ရန်လျန်သည် တံခါးနားတွင် မိနစ်အနည်းငယ်လောက် အချိန်ဆွဲနေလိုက်လေသည်။ အတွင်းရေးမှူးလျန်က သူမကို အခန်းထဲဝင်ဖို့ တိုက်တွန်းလိုက်ပြီး စီအီးအိုအသစ်က သူမကို အချိန်ကောင်းကောင်းပေးကာ စောင့်ဆိုင်းနေပြီးဖြစ်နေသည်။
သည်အမွှာတိုက်ကို
ဆောက်ရန် ငွေအမြောက်အများသုံးခဲ့ရသည်။ ရန်လျန်ရပ်နေသည့် နေရာမှနေ၍ မြင်နေရသည့်
မျက်နှာချင်းဆိုင် အဆောက်အအုံ၏ ကြမ်းပြင်သည် ထူးထူးခြားခြား တောက်ပကာ လှပနေသည်။
အမှန်ပင်။ သူမရှေ့တွင် ရပ်နေသူမှာ မစ္စတာနန်၏ အရပ်မြင့်မြင့် ပုံရိပ်တစ်ခု
ဖြစ်လေသည်။ အခန်းထဲက မြင်ကွင်းနှင့် ပြတင်းပေါက် အပြင်ဘက်က မြင်ကွင်းသည်
အချင်းချင်း ပနှံသင့်နေလေသည်။
အမှန်တွင်တော့
သူမနှင့် သည်လူတွေ့သည်မှာ လေးကြိမ်သာရှိသေးသည်။ ရက်အနည်းငယ်အတွင်း
သူတို့၏အခြေအနေများသည် များစွာပြောင်းလဲ့ သွားခဲ့ပြီ။
ရန်လျန်သည်
ထိုအခိုက်တွင် သူမအဖေ၏အစီအစဥ်ကို မည်သို့ လက်ခံရမည်မသိတော့ရာ နှုတ်ဆိတ်လျက်သာ နေလိုက်ပြီး
ကျန်းယွိနန်က သူမကို အရင်နှုတ်ဆက်လာလေသည်။
“ ဂွတ်မောနင်း”
ရန်လျန်သည်
သပ်ရပ်စွာ ဝတ်ထားစားထားသည့် ထိုယောက်ျားကို အနည်းငယ် လေးဖင့်စွာကြည့်လိုက်ပြီး
“ ....ဂွတ်မောနင်း”
“ မင်း ငါ့ကို
တွေ့ရတာ ဝမ်းသာတဲ့ပုံမပေါ်ဘူးနော်”
“ မစ္စတာကျန်းက အမြဲတမ်း
ပိုသဘေားထား ပြည့်ဝတာပဲ၊ ကိစ္စမရှိဘူးမလား”
သူမ၏စကားသည်
ရယ်စရာကောင်းလောက်အောင် ယုတ္တိမဲ့လေရာ ထိုယောက်ျား၏ ခပ်ပြတ်ပြတ်ရယ်သံကို အမှန်ပင်
ကြားလိုက်ရေသည်။ သို့သော် နောက်တစက္ကန့်တွင်တော့ သူ့လေသံက မြင့်သွားတော့သည်။
“ မနေ့က မင်း
ရှယ်ယာရှင်တစ်ချို့ကို ခေါ်ပြီး ငါ စီအီးအိုဖြစ်လာမယ့်ကိစ္စကို
ပူးတွဲဆန့်ကျင်ခဲ့တယ်လို့ ကြားထားတယ်”
ရန်လျန်သည် ဒီလူက
အနာဂတ်တွင် သူမနှင့်ဆန့်ကျင်လိမ့်မည်ဟု တွေးမိလာ၏။ လက်ရှိတွင် နှစ်ဦးနှစ်ဖက်
သဘောတူညီမှုလုပ်လျှင် ပိုကောင်းသည့် အခြေအနေဖြစ်မည်ဟု ခံစားလိုက်ရပြီး
“ ဒါက ကျွန်မ
စိတ်ကူးမဟုတ်ပါဘူး၊ ကျွန်မက ဒီအတိုင်း ဘာမှမပြောဘဲ နေခဲ့တာ၊ ပြီးတော့ ကျွန်မ
