ ငါလည်း မင်းကို စိတ်ပူလို့ ပြန်ပို့ပေးလိုက်ရတယ်လေ၊ အခွင့်အရေးက
ရှိပြီးသား၊ မင်းက တစ်လ နှစ်လလောက် အနားယူရလိမ့်မယ်၊ နောက်ပိုင်း မင်း နယူးယောက်ကို
လာဖို့တောင် ဖြစ်ချင်မှ ဖြစ်နိုင်တော့မှာ၊ ဂျော်နီဝေးလ်ကလည်း စိတ်ပူသွားပြီး
ငါ့ကို လာရှာခဲ့တယ်လေ၊ သူစိတ်ပူနေသ၍ ငါတို့ဘက်က အားသာတဲ့အကျိုးအမြတ် ရမှာပဲ”
ရန်လျန်သည်
အတန်ကြာအောင် စဥ်းစားလိုက်ပြီးနောက် သဘောပေါက်သွားတော့သည်။
“ မင်း ဘာလို့ စကားမပြောတော့တာလဲ”
ရန်လျန်သည် ထိုမေးခွန်းကို ကြားလိုက်ပြီးနောက်
စာချုပ်ကို ဖြည်းဖြည်းချင်းချထားလိုက်ကာ အခိုက်တန့် တွန့်ဆုတ်နေပြီးနောက်
သူ့ကိုမော့ကြည့်လိုက်တော့သည်။
စီးပွားရေးလောကမှာ စိတ်ပိုင်းဆိုင်ရာ
စစ်ဆင်ရေးကိုသုံးလိုက်သတဲ့။ ဒီလူ တကယ်ကြောက်ဖို့ကောင်းပါလား။
နောက်ဆိုရင် ဘယ်လိုလုပ်မလဲ။ သူက
ငါ့ရဲ့အင်အားကြီးရန်သူ ဖြစ်လာမှာလား၊ ဒါမှမဟုတ် အင်အားကြီး ထောက်ပံ့တဲ့သူ ဖြစ်လာမှာလား။
ကြိုမသိနိုင်သည့် အနာဂါတ်ကို ခန့်မှန်းခြင်းက
အလုပ်မဖြစ်ပေ။ ရန်လျန် လုပ်နိုင်သည့်တစ်ခုတည်းသောအရာမှာ တူကို ကောက်ကိုင်လိုက်ပြီး
သူမပါးစပ်ထဲသို့ ဆန်ပြုတ်ကို ထည့်လိုက်ပြီးနောက် ပြုံးလိုက်ကာ
“ အရသာရှိတယ်နော်”
*** ***
နောက်တစ်နေ့တွင် သူတို့သည် အပြန်ခရီးကို
ထွက်လာကြတော့သည်။ နောက်ဆုံး ကျန်းယွိနန်သည် သူမ၏ အိမ်ပြန်ရန် တကျီကျီ
ပြောနေခြင်းအပေါ် မည်သို့ လျစ်လျူရှုထားနိုင်ပါမည်နည်း။
ဒါသည် ရန်လျန်၊ ကျန်းယွိနန်နှင့်
အတွင်းရေးမှူးလီတို့၏ သုံးယောက်သား ခရီးသွားခြင်း နောက်ဆုံးအကြိမ် ဖြစ်တော့သည်။
အပြန်ခရီးစဥ်တွင် လုပ်ဖော်ကိုင်ဖက်များအဖွဲ့၊ အတိုင်ပင်ခံအဖွဲ့ တို့လည်း သူနှင့်
အတူပါလာရာ အခြေအနေမှာ အလွန်သဟဇာတဖြစ်နေတော့သည်။
ရန်လျန်သည် စင်္ကြံဘေးခုံတွင်ထိုင်ပြီး
ဒုဥက္ကဋ္ဌက တမြန်နေ့က အတိုင်ပင်ခံအဖွဲ့သည် နောက်ကျသည်အထိ
ဆွေးနွေးမှုများလုပ်ခဲ့ကြောင်းကို သေချာပြောပြနေသည်ကို နားထောင်ရင်း
လိုက်ပါခဲ့သည်။
“ ကျွန်တော်တို့ အဆောက်အအုံက
ထွက်လာတဲ့အချိန်ကျတော့ အရမ်းနောက်ကျနေပြီးလေ အားလုံးကလည်း အိပ်ချင်နေကြပြီ၊
အဲနေ့ညက ကျွန်တော်တို့က ဂုဏ်ပြုညစာစားပွဲလုပ်ချင်ခဲ့တာ ဒါပေမယ့် ကျန်းယွိနန်က
