အခန်း (၁) မမျှော်လင့်ဘဲ
တွေ့လိုက်ရဲ့မိတ်ဆွေဟောင်းက ရန်သူဖြစ်နေတယ်
ကိစ္စကတော့ ဒီလိုစ,တယ်။ ငါ မိသားစုက ရှောင်ဟွမ်က
တခြားလူရဲ့အိမ်က ကြက်ပေါင်တစ်ခုကို ခိုးရာက ငါလည်း အကျဥ်းထောင်ထဲ ရောက်ခဲ့ရတာပဲ။
အင်း။ ဟုတ်ပါတယ်။ ကိစ္စက ထင်ထားတာထက် နည်းနည်းပိုရှုပ်တယ်။
ကြက်ပေါင်ပိုင်ရှင်က အကြင်နာမဲ့ပြီး ငါမိသားစုရဲ့
ရှောင်ဟွမ်ကို သူ့ခြေထောက်နဲ့ လျော်ကြေးပြန်ပေးစေချင်တာတဲ့လေ။
အလွယ်ပြောရမယ်ဆိုရင်တော့ ငါမိသားစုရဲ့
ရှောင်ဟွမ်က ခွေးမဟုတ်ဘူးနော်။ လူတစ်ယောက်။
ကြက်ပေါင်တစ်ခုနဲ့ လူတစ်ယောက်ရဲ့ခြေထောက်။
ဘယ်လိုလုပ်ပြီး ညီမျှတယ်လို့ မှတ်လို့ရမှာလဲ။
ကြက်ပေါင်ပိုင်ရှင်က ငါကို အခွင့်အရေးယူချင်နေတာ
မဟုတ်ဘူးလား။ သူက တော်တော်လေးကို ရက်စက်တဲ့သူပဲ။
ဒါပေမဲ့ ကြက်ပေါင်ပိုင်ရှင်ကတော့ ဒီအချက်ကို
လုံးဝ သတိမထားမိပါဘူး။ သူက အလေးချိန်တိုးလာတဲ့ သက်လတ်ပိုင်းအရွယ်ပဲ။ ဗိုက်ကြီးက
ခြင်းတောင်းကြီးတစ်လုံးလောက် ကြီးပြီး သူ့ကြည့်ရတာ ၇-၈လလွယ်ထားတဲ့ရတဲ့ ဗိုက်လို
မွေးဖို့အသင့်ဖြစ်နေတဲ့ပုံနဲ့။ သူ့မေးစေ့အောက် ကြွက်နှုတ်ခမ်းမွေးကို ပွတ်သပ်ပြီး
ခေါင်းခါရင်း သူက သွေးနထင်ရောက်နေတဲ့လေသံနဲ့ ပြောလိုက်တယ်။
“နောက်ဖေး ထင်းတဲက လူသွမ်းတစ်ကောင်ပဲ၊ သူ့ကို
စုံစမ်းစစ်ဆေးဖို့အတွက် စီရင်စုတရားရုံးကို လက်လွဲပေးလိုက်တာ အကောင်းဆုံးပဲ”
ငါလည်း မျက်လုံးကို ပင့်ကြည့်လိုက်ပြီး
စက်ဆုပ်တဲ့အကြည့်နဲ့ ကြည့်ပေးလိုက်တယ်။ ဒီကိစ္စသာ လွန်ခဲ့တဲ့သုံးနှစ်မှာ
ဖြစ်ခဲ့ရင် ရှေ့ကို အရှိန်နဲ့ပြေးသွားပြီး သူ့အူတွေ အစာအိမ်တွေ ပေါက်ထွက်တဲ့အထိ ကန်ပစ်လိုက်အုံးမှာ။
သူက ယဥ်ကျေးတဲ့ပုံစံပေါက်အောင် အတင်းအားထုတ်နေပေမဲ့ သူက စီရင်စုတရားကြီးက
ကိုယ်လုပ်တော်အဖြစ် တော်ကောက်ထားတဲ့ သူ့ညီမအရင်းခေါက်ခေါက် ပိုင်ဆိုင်ထားတဲ့
လူရမ်းကားတစ်ယောက်ဆိုတာ အားလုံးအသိပဲလေ။ အဲလိုမှပဲ သူ့မှာ ဒီနေ့လို အင်အားတွေ
ရလာခဲ့တာပေါ့။
တကယ်တော့ ငါက မြို့ကြီးသူစစ်စစ်ရယ်ပါ။ သူကမှ
နောက်ဖေးထင်းတဲထဲမှာ ကြီးလာတဲ့ လူသွမ်းတစ်ယောက်။ သူ့တစ်မိသားစုလုံးက
နောက်ဖေးထင်းတဲထဲကလာတဲ့ လူသွမ်းတွေပဲ။
ရှောင်ဟွမ်က ဒီလိုစိတ်ပျက်စရာကောင်းနေတာကတော့
သနားစရာပါ။ စီရင်စုတရားသူကြီးရဲ့ အပေါစားဆန်ဆန် ယောက်ဖအိုကြီးက သူ့ကို ဖမ်းကို