အပြစ်ပေးခံရပြီးပြီလေ __ အဖေက ကျွန်မကို ကျွန်တစ်ယောက်လုပ်ဖို့ ဒီကို
ပို့လိုက်တယ်လေ”
“ တွဲဖက်တစ်ယောက်
အဆင့်က ကျွန်တစ်ယောက်နဲ့ မတူပါဘူး၊ သာမန်လူတစ်ယောက် အတွက်တော့ ဒါက အရမ်းကောင်းတဲ့
အလုပ်တစ်ခုပဲ၊ မင်း အဖေက ငါ့ကို ဒီနေရာမှာ တာဝန်ယူပေးဖို့ စီစဥ်ခဲ့တဲ့အပြင်
မင်းရဲ့နည်းလမ်းတွေကို ပြောင်းပြီး အရည်အချင်းသစ်တွေ လေ့လာဖို့ မျှော်လင့်ထားတယ်”
သူသည်
မသိမသာမျက်မှောင်ကျုံ့လိုက်သော်လည်း မျက်လုံးများသည် ရုတ်တရက် ထိုးဆွပေးနေသည့်
အရိပ်တစ်ခုဖြင့် ရန်လျန်၏ မျက်နှာလှလှလေးကို တည့်တည့် ကြည့်လိုက်ပြီး
“ ငါ ဒီသမီးကို
မထိန်းနိုင်ဘူး၊ မင်းတစ်ယောက်ကပဲ သူ့ကို ထိန်းမယ်လို့ မျှော်လင့်ရတာပဲတဲ့”
ဒါသည် သူ့တွင်သာ
အရည်အချင်းအစစ်ရှိသည်ဟု သွယ်ဝိုက်ပြောလိုက်ခြင်းပင်။ ရန်လျန်သည် သူမ၏အရည်အချင်းကို
လှောင်ပြောင်နေသည့် သူ့ကိုလည်း မုန်းလေသည်။ သို့သော်ငြား ခေါင်းကို
ငုံ့ထားလိုက်ပြီး အပေါ်ယံတွင် နာခံနေသော်လည်း စိတ်ထဲတွင်တော့ ဆဲရေးနေလိုက်တော့သည်။
ကျန်းယွိနန်သည်
ပြတင်းပေါက်နားတွင် ရပ်နေ၏။ သူတို့သည် ခပ်လှမ်းလှမ်း အကွာအဝေးတွင် ရှိကြသော်လည်း
သူသည် စကားပြောရင်း ရန်လျန်ရှေ့ ရောက်လာသည်အထိ တစ်လှမ်းချင်းစီ ရွေ့လျားလာလေသည်။
“ ဪ ဟုတ်သားပဲ
မင်းလက်ဒဏ်ရာ သက်သာသွားပြီလား”
ရန်လျန်
ခေါင်းမော့ကြည့်လိုက်၏။
သူသည် သူမနှင့်
အလွန်နီးနီးကပ်ကပ် ရပ်နေသည်ကို မသိခဲ့ပေ။
အလွန်နီးနီးကပ်ကပ် ရပ်နေသဖြင့်
သူမသည် အေးစက်စက် ဖိအားတစ်ခုကို ခံစားလိုက်ရပြီး ခြေလှမ်းတစ်ဝှက်လောက်
နောက်ဆုတ်လိုက်လေသည်။ သူမ၏မျက်လုံးများသည် သူ့ကော်လံပင်၊ သူ့လက်ကြယ်သီးဆီသို့
အကြည့်ရောက်သွားပြီးနောက် တည်ငြိမ်အောင်ပြန်လုပ်ယူလိုက်ကာ
“ ကျန်းယွိနန်
ရှင့်မှာ ပြောစရာမရှိတော့ဘူးဆို ကျွန်မ သွားတော့မယ်၊ ရုတ်တရက်ခေါ်လို့ လာခဲ့ရတာ
ဒီအဆောက်အအုံရဲ့ နားနေခန်းက ဘယ်နားမှန်းတောင်
မသိသေးဘူး”
ကျန်းယွိနန်သည်