ကျွန်တော်တို့ကို စိတ်ပျက်သွားပြီး ချက်ချင်း ပြန်သွားခဲ့တာပဲ”
“ ဂုဏ်ပြုစားပွဲကတော့ မဖြစ်မနေ လုပ်ရမှာပေါ့”
သို့နှင့် တစ်ယောက်က မေးလိုက်လေသည်။
“ အဲတုန်းက ကျန်းယွိနန်က ဘာလို့
စိုးရိမ်တကြီးနဲ့ ထွက်သွားတာလဲ”
“ သူငယ်ချင်းတစ်ယောက်နဲ့ သွားတွေ့ရမှာမလို့လို့
ပြောတာပဲ”
“ အရေးကြီးတဲ့သူငယ်ချင်းတစ်ယောက် ထင်ပါတယ်”
ရန်လျန်သည် တိတ်ဆိတ်စွာနားထောင်နေလိုက်၏။
သည်အခိုက်တွင် သူမသည် အနည်းငယ် အနေခက်သွားတော့သည်။
အမှတ်တမဲ့ သည်ခံစားချက်ကို ဖုံးကွယ်ရန် တစ်ခုခု
လုပ်ချင်လာတော့သည်။
သူမသည် နားကြပ်တပ်ကာ သီချင်းနားထောင်ဖို့သာ
ရွေးချယ်လိုက်လေသည်။
သူမ နားကြပ်မတပ်ခင် စက္ကန့်ပိုင်းမှာပင်
ကျန်းယွိနန်၏စကားကို ကြားလိုက်ရ၏။
“ ဟုတ်တယ် ,ကျွန်တော့်အတွက်တော့ အဲဒီလူက
အရမ်းအရေးကြီးတဲ့သူပါ”
*** ***
ဆယ်နာရီကျော် ပျံသန်းလာခဲ့ပြီးနောက် လေယာဥ်
ဆင်းသက်သွား၏။
လူများသည် လေယာဥ်ပေါ်က ဆင်းသွားကြပြီးနောက် ရန်လျန်မှာ ရှက်သလိုဖြစ်နေရာ
သူမ၏ချိုင်းထောက်ဖြင့် အလွန်နှေးကွေးစွာ လျှောက်လာလိုက်တော့သည်။
သူတို့သည် ဂိတ်မှ ထွက်လာသည်နှင့်တပြိုင်နက်
သူမ၏ခရီးဆောင်ကို ယူလိုက်ပြီး အတွင်းရေးမှူးလီက သူမကို ဘေးမှ ကူညီပေးလိုက်လေသည်။
သူမ လမ်းစလျှောက်လိုက်သည်နှင့် ကျန်းယွိနန်သည်လည်း သူ့ခြေလှမ်းများကို နှေးကာ
သူမနှင့်ယှဥ်လျှောက်နေသည်ကို အလိုလို သတိထားမိသွားတော့သည်။ မကြာမီတွင် သူတို့သည်
တခြားအဖွဲ့များ၏ နောက်တွင် ကျန်ခဲ့လေသည်။ သူသည် သူမကို မထိသလို တွဲလည်း
မတွဲပေးချေ။ ခါတိုင်းလိုပင် အေးစက်စက်ဖြစ်နေသော်လည်း သူမ၏ဘေးတွင် သူရှိနေခြင်းက
သူမကို အနည်းငယ် မသက်မသာခံစားနေရ စေလေသည်။ ရှေ့က သူမ၏လုပ်ဖော်ကိုင်ဖက်များ
ရုတ်တရက် ရပ်သွားသည်ကို မြင်လိုက်ပြီး ရန်လျန်သည် အာရုံပြောင်းစရာ တစ်ခုခုကို
တွေ့လိုက်ရသဖြင့် ဝမ်းသာသွားတော့သည်။
ကံဆိုးချင်တော့ ဆန့်ကျင်ဘက်သာ ဖြစ်လာပြီး သူမ၏
လုပ်ဖော်ကိုင်ဖက်များ၏ အကြည့်သည် သူမဆီသို့လှည့်လာပြီးမှ တခြားအာရုံကို
ပိုရောက်သွားသယောင်။
လုပ်ဖော်ကိုင်ဖက်များက အကြည့်လွဲသည်နှင့်
သူတို့၏အာရုံကို ဆွဲဆောင်သွားသည့်အရာကို သိလိုက်ရလေသည်။