ကြမ်းတမ်းတဲ့အစောင့်တစ်စုကို အမိန့်ပေးလိုက်တော့ သူကလည်း ကိုယ်လေးကို ကွေးပြီး
အရိုက်ခံနေရှာပေမဲ့ သူ့ပါးစပ်ကတော့ ကြက်ပေါင်ကို ကိုက်ထားပြီး
လွှတ်ဖို့ငြင်းဆန်ရင်း တဝူးဝူးအသံတွေ အော်ဟစ်နေပေမဲ့ ငါရဲ့နားထဲမှာတော့
‘ရှောင်ယိ,,,ငါ့ကို ကယ်ပါအုံး’ လို့ရှင်းရှင်းလင်းလင်း ကြားနေရတယ်။
ငါရဲ့နှလုံးသားထဲမှာ ရုတ်တရက်ဆိုသလို အခြေအနေနဲ့
မကိုက်ညီတဲ့ နာကျင်တဲ့ခံစားချက်တွေ မွေးဖွားလာတော့တယ်။ ပုံမှန်ဆိုရင်တော့ ငါက
ရက်ရက်စက်စက် ကြိမ်းမောင်းပြီး ရှောင်ဟွမ်ရဲ့ ကြက်ပေါင်ခိုးခဲ့တဲ့လက်ကို
ခုတ်ထစ်ပစ်ပြီး သူ့ကိုလည်း တစ်ကြိမ်ထက်မနည်း ရက်ရက်စက်စက် ကန်ကျောက်ပြီး
ဝက်ခေါင်းဖြစ်လာတဲ့အထိ၊ သူ့အဖေ အမေ အရင်းက သူ့ကို မမှတ်မိလောက်တော့တဲ့အထိ
ရိုက်ပစ်မှာပဲ။
လွန်ခဲ့တဲ့သုံးနှစ်က ရှောင်ဟွမ်သာဆိုရင်
မ,ပြီးသား သူ့တူကိုတောင် မချချင် ချချင်နဲ့ ပြန်ချထားပြီး ချန်တော်ဝင်နန်းတော်ရဲ့
တစ်ရာ့ရှစ်မျိုးသော တော်ဝင်ဟင်းလျာတွေကို ထိုးဆွနေမယ့်သူက ဒီနေ့ရဲ့သေရေးရှင်ရေး
အကြပ်အတည်းကိုသာ ကြိုမြင်နိုင်ခဲ့ရင် အတိတ်က အဲဒီနေ့ရက်ကောင်းတွေကို
တန်ဖိုးထားလေမလား သိချင်မိတယ်။
အဲလိုပြောလို့ ရှောင်ဟွမ်ဆိုတာ တကယ်တော့
ကလေးအရွယ်မင်းကြီးတစ်ပါးပါ။ မျိုးရိုးက ချင်တဲ့။
သူက သမိုင်းတွင်စေတဲ့ စကားပြောခဲ့တဲ့
အဲဒီချင်ဟွေ့မင်းကြီးလိုပဲ။ “လူတွေက ဆန်မရှိလို့ အဆာခံနေမယ်ဆိုရင် ဘာလို့ အသားပဲ
မစားကြတာလဲ” တဲ့လေ။ သူ့တည်ရှိမှုကတော့ တကယ် ယုံနိုင်စရာမရှိပါဘူး။
ငါ့နှလုံးသားတစ်ဖက်ခြမ်းကတော့ ဒေါသတကြီးနဲ့
ကျိန်ဆဲနေတာပေါ့။
“ဒါက အမြင်ကျဥ်းတဲ့အတွက် အစားမက်တဲ့အတွက် မင်းကို
သင်ခန်းစာပေးတာပဲ၊ ဒါက မင်းကို ပစ္စည်းတွေခိုးတွေတဲ့အတွက် သင်ခန်းစာပေးတာ၊
ငါ့ချက်ပေးတာကို အရသာမကောင်းဘူးလို့ ညည်းညူလို့ သင်ခန်းစာပေးတာ... ဪ.. ဝဋ်ပဲဟ
ဝဋ်ပဲ။ မင်းသာ ဒီအခြေအနေအထိ ကျသွားမယ်လို့ ကြိုမြင်ခဲ့ရင် အဲဒီနှစ်တုန်းက
နန်းတွင်းအစေခံနဲ့ မိန်းမစိုးတွေကို သူတို့ရဲ့လျှာတွေ ကျိုးတော့မတတ်
အတင်းစားခိုင်းခဲ့သလဲ”
ငါ့နှလုံးသားရဲ့ကျန်တစ်ခြမ်းကတော့ ရှေ့ကို
တိုးသွားခိုင်းပြီး အဲဒီအစောင့်တွေကို ကျောနဲ့ကပ်သွားအောင် တစ်ယောက်ချင်း
ကန်ပစ်ဖို့ အမိန့်ပေးနေတယ်။
. . .