သူမ၏သတိရှိရှိ ပြောလိုက်သည့် မှတ်ချက်ကို စိတ်ဝင်စားစရာကောင်းသည် ဟု
မှတ်လိုက်သယောင် ခပ်ရေးရေး ပြုံးပြလိုက်လေသည်။
ရန်လျန်
လှည့်ထွက်ရန် ပြင်လိုက်၏။
“ ငါ မင်းကို
တာဝန်တစ်ခု ပေးမလို့”
ကျန်းယွိနန်
ရုတ်တရက် ပြောလိုက်၏။
ရန်လျန် ရပ်သွားသည်။
“ နားထောင်”
သူဆက်ပြောလိုက်သည်။
“ ကုမ္ပဏီရဲ့
လက်ရှိကုန်ပစ္စည်းအားလုံးရဲ့ အသေးစိတ်အချက်အလက် ဆန်းစစ်မှု ၊ အကျိုး၊အပြစ် နဲ့
ဖြေရှင်းချက်တွေကို လုပ်ပေး၊ မနက်ဖြန် မနက် ငါ့စားပွဲပေါ်မှာ အဲဒါကို မြင်ချင်တယ်”
သူမသည် ကျန်းယွိနန်က
သူ့စားပွဲဆီသို့ ပြန်သွားပြီး ထိုင်ချလိုက်သည်ကို ကြည့်နေလိုက်၏။ သူမက ဒီအလုပ်ကို
ငြင်းလိုက်လည်း ဂရုစိုက်မှာမဟုတ်ဘူးဟု တွေးလိုက်မိသည်။ သူမ သူ့ကို သတိပေးဖို့
ဆုံးဖြတ်လိုက်၏။
“ ဒါက အရောင်းဌာနဲ့ R&D တို့ရဲ့အလုပ်လေ”
သူ ပြုံးလိုက်သည်။
ဒီယောက်ျား၏အပြုံးတစ်ခုက
အမူအရာအမျိုးမျိုးကို အဓိပ္ပါကောက်နိုင်သည်ကို ရန်လျန် သဘောပေါက်သွား တော့သည်။
တစ်ခါတစ်ရံ ဝမ်းသာပြီး ၊တစ်ခါတစ်ရံ ဂရုမစိုက်တတ်လိုဖြင့်။ အမှန်ပင် အခုတွင်တော့
နားလည်ရခက်သည့်အပြုံးပင်။
“ အလုပ်ဌာနရဲ့
ပထမဆုံးစည်းကမ်း _ သူဌေးက ဘာတာဝန်ပေးပေး ၊ မင်းဟာမင်း ဘယ်သူဖြစ်ဖြစ်၊ အားလုံးကို
လုပ်ရမယ်”
ဒါသည် သူဌေးက
မည်သူဖြစ်သည်ကို သူမအား သတိပေးလိုက်ရာ ရန်လျန် နှုတ်ဆိတ်နေရန်သာ တတ်နိုင်တော့သည်။
ရန်လျန်သည်
အပြင်ထွက်လာပြီးနောက် အတွင်းရေးမှူးလျိုအား နှုတ်ဆက်ချင်သော်လည်း
အတွင်းရေးမှူးလျိုသည် သူမ၏ပစ္စည်းကို ထုပ်ပိုးရင်း အလုပ်များနေလေသည်။ ရန်လျန်သည်
ထိုတဒင်္ဂတွင် ဖြစ်ပျက်နေသမျှကို နားမလည်နိုင်ဖြစ်သွားတော့သည်။
“ ရှင်
ဘယ်သွားမလို့လဲ”
အတွင်းရေးမှူးလျိုသည်
စားပွဲပေါ်တွင် ကတ်ဖာပေါင်းများစွာဖြင့် သန့်ရှင်းရေး ဆက်လုပ်ရင်း
ရှင်းပြလိုက်လေသည်။
“ မင်းအဖေက
အချိန်ပိုင်း စီအီးအိုမဟုတ်တော့ဘူးဆိုတော့ ငါ လက်ရှိစီအီးအိုရဲ့အတွင်းရေးမှူးကို