ရွှီဇီချင်းက သူတို့ကို ကိုယ်တိုင်လာကြိုလေသည်။
သူမ စိတ်ပျက်သွားတော့သည်။
ရွှီဇီချင်းသည် သူမဘေးသို့ရောက်လာပြီး
ရန်လျန်ကို ခေါင်းအစ ခြေအဆုံးကြည့်လိုက်ပြီးနောက် သူမ၏မျက်လုံးများသည်
ကျောက်ပတ်တီးစီးထားသည့် ခြေထောက်ထံ ရောက်သွားတော့သည်။ မျက်ခုံးပင့်လိုက်ပြီးနောက်
ရွှီဇီချင်းက အမှန်တကယ် စိတ်မကောင်းသည့် လေသံဖြင့်
“ ဘယ်လို ဖြစ်လာတာလဲ”
ရွှီဇီချင်းသည် သူမကို ကူတွဲပေးရန်
လက်ဆန့်လိုက်သော်လည်း ရန်လျန်က သူမ၏လက်ကို နှုတ်ဆိတ်ကာ ဖယ်ချလိုက်၏။
ရွှီဇီချင်းသည် ရှက်ပြုံး ပြုံးလိုက်တော့သည်။
မိန်းခလေးရန်လျန်၏ ဒေါသနှင့် သူ့အမအပေါ် အကောင်းမမြင်နိုင်သည့်သဘောထားကို
သူမ၏လုပ်ဖော်ကိုင်ဖက် အားလုံးက ကောင်းကောင်းသိထားကြသည်။ ယခုမူ သည်မြင်ကွင်းကို
ပထမဆုံးအကြိမ် မြင်လိုက်ရပြီးနောက် သူတို့အများစုသည် ရွှီဇီချင်းကို
သနားသွားကြပြီး တစ်ချို့ကတော့ ဘေးဖယ်နေကြကာ တစ်ချို့မှာ ရှက်သွားပြီး
အကြည့်လွဲသွားကြတော့သည်။
ရွှီဇီချင်းသည် အရှက်ရစရာ ကိစ္စကို
ပြေလျော့ရန်အလို့ငှာ ဘေးသို့ လှည့်သွားလိုက်တော့သည်။ သည်အချိန်မှ သူမသည်
ကျန်းယွိနန်၏တည်ရှိမှု ကို သတိထားမိသွားတော့သည်။
ထို့ကြောင့် သူမသည် ယဥ်ယဥ်ကျေးကျေး
နှုတ်ဆက်လိုက်လေသည်။
“ကျန်းယွိနန်”
ကျန်းယွိနန်က သူမအားကို အပြုံးဖြင့်
ခေါင်းညိတ်ပြလိုက်၏။
ရန်လျန်သည် ထိုသူနှစ်ယောက်၏ အပြန်အလှန်
ဆက်ဆံနေပုံကို နှုတ်ဆိတ်ကာ ကြည့်နေလိုက်တော့သည်။
သူမသည် ရွှီဇီချင်းအကြောင်း သိလေသည်။
ထိုအခိုက်တွင် ရွှီဇီချင်းက ကျန်းယွိနန်၏မျက်လုံးများကို ကြည့်နေသည်ကိုလည်း
သိလေသည်။
သူမ၏အမသည် သူမကို ဆင်ခြေပေးကာ ကျန်းယွိနန်ကို
လာတွေ့ခြင်းပင်။
ယခုတော့ ရွှီဇီချင်းသည် သည်အန္တရာယ်များပြီး
အလွန်အသုံးဝင်သည့်ယောကျ်ားနှင့် ရင်းနှီးအောင်လုပ်ရန် ယုတ်ညံ့သည့်ရည်ရွယ်ချက်
ရှိနေပြီး ထိုရည်ရွယ်ချက်ကို သူမ၏ ချိုမြိန်လှပသည့်အပြုံးဖြင့် ဖုံးကွယ်ထားလေသည်။
ရန်လျန်သည် ဘေးတွင် တိတ်ဆိတ်စွာရပ်နေပြီး
သူမ၏နှုတ်ခမ်းပေါ်တွင် လှောင်ရည်နေသည့် အပြုံးယဲ့ယဲ့လေးတစ်ခု
ဖြစ်ပေါ်သွားလေတော့သည်။
No comments:
Post a Comment