စီရင်စုတရားသူကြီးရဲ့ အပေါစားယောက်ဖရဲ့အမေက
ဒီနေ့ အသက် ၅၀ပြည့်မွေးနေ့ကျင်းပတယ်လေ။ ဒီယောက်ဖအိုကြီးက မိန်းမနဲ့ကလေးတွေကို
မြို့ခေါ်လာတာ အခုဆိုရင် နှစ်တော်တော်ကြာပြီ။ သူ့အမေအိုကြီးကတော့
လူတစ်ယောက်ရဲ့ဇစ်မြစ်နဲ့ မခွဲတမ်းနေရမယ်ဆိုတဲ့ တောကျတဲ့အတွေးအခေါ်ကို
အမြတ်တနိုးထားနေသေးတာမလို့ သူမကတော့ လုံးဝပြောင်းမလာခဲ့ဘူး။
အဲဒီစီရင်စုတရားသူကြီးကလည်း သူ့ကိုယ်လုပ်တော်ကို
တကယ်ချစ်မြတ်နိုးတာပဲ။ သူက အဘွားကြီးအတွက်ဆိုပြီး အစိမ်းရောင်အုတ်၊
အဖြူရောင်အမိုးပါတဲ့ အိမ်တစ်လုံးကို ငွေသုံးပြီး ရွာအပြင်မှာဆောက်ထားပေးတဲ့အိမ်က
တိုက်တိုက်ဆိုင်ဆိုင် ငါနဲ့ ရှောင်ဟွမ်တို့နေတဲ့ တဲစုတ်လေးနဲ့ဆိုရင် ၁၀မီတာလောက်ပဲ
ဝေးတယ်။
ဒီနေ့ရဲ့လေကလည်း အဲလိုတိုက်တိုက်ဆိုင်ဆိုင်နဲ့ပဲ
ငါက မီးမြိုက်ထားတဲ့ အသီးအရွကြော်ကို စားပွဲပေါ်အတင် အသားနံ့ကလှိုင်တက်ပြီး
ငါတို့ရဲ့လေးဖက်လေးတံက လေဝင်ပေါက်တွေကို ဖြတ်ပြီး အိမ်ထဲဝင်အလာမှာပဲ ရှောင်ဟွမ်က
အိမ်က ထွက်ပြီး အသားနံ့နောက်လိုက်သွားတော့တာပဲ။
ငါက မကျက်သေးတဲ့ထမင်း တစ်လုပ်နှစ်လုပ်စာကို
ဒေါသထွက်ထွက်နဲ့ ကုပ်ခြစ်ပြီးထည့်နေတုန်းက ရှောင်ဟွမ်က လက်ရှိအခြေအနေဖြစ်အောင်
လှုပ်ရှားပြီးသွားတော့တာပဲ။
အဲဒီစီရင်စုတရားသူကြီးရဲ့ ယောက်ဖအိုကြီးက
စီရင်စု ထိုင်ခုံမှာ နေလာတာ နှစ်နှစ်နီးပါးလောက်ရှိပြီး လေးစားမှုလည်း
မဆိုစလောက်ရထားတော့ ဒီလိုမခံမရပ်နိုင်စရာအဖြစ်ကို လုံးဝမတွေ့ဖူးလောက်ဘူးပေါ့လေ။
ငါက ပေါ့ပေါ့ပါးပါး သွပ်သွပ်လက်လက်နဲ့ ပြိုင်ဘက်ကင်းကင်း အစောင့်တွေရဲ့
ကျောပြင်ကို ကန်ထုတ်လိုက်တာကို မြင်တော့ ဝဖိုင့်ဖိုင်းမျက်နှာဝိုင်းတစ်ခုက
ရုတ်တရက် ဒေါသတွေထွက်ပြီး ဝက်အသဲရောင် ပြောင်းသွားတော့တာပဲ။ တကယ့်ကို