ဒါတွေ လွဲပေးရမယ်လေ၊ ငါက အတွင်းရေးမှူးရဲ့ အလုပ်အတွက်ပဲ တာဝန်ယူရလိမ့်မယ်၊
ငါ့ရုံးခန်းကိုလည်း မျက်နှာချင်းဆိုင်က အပေါ်ဆုံးထပ်ကို ပြောင်းရမယ်”
အတွင်းရေးမှူးလျိုသည်
မျက်နှာချင်းဆိုင်က မှန်ပြတင်းပေါက်ကို မေးထိုးပြလိုက်လေသည်။
“
ရှင့်ရဲ့အလုပ်တွေကိုရော ဘယ်သူ တာဝန်ယူမှာလဲ”
“ မစ္စတာကျန်းမှာ
သူ့ကိုယ်ပိုင်အတွင်းရေးမှူးရှိတယ်၊ လွဲပြောင်းရမယ့်အလုပ်တွေ အားလုံးကအတွက် သူ
ငါ့ကို အချိန် နှစ်ရက်ပေးထားတယ်”
နှစ်ရက်တဲ့လား။
အရမ်းတော်တဲ့အရူးတစ်ယောက် ရုံးခန်းထဲမှာ ထိုင်နေတာကို တွေးကြည့်လိုက်တော့လည်း
ရန်လျန် ဒါကို ထူးဆန်းသည်ဟု မထင်ပေ။
“ ဪ ဒါနဲ့
မင်းရဲ့ရုံးခန်းက အောက်ထပ် မန်ဂျာဌာနမှာ ရှိတယ်၊ ငါ မင်းအတွက် အကောင်းဆုံး
ရုံးခန်းကို ရွေးထားပေးတယ်”
“ကျေးဇူး”
ရန်လျန်သည်
သူမကိုယ်ပိုင်အချိန်လည်း ကုန်နေသည်ကို နားလည်လိုက်လေသည်။ သူမသည် ဓာတ်လှေကားဆီသို့
လျှောက်သွားလိုက်ပြီး ဓာတ်လှေကားခလုတ်ကို စိုးရိမ်တကြီးနှိပ်လိုက်ရာ
နောက်ဓာတ်လှေကားတစ်ခု ရောက်လာပြီး အထဲတွင် ဝတ်စုံပြည့်ဝတ်ထားသည့် ယောကျ်ားတစ်ယောက်
ရှိနေ၏။
ခဏအကြာတွင် သူနှင့်
အတွင်းရေးမှူးလျိုနှစ်ယောက် စကားပြောနေသည့်အကြောင်းအရာကို ကြားလိုက်ရလေသည်။
ရန်လျန်သည် မနေနိုင်တော့ဘဲ မျက်မှောင်ကျုံ့ထားလိုက်၏။ ဒါက ကျန်းယွိနန်ခေါ်လာတဲ့
အတွင်းရေးမှူးဆိုတာလား။
သူမ၏အုံးနှောက်သည်
သိပ်မကြာခင်က လေဆိပ်တွင်တွေ့ခဲ့သည့် မြင်ကွင်းကို ဖျတ်ခနဲ ပြန်သတိရသွားပြီး
နောက်ဆုံးတွင်တော့ ရန်လျန် နားလည်သွားတော့သည်။
လေဆိပ်မှာတုန်းက
ငါ့မျက်မှန်ကို ပြန်လာပေးတာ ဒီလူမလား။ သူ့မျက်နှာကို ရင်းနှီးနေတာလဲ
မဆန်းတော့ပါဘူး။
ရန်လျန်သည် တစ်နေ့လုံး ရုံးခန်းထဲတွင် အလွန်အလုပ်များနေလေသည်။
Miss VIVI,
Stella Favour, ကုမ္ပဏီ၏နာမည်အကြီးဆုံးတံဆိပ်
Ya Yan, skin
key, Miss 25, A dream, MY color, အသစ်ထုတ်ထားသည့်
ရေမွှေးတံဆိပ်သစ်၊ ဒီအရာများသည် သူမလုပ်နေသည့် ထုတ်ကုန်လိုင်းခွဲ ၇မျိုးဖြစ်ပြီး
သူမကို မနက်စောစောမှ ညနောက်ကျသည်အထိ အလုပ်ရှုပ်နေစေတော့သည်။
ဖုန်းလာသည့် အချိန်တွင် သူမသည် Miss VIVIအတွက်
စက်ရုံတွင် နေရာချဖို့ရာ အတွင်းပိုင်းပြင်ဆင်မှုကို စစ်ဆေးနေပြီး
ဖုန်းကိုင်လိုက်ချိန်၌ လေသံက တုံးတိတိ ဖြစ်နေတော့သည်။ “ဟယ်လို”
ဖုန်းတစ်ဖက်မှ အသံတိတ်နေပြီးနောက်
“ နင့်ရဲ့ပထမဆုံးအလုပ်တက်ရက်မှာတောင် အချိန်ပိုဆင်းနေတာလား”
“ကျိုးချန်း”
ကျိုးချန်း ရယ်မောလိုက်ပြီး
“ ဒီနေ့ နင့်အသံက
တော်တော်ဒေါသထွက်နေတဲ့ပုံပဲ”
“ ငါ အခုထိ ညစာ မစားရသေးဘူး၊
ဒေါသမထွက်ဘဲ နေမလားဟင်”
ရန်လျန်၏အသံသည် ပျော့ပြောင်းသွားတော့သည်။ အနည်းဆုံးတော့
သည်အခိုက်တန့်လေးတွင် သူမကို စိုးရိမ်ပေးမည့် တစ်စုံတစ်ယောက်တော့
ရှိသေးသည်မဟုတ်ပါလား။
“ ငါ လုပ်ငန်းညစာစားပွဲ ပြီးတော့မယ်၊
ခဏနေ နင့်ကို လာခေါ်ပြီးညစာလိုက်ကျွေးမယ်လေ”
“ အင်း”
ဖုန်းချလိုက်ပြီး သူမ၏နားထင်ကို လက်ချောင်းများဖြင့် ပွတ်လိုက်ပြီး
ပြတင်းပေါက်အပြင်ဖက်ကို လှမ်းကြည့်လိုက်လေသည်။ အလွန်လှပသည့်ညချမ်းလေးတစ်ခုပင်။
ကံမကောင်းချင်တော့ သူမသည် ထိုအလှတရားကို ခဏသာ ခံစားခွင်ရလေသည်။ အတွေးများကို စုသည့်လိုက်ကာ
ဆက်ကြိုးစား လုပ်လိုက်လေသည်။
မျက်နှာချင်းဆိုင်နံရံ ပေါ်က နာရီကို မော့ကြည့်လိုက်ချိန်၌
ဘောပင်ကိုချလိုက်ပြီး ဖုန်းကို တစ်ချက်ကြည့်လိုက်လေသည်။ ခဏတာစဥ်းစားလိုက်ပြီး
စိတ်ကိုတင်းထားလိုက်ကာ ဖုန်းကို ကောက်ကိုင်လိုက်ပြီး ပြန်ခေါ်လိုက်လေသည်။
မကြာခင်မှာပင် ဖုန်းဝင်သွားပြီး တစ်ဖက်လူက မပြောရသေးခင်မှာပင်
သူမအရင်ပြောလိုက်၏။
“ နင်ပဲ ငါ့ကို ညစာကျွေးမယ်လို့ ပြောခဲ့တယ်မလား၊ ဒီပုံစံအတိုင်းဆို
ငါတို့ မနက်စာတောင် စားရတော့မယ်”
သူမ အရွှန်းဖောက်ရင်း ညည်းညူလိုက်၏။ သို့သော် နောက်တစ်စက္ကန့်တွင်တော့
ရန်လျန်၏မျက်နှာသည် ငိုက်စိုက်ကျသွားတော့သည်။
“ နင် စောင့်စရာမလိုတော့ဘူး”
ရွှီဇီချင်း၏အသံသည် ဖုန်းထဲကထွက်လာပြီး သူမ၏နားစည်ကို
လာရိုက်သွားတော့သည်။
“ ....” “.....”