ပျော်စရာကောင်းပေမဲ့ သူ့ပါးစပ်ကထွက်လာတဲ့ စကားလုံးတွေနဲ့တော့ မလိုက်ဖက်လေဘူး။
“အိမ်တော်က လူအားလုံးကို ခေါ်လိုက်စမ်း၊ ငါ
ဒီနေ့ ဒီကျူးကျော်သူနှစ်ယောက်ကို ဖမ်းပြီး စီရင်စုအကျဥ်းထောင်ထဲ မပို့နိုင်ခဲ့ရင်
‘ဟဲ’ဆိုတဲ့ စာလုံးကို ပြောင်းပြန်ရေးပစ်မယ်”
ဒီတရားသူကြီးရဲ့ ယောက်ဖရဲ့မျိုးရိုးက ‘ဟဲ’ လေ။
တုတ်၊ ဓားတွေကိုင်ထားတဲ့ ၁၀ယောက်ကျော်ပါတဲ့
အစောင့်တစ်ဖွဲ့ကို လက်ဗလာနဲ့ တိုက်ခိုက်ရင်း ‘ဟဲ’ဆိုတဲ့ စာလုံးကို ပြောင်းပြန်များ
ရေးလိုက်ရင် ဘယ်လိုစာလုံးထွက်လာမလို့လို့ တော်တော်လေး စဥ်းစားခဲ့မိတယ်။ တကယ်တော့
ဒါက မများပါဘူးလေ။ အဲဒီနှစ်က အကြောင်းစဥ်းစားလိုက်ရင် ငါက တိုက်ပွဲမှာ ဒီ၁၀
ဒါမှမဟုတ် ကို့ယို့ကားယားဖြစ်နေတဲ့ စစ်သားထက်များတဲ့လူတွေကို ရင်ဆိုင်ခဲ့ပြီး
အခုချိန်အထိ.... ဟင်း... သူရဲကောင်းတစ်ယောက်က အတိတ်က ရဲစွမ်းသတ္တိတွေကို
ပြန်မပြောသင့်ဘူးတဲ့။ ငါတော့ ငြင်းပယ်တယ်။
တကယ်တော့ ငါ့ကိုပဲ အပြစ်ပြောသင့်တာပါ။
ဒီနေ့ထွက်လာတော့ ဒီနေ့အတွက် ဗေဒင်မကြည့်ခဲ့မိဘူးလေ။ (ငါတို့မှာ ဆင်းရဲလွန်းလို့
စားသောက်ဖို့ ငွေတောင်မလောက်တာ ဗေဒင်ပါတဲ့ပြက္ခဒိန်ကို ဝယ်ဖို့ ဘယ်က ငွေရှိမှာလဲ)။
ငါ့မှာ စိတ်ဓာတ်အင်အားတွေ မြင့်တက်လာရုံရှိသေး နားထဲမှာ ‘ဝှီး’ဆိုတဲ့အသံပျံသွားတာ
ကြားလိုက်ရတယ်။ ငါလည်း အမှတ်တမဲ့ ရှောင်လိုက်ပြီး မြားကျသွားတဲ့ဘက်ကို
လှမ်းကြည့်လိုက်တယ်။ အဲဒီအချိန်ခဏလေးမှာပဲ ငါ့သတိတွေ လွှတ်သွားပြီး အရူးလို
နေရာမှာ အေးခဲသွားခဲ့တယ်။
အဲဒီနောက်မှာပဲ ငါ့ခေါင်းမှာ ဖိအားတစ်ခုကို
ခံစားလိုက်ရပြီး စီးထားတဲ့ ငါ့ဆံပင်တွေ ပြေကျသွားပြီး ဆံပင်က ဖရိုဖရဲနဲ့
ဖားလျားကျသွားခဲ့တယ်။ ရှောင်ဟွမ်က ညည်းညူပြီး ခေါ်နေလေရဲ့။
“ရှောင်ယိ....”