“....” “....”
“ ဘာလို့ နင်ဖြစ်နေတာလဲ”
ရန်လျန်၏အသံသည် မခံချိမခံသာဖြစ်နေ၏။
“ ငါ ညစာစားပွဲ သွားခဲ့တာလေ၊ မူးနေလို့ ကျိုးချန်းကို
လာကြိုခိုင်းလိုက်တာ၊ အခု သူ ငါ့အတွက် လမ်းဘေးမှာ ရေသွားဝယ်ပေးနေတယ်”
ရန်လျန်သည် တော်တော် ရယ်စရာကောင်းသည်ဟု တွေးလိုက်ကာ
နှုတ်ခမ်းမဲ့လိုက်လေသည်။
“ သူနင့်ကို
ညစာကျွေးမှာဆိုလို့ စောင့်နေတာလား” ရွှီဇီချင်း၏လေသံသည် ရည်ရွယ်ချက်ရှိရှိ လှောင်ပြောနေသယောင်။
“ အခု ဘယ်လိုလုပ်မလဲ ၊ သူက ငါနဲ့ရှိနေတယ်....”
ဒေါသတကြီး ရန်လျန် ဖုန်းချပစ်လိုက်၏။ စိတ်ဆိုးဆိုးဖြင့် ထရပ်ကာ
ဖုန်းကြိုးကို ဆွဲဖြုတ်လိုက်တော့သည်။ နောက်ဆုံးတွင် ငြိမ်သက်သွားပြီး
မည်သည့်အရာကမှ သူမကို မနှောင့်ယှက်နိုင်တော့ချေ။
တစ်ညတာ ကုန်ဆုံးသွားပြီးနောက်တွင်တော့ ရန်လျန်သည် သူမ၏အလုပ်များ
ပြီးသွားတော့သည်။
သူမသည် စားပွဲပေါ်က ကွန်ပျူတာကိုပင် မပိတ်နိုင်တော့ပေ။ ထလည်း မထချင်။
ထိုအခိုက်တွင် ပြတင်းပေါက်မှ ဖြတ်ဝင်လာသည့် မိုးသောက်ယံအလင်းတန်းတစ်ခုကို
မြင်လိုက်ရ၏။ အိမ်မပြန်ခင် ခဏနားလိုက်အုံးမည်ဟု တွေးကာ မျက်လုံးများကို
မှိတ်လိုက်သော်လည်း ခဏအတွင်း အိပ်ပျော်သွားတော့သည်။
ကွန်ပျူတာစခရင်ဆီမှ ထွက်လာသည့် အပြာရောင်အလင်း ဖျော့ဖျော့အောက်တွင် အမျိုးသမီး၏မျက်နှာသည် နူးညံ့ပျော့ပြောင်းနေ၏။
ရန်လျန်သည် အိပ်မက်လား တကယ်လား မသိလိုက်သော်လည်း တံခါးဆီမှာ
အသံတိုးတိုးတစ်ခုကို ကြားလိုက်လေသည်။ တစ်စုံတစ်ယောက် အခန်းထဲဝင်လာပြီး
ကွန်ပျူတာကို ပိတ်လိုက်ကာ.... သူမ၏ပခုံးပေါ်က ဆံပင်ကို အသာအယာသပ်ပေးနေသယောင်။
ရန်လျန်သည် မျက်လုံးဖွင့်လိုက်ချင်သော်လည်း ရုတ်တရက်ဆိုသလို
ရွှီဇီချင်း၏အသံက စိတ်ထဲတွင် ပေါ်လာ၏။ “ အခု ဘယ်လိုလဲ၊ သူ ငါနဲ့ရှိနေတယ်လေ...”
ရန်လျန်နိုးလာပြီး ရုတ်တရက် ခါးမတ်လိုက်လေသည်။
သူမ၏လက်သည် တစ်ခုခုကို တိုက်မိသွားပြီး တစ်ခုခုက
မှောက်ကျသွားသံကြားလိုက်ရ၏။
ဖန်ခွက်ကွဲသံကို ကြားလိုက်ရပြီး ချက်ချင်း ငုံ့ကြည့်လိုက်၏။ တစ်ခွက်အပြည့်
ကော်ဖီများသည် ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲသွားပြီး ကော်ဖီနံ့က တစ်ခန်းလုံး
ပြည့်သွားတော့သည်။
ရန်လျန်သည် သတိအပြည့်မရှိသေးချေ။ သူမ၏နားနားတွင် တိုးညင်းကာ
နားဝင်ချိုသည့် ယောက်ျားတစ်ယောက် အသံကိ
ကြားလိုက်ရပြီး
“ ဒါက ငါ မင်းကို ကော်ဖီယူလာပေးလို့ ပြန်ပေးတဲ့ဆုလား”
ရန်လျန်၏ခန္ဓာကိုယ်မှာ တောင့်တင်းသွား၏။
သူမ သတိပြန်ဝင်လာချိန်တွင်တော့ ဖိတ်ခေါ်မထားသည့် ဧည့်သည်က ရှေ့သို့
အနည်းငယ်ညွှတ်ထား၏။ သူသည် သူမ၏ထိုင်ခုံဘေးတွင် ရပ်ကာ ကိုယ်ကိုညွှတ်ထားပြီး
သူ့နှုတ်ခမ်းများသည် သူမ၏အေးစက်နေသည့် နားထင်ကို ပွတ်သပ်လုနီးနီးပင်။
ထိုယောက်ျားဆီမှလာသည့် စီးကရက်နံ့ရောနေသည့် အငွေ့နံ့တစ်ခုကို
ရလိုက်ပြီး ထိုနေရာတွင်ပင် တောင့်တောင့်ကြီး ထိုင်နေမိကာ ထိုလူက စားပွဲပေါ်က
တစ်ရှူးကို လှမ်းယူရင်း သူမအနား အလွန်ကပ်လာသည်ကို အံ့အားသင့်နေမိလေသည်။
သူသည် တစ်ရှူးတစ်ချို့ကို ဆွဲထုတ်လိုက်ပြီး သူ့အဝတ်အစားပေါ်က
ကော်ဖီစွန်းကို သုတ်လိုက်လေသည်။
“ကျန်းယွိနန်”
ရန်လျန် သတိဝင်လာ၏။
ကျန်းယွိနန် သူ့အင်္ကျီပေါ်က ကော်ဖီစွန်းရာများကို သုတ်ရင်း ခေါင်းကို
အနည်းငယ်မော့ကြည့်လိုက်ပြီး ရှက်ရွံ့ဟန်တစ်စက်ခလေးမှဖြစ်မနေဘဲ ပြုံးလိုက်ကာ “
အိပ်လို့ကောင်းလား”
မကောင်းဘူး။ လုံးဝမကောင်းဘူး။
ရန်လျန်သည် ဒူးတုတ်ထိုင်ချကာ ကြမ်းပြင်ပေါ်က ကြွေထည် အပိုင်းအစများကို ကောက်ရင်း မေးလိုက်လေသည်။
“ ရှင် ဒီကို ဘာလာလုပ်တာလဲ”
အက်ကွဲအစများကို ကောက်ရင်း မော့ကြည့်လိုက်ရာ ရှေ့တွင်ရပ်နေသည့်
ယောက်ျား၏ မျက်လုံးများနှင့်
ဆုံသွားတော့သည်။ ပြောမည့်စကားပင် မေ့သွားတော့သည်။
သူမသည် ကြမ်းပြင်တွင် ဒူးတုတ်ထိုင်လျက် သူက သူမထံ ညွှတ်လာပြီး