ခပ်နွေးနွေး သွေးစီးကြောင်းတစ်ခုက ငါ့နဖူးမှာ
တစ်စက်စက်စီးကျလာပြီး ငါ့မျက်လုံးတွေကို ဖုံးသွားတာများ နာနာကျင်ကျင်နဲ့
အလိုရှိနေတဲ့ မျက်လုံးတွေက အမြင်ကွယ်တော့မတတ်ပဲ။
ငါ့ကို မြားနဲ့ပစ်လိုက်တဲ့သူက ခြေလှမ်းကျဲတွေနဲ့
ငါ့ဆီရောက်လာခဲ့တယ်။ သူကတော့ အဲဒီရုပ်ရည်အတိုင်း ရှိနေတုန်းပဲ။ တစ်ချိန်တုန်းက
နှစ်ပေါင်းများစွာ ငါ့နှလုံးသားကို မငြိမ်မသက်ဖြစ်စေခဲ့တဲ့သူ။ ကျောက်စိမ်းလို၊
အလင်းလို ပေါ့ပါးသွက်လက်တဲ့သူ။
ငါ အဲဒီနေရာမှာ တုံးတုံးအအနဲ့ ရပ်နေခဲ့မိပြီး
တောရွာမှာ သုံးနှစ်လောက် ဒုက္ခခံလာပြီးနောက်ပိုင်း ထင်ထားတာထက်ကို
အိုမင်းရင့်ရော်နေတဲ့ ငါ့ရဲ့ညှိုးနွမ်းတဲ့မျက်နှာလေးကို အမှတ်တမဲ့ ထိလိုက်မိတယ်။
မိတ်ဆွေဟောင်းနဲ့ တွေ့ရတာ တကယ်တော့ အရမ်းကို
ကို့ယို့ကားယားနိုင်ပါတယ်။
ငါ့နောက်မှာ ရပ်နေကြတဲ့ ၁၀ယောက်ကျော်တဲ့
အစောင့်တွေက ဒီအခွင့်ရေးကို အမိအရယူလိုက်ပြီး သူတို့တွေအင်အားကို ပေါင်းပြီးတော့
ချက်ချင်းပဲ ငါ့ကို လဲကျသွားအောင် လုပ်လိုက်တယ်။ ငါလည်း နည်းနည်းလောက်
ဒယီးဒယိုင်ဖြစ်သွားပြီး ရွှံထဲ လဲကျသွားတော့တယ်။ ငါ့မျက်နှာတစ်ဝက်က
ရေခဲလိုအေးတဲ့ရွှံ့ထဲမှာ လဲလျောင်းနေပြီး အရမ်းကို သနားစရာရုပ်ဖြစ်နေတာပေါ့။
အရမ်းကိုအနုစိတ်လုပ်ထားတဲ့ သမင်သားရေဖိနပ်တစ်စုံက ငါ့မြင်ကွင်းထဲ ဖြည်းဖြည်းချင်း
ဝင်လာခဲ့တယ်။
အင်း။ လွန်ခဲ့တဲ့ သုံးနှစ်တုန်းက
ငါ့ခြေထောက်မှာလည်း ဒီလိုအကောင်းစားဖိနပ်ကို စီးခဲ့ဖူးတယ်။ အခုတော့ ငါ့ခြေထောက်မှာ
စီးထားတာက လူတွေကို ကန်ရင်တောင် ဘာအားမှမထည့်ပေးနိုင်တဲ့
ကောက်ရိုးဖိနပ်ပါးလေးတစ်ရံပဲ။ ငါ ရှုံးသွားတာလည်း မဆန်းပါဘူး။
အဲဒီလူက အနားရောက်လာပြီး ဆောင့်ကြောင့်ထိုင်ပြီး
ငုံ့အကြည့် သူ့မျက်လုံးထဲက အကြည့်က ဖျပ်ခနဲ ပြောင်းလဲသွားခဲ့တယ်။ ဒါပေမဲ့ သူက
ကိုယ့်ကို ပြန်မတ်လိုက်ပြီး အရေးမကြီးသလို ပြောလိုက်တယ်။
“စီရင်စုတရားသူကြီးဝူ၊ ဒီလူတွေက အထက်က
ဖမ်းဖို့ကြိုးစားနေတဲ့ အရေးကြီးရာဇဝတ်သားတွေပါ၊ သူတို့ကို အကျဥ်းထောင်ကို ပို့ပြီး
သေချာစောင့်ကြည့်ထားပါ၊ သူတို့ကို မသေစေနဲ့”
နောက်ကနေ အနီးကပ်လိုက်လာပြီး သူ့ယောက်ဖဟဲထက်
သိသိသာသာ ပိုကြီးတဲ့ ဗိုက်ကို ပိုင်ဆိုင်ထားတဲ့ ဆံပင်ဖြူကျိုးတိုးကျဲတဲနဲ့