သူ့လက်ချောင်းများသည် သူမ၏နှုတ်ခမ်းကို လာထိလေသည်။
ရန်လျန်သည် ရုတ်တရက် သူမ၏နှလုံးခုန်သံကို ပြန်ကြားလိုက်ရတော့သည်။
ထိုလူ၏လက်ချောင်းများသည် သူမ၏နှုတ်ခမ်းပေါ်ရောက်လာ၏။ ဒါက ငါ့ကို
ဂရုစိုက်တာလား၊ အနိုင်ကျင့်နေတာလား။ သူမ မြန်မြန် မတ်တပ်ထရပ်က သူ့လက်ကို ရှောင်လိုက်လေသည်။
ကျန်းယွိနန်သည် မျက်လုံးများဖြင့် ပြုံးလိုက်၏။ သူ့အပြုံးသည်
ပြတင်းပေါက်ဆီမှ ကျရောက်လာသည့် နေရာင်ကို ရောင်ပြန်ဟပ်နေသည့်နှယ်။
သူ့လက်ချောင်းဖျားကို ငုံ့ကြည့်လိုက်ပြီးနောက် သူမကို လက်ညိုးထိုးကာ
“ မင်း ကောင်းကောင်း
အိပ်ပျော်ခဲ့တာဖြစ်ရမယ်၊ မင်းနှုတ်ခမ်းနီတွေ စွန်းနေတယ်လေ”
အမှတ်တမဲ့ ရန်လျန် သူမနှုတ်ခမ်းကို သပ်မိသွားတော့သည်။
“....” “...”
“ မစ္စတာကျန်းက ကျွန်မကို ဘာလို့လာရှာတာလဲ”
ရန်လျန်မေးရပါမည်။ သူသည် ကော်ဖီတစ်ခွက်နှင့် ထူးထူးခြား ရောက်လာသည့် အကြောင်းအရင်းကို သိချင်မိ၏။
မမျှော်လင့်ဘဲ ကျန်းယွိနန်၏မျက်နှာသည် ချက်ချင်း တည်သွားပြီး
“ အဆင်သင့်ပြင်ထား၊ မင်း ငါနဲ့ အလုပ်ခရီးသွားရမယ်”
“ အလုပ်ခရီးဟုတ်လား”
“ ဒီမနက်လေယာဥ်နဲ့”
ရန်လျန်သည် ကွန်ပျူတာစခရင်ပေါ်တွင် သူမ၏ပုံရိပ်ကို မြင်နေရ၏။
အိပ်ချင်မူးတူးမျက်လုံး၊ ဆံပင်များ ရှုပွလို့။ ထို့နောက် နာရီကို ကြည့်လိုက်ပြီး
သူမ၏လက်ဆွဲအိတ်ကို ကောက်ကိုင်ရင်း ပြောလိုက်လေသည်။
“ ကျွန်မ အိမ်ပြန်ပြီး မြန်မြန်လဲ.....”
ကျန်းယွိနန်၏လက်သည် သူမ၏လက်မောင်းကို လှမ်းဖမ်းလိုက်၏။
“ အရမ်းနောက်ကျသွားလိမ့်မယ်”
“....” “...”
“ ငါ အိမ်ပြန်ပြီး အဝတ်လဲရမှာ၊ မင်း ငါ့အိမ်ကို တန်းလိုက်ခဲ့ပြီး
အဲမှာ လဲလိုက်လို့ရတယ်”
“ ဒါကျတော့ ကျွန်မတို့ အရမ်းနောက်မကျဘူးပေါ့ဟုတ်လား၊ ကျွန်မ ဘာလို့
အိမ်ပြန်လို့ မရရမှာလဲ”
ကျန်းယွိနန်သည် မျက်ခုံးပင့်လိုက်ကာ ပြုံးလိုက်ပြီး
“ ဘာလို့လဲဆိုတော့ ငါ က မင်းရဲ့သူဌေးဖြစ်နေလို့လေ”
…
No comments:
Post a Comment