တရားသူကြီးဝူက အထူးတလည် ရှေ့ထွက်လာပြီး မြောက်ပင့်ပြောလိုက်သေးတယ်။
“ဟုတ်ကဲ့ပါ လူကြီးမင်း၊ ကျွန်တော်မျိုး သူတို့ကို
အကျဥ်းထောင်မှာ စောင့်ကြည့်ဖို့ ချက်ချင်း လူလွှတ်လိုက်ပါ့မယ်”
ငါကြားထားတာတော့ လက်ရှိချီနိုင်ငံတော်ကို
ညီညွှတ်မျှတတဲ့ ပုံစံနဲ့ အုပ်ချုပ်နေပြီး လောကကြီးက အေးချမ်းနေတယ်တဲ့။ သူ့လို
အိုပြီး, ဝတုတ်ပြီး တုံံးအတဲ့လူတောင် တရားသူကြီးတစ်ယောင် ဖြစ်လာသတဲ့လား။ အဲဒီလူရဲ့လက်အောက်မှာ
ဒီလိုငတုံးတစ်ကောင်က တရားသူကြီးအဖြစ် အလုပ်လုပ်နေတာ မဖြစ်နိုင်လောက်ပါဘူးလို့တော့
စဥ်းစားခဲ့မိသား။
လူ့ဘဝက အရေးကိစ္စတွေက တကယ်တော့
ကြိုတင်ခန့်မှန်းဖို့ ခက်ခဲတာ ရှင်းပါတယ်လေ။
လက်ထောက်နှစ်ယောက်က တစ်ဖက်တစ်ချက်ကနေ
ငါ့လက်မောင်းကို ညှပ်ပြီး ငါ့ကိုလည်း ရိုင်းရိုင်းစိုင်းစိုင်း
အော်ဟစ်လိုက်သေးတယ်။ ငါက ခြေတစ်လှမ်းနှစ်လှမ်းလောက် ဒယိမ်းဒယိုင်လှမ်းလိုက်တာနဲ့
ပြောင်နေအောင် ကိုက်ထားပြီး လုံးဝကို သန့်ရှင်းနေတဲ့ကြက်ရိုးကို လက်ထဲမှာ
ကိုင်ထားပြီး အရိုးကိုတောင် မပစ်ချင်လို့ လျှက်နေ ရှောင်ဟွမ်က ဆီတွေပေနဲ့တဲ့လက်နဲ့
အပြေးရောက်လာပြီး ငါ့အင်္ကျီအနားကို လှမ်းဆွဲလိုက်တယ်။ သူက အကျယ်ကြီး
ဟိန်းဟောက်ပြောဆိုတော့တယ်။
“မင်းတို့တွေ ရှောင်ယိကို ခေါ်သွားလို့မရဘူး၊
သူ့ကို ခေါ်သွားရင် ငါစားဖို့ ဘယ်သူက ချက်ပေးတော့မှာလဲ”
....ဟိုတုန်းက ချန်နိုင်ငံရဲ့
တော်ဝင်နန်းတော်ကနေ ထွက်လာပြီး သူ့ကို ကယ်ထုတ်လာဖို့ ငါ့အသက်ကို ရင်းခဲ့ရတာကို
အရမ်းနောင်တရသွားခဲ့မိတယ်..
ငါ့မှာတော့ ကြက်ပေါင်တစ်ခုအတွက် တခြားသူတွေနဲ့
တိုက်ခိုက်နေတုန်း သူက ကြက်ပေါင်ကို တမြုံ့မြုံ့ဝါးရင်း ရန်ပွဲကို ကြည့်နေတာတဲ့လေ။
ငါ့ကို ကူပြီး တိုက်ခိုက်ပေးမယ်ဆိုတဲ့အတွင်း သူ့စိတ်ထဲမှာ တစ်ကြိမ်လေးတောင်
ဖြတ်မသွားခဲ့ဖူးဘူး။
အဲဒီလူက ရှောင်ဟွမ်ကို
ခဏလောက်လှည့်ကြည့်လိုက်ပြီး သဘောပေါက်သွားပုံရတယ်။ ရယ်သံတိုးတိုးလေးတစ်ခုကို
ထုတ်လိုက်ပြီး
“အာ...ဒါက မင်းကြီး မဟုတ်လား၊ အစေခံတွေက မင်းကို
ချန်နိုင်ငံ နန်းတော်ထဲက မီးထဲမှာ မြှုပ်ခံလိုက်ရပြီလို့ ထင်ထားကြတာ”
သူ ရယ်လိုက်တဲ့အချိန်မှာ
အဲဒီသိမ်မွေ့တဲ့မျက်ဝန်းအစုံက အရမ်းကို ဆွဲဆောင်မှုရှိလာပြီး ချစ်မေတ္တာတွေ လျှံကျလာသလို
သူက သူ့ညီအရင်းကို ကြည့်နေတဲ့အတိုင်းပဲ။
တကယ်တော့ သူ ရှောင်ဟွမ်ကို ချက်ချင်း
မမှတ်မိတာလည်း မထူးဆန်းဘူးလေ။ သူက မြင်မြင်သမျှအရာတိုင်းကို
မှတ်မိနိုင်စွမ်းရှိတယ်။ တစ်ခုပဲ။ ငါက ရှောင်ဟွမ်ကို ပြုစုတဲ့နေရာမှာ
အရည်အချင်းမပြည့်တော့ ဝဖောင်းဖောင်း အသားဖြူဖြူနဲ့ ဆယ်ကျောက်သက်လေးကို ဝါကျန့်ကျန့်မျက်နှာနဲ့
အဟာရမပြည့်တဲ့သူ ဖြစ်သွားစေခဲ့တာပေါ့။ အသားနံ့လေးကတင် သူ့မျက်လုံးတွေကို
စိမ်းဖန့်လာစေပြီး သူ့ခံစားချက်ကို ထိန်းမရအောင် ဖြစ်လာစေတယ်။ နောက်ပြီး
စုတ်ပြဲနေတဲ့အဝတ်အစားနဲ့ ဆိုတော့ ဒါက တစ်ချိန်တုန်းက ချန်တော်ဝင်နန်းတော်ရဲ့
နဂါးပလ္လင်ထက်မှာ ထိုခဲ့ဖူးတဲ့ ဆယ်ကျော်သက်မင်းကြီးတစ်ပါးဆိုတာကို
စိတ်ကူးကြည့်ဖို့ တော်တော်ခက်ခဲမှာပေါ့။
ဒီစကားတွေကို ကြားလိုက်တော့ ရှောင်ဟွမ်က သူ့ကို
လှမ်းကြည့်လိုက်ပြီး တော်တော်လေးကြာမှ
“ဝန်ကြီးချုပ်မိသားစုက အစ်ကိုကြီးပဲ၊
ဝန်ကြီးချုပ်မိသားစုက ရန်ဖင် ပဲ”
ငါမှာ သေချင်လောက်အောင် ရှက်ပြီးရင်း
ရှက်သွားတော့တယ်။
မိတ်ဆွေဟောင်းတစ်ယောက်ကို မမျှော်လင့်ဘဲ
တွေ့လိုက်ရသလို ဘယ်လိုများ လုပ်နေနိုင်ရတာလဲ။ အထူးသဖြင့် အဲဒီတုံးတုံးအအ
ပုံစံနဲ့လေ။ သူ့မိတ်ဆွေဟောင်းကပဲ ဒီပြဿနာတွေထဲကနေ သူ့ကို ကယ်ပေးတော့မယ့်အတိုင်းပဲ။
နောက်ဆုံးတော့ ငါနဲ့ရှောင်ဟွမ်ကို အကျဥ်းထောင်ထဲ
ပို့လိုက်ကြတယ်။
စီရင်စုရုံးတော်က သေးတယ်လေ။ ဒီတော့ ငါတို့ဘေးက
အကျဥ်းခန်းတွေမှာ လူအပြည့်ပဲ။ ငါတို့နှစ်ယောက်ပဲ တစ်ယောက်တစ်ခန်းစီ
မျက်နှာချင်းဆိုင်မှာထားခံရလို့ အချင်းချင်းတော့ မြင်နေရသေးတယ်။ အခန်းတွေက
အားလုံးနံ့ဟောင်နေပေမဲ့ အကျဥ်းထောင်ထဲမှာ အထူးအခွင့်အရေးနဲ့ ဆက်ဆံခံရတယ်လို့
မှတ်လို့ရပါတယ်။
အရင်တုန်းက ရှာင်ဟွမ်က အစားအသောက်၊ အဝတ်အစား
နေရာထိုင်ခင်းကအစ ချေးများခဲ့တယ်လေ။ ဒါပေမဲ့ ငါ့ရဲ့ အတင်းအကြပ်ပုံသွင်းခံရပြီး
သုံးနှစ်ကြာတော့ သူက ဘယ်လိုပတ်ဝန်းကျင်ကိုပဲဖြစ်ဖြစ် နေသားကျနိုင်တဲ့အထိ
လေ့ကျင့်လာနိုင်ခဲ့တယ်။ သူက ကြက်ပေါင်ရိုးကို ကိုက်နေပြန်ပါရော။ တကယ်လည်း
ဗိုက်ဆာတဲ့ပုံမပေါ်ပါဘူး။ အကျဥ်းထောင်ထဲက ကောက်ရိုးပုံတစ်ခုပေါ်မှာ လဲလျောင်းပြီး
မြန်မြန်ကြီး အိပ်ပျော်သွားတာ ဟောက်နေတာမှ
တောင်ပေါ်ကနေ ပဲ့တင်သံထွက်နေတဲ့အတိုင်းပဲ။ ညဘက် အစာထွက်ရှာတဲ့
ထောင်ထဲကကြွက်တွေတောင် သူ့ဟောက်သံကို ကြောက်လန့်ပြီး ထွက်ပြေးကြကုန်လေရဲ့။
ငါ့ရဲ့ဝမ်းနည်းနေတဲ့ဗိုက်ကတော့ အလွတ်ကြီးကိုဖြစ်လို့။
ငါ့မှာ ဗိုက်ဆာလွန်းလို့ အိပ်တောင်မပျော်ဘူး။ ငါ့ခေါင်းကို စစ်သားတွေက အကြမ်းဖျင်း
ပတ်တီးစီပေးလိုက်ပေမဲ့ ငါ့ခန္ဓာကိုယ်အောက်က ကောက်ရိုးက ပြောပြလို့တောင်မတတ်တဲ့ ထူးထူးဆန်းဆန်းအနံ့တစ်ခု
ထွက်နေတယ်။ ငါ့နှာခေါင်းကို ပိတ်ထားရင်း အတိတ်ကအကြောင်းကို ဝမ်းနည်းနည်းနဲ့
စဥ်းစားလိုက်မိတယ်။ အဲဒီတုန်းက အဖေက ငါ့ကို တော်ဝင်ရုံးတော်မှ ရပ်ပြီး
အောင်မြင်မှုကြီးရဖို့ အမြဲတမ်း မျှော်လင့်ထားခဲ့တာ။ အဲဒီအစား ငါက
ကျဥ်းကျဥ်းကျပ်ကျပ် အကျဥ်းထောင်ထဲမှာ အဆုံးသတ်သွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။
လွန်ခဲ့တဲ့သုံနှစ်က မိသားစု ထမင်းစားပွဲပေါ်က
အစားအသောက်တွေကို နာနာကျင်ကျင်နဲ့ ပြန်စဥ်းစားမိနေတုန်း အဝေးက ခြေသံတွေကို
ကြားလိုက်ရတယ်။ ထောင်အတွင်းပိုင်း နံရံတစ်လျှောက် အသံက ရှေ့ကို တဖတ်ဖတ်နဲ့
တိုးလာခဲ့တယ်။ ဒီခြေလှမ်းတွေက ပေါ့ပါးသွက်လက်ပြီး ငါ့နားထဲမှာ အရမ်းကို
ရင်းနှီးနေတယ်။ ငါ့မှာ မနေနိုင်ဘဲ ပျော်သွားခဲ့မိတယ်။
အဲဒီလူ နီးလာတာနဲ့
ဒီပြောင်းလဲသွားတဲ့အဖြစ်အပျက်ကို အပျော်လွန်သွားပြီး ငါက အကြိမ်ကြိမ်
အော်ပြောလိုက်တယ်။
“စစ်သူကြီးရန် ၊ စစ်သူကြီး ရန်၊ ငါ ဗိုက်ဆာလို့
သေတော့မယ်၊ စားလို့ရတာ တစ်ခုခုလောက် မြန်မြန် ယူလာပေးပါအုံး၊ ငါ့ကို သေအောင်
အငတ်ထားရင် မင်းလည်း ကောင်းကောင်း သတင်းပြန်ပို့နိုင်မှာမဟုတ်ဘူးနော်”
သူသည် ခြေလှမ်းတစ်ဝက်မှာ ခဏရပ်သွားခဲ့တယ်။
ငါ့ရဲ့သေးနုပ်တဲ့လိုအင်ဆန္ဒကို လုံးဝ နားမလည်ပါဘူး။ ငါ့ရဲ့ ကြမ်းတမ်းတဲ့စိတ်အားထက်သန်မှုလှိုင်းတွေက
ဘယ်ကရောက်လာလဲဆိုတာ ပိုတောင် နားလည်မှာမဟုတ်ဘူး။ စူးရဲတဲ့ မျက်လုံးတစ်စုံကို
သုံးပြီး သူက ငါ့ကို အချိန်တော်တော်ကြအောင် စိုက်ကြည့်နေခဲ့တယ်။ ငါ့ကို တကယ်
ကုသလို့မရတော့ဘူလို့ ထင်နေတာ ဖြစ်ချင် ဖြစ်မှာပေါ့်လေ။ အေးစက်စက်မျက်နှာထားနဲ့ သူက
ဆဲဆိုလိုက်တယ်။
“အန်းယိ မင်း အုံးနှောက်မပါဘူးလား”
ငါလည်း နားမလည်သလို လှမ်းကြည့်လိုက်ပြီး
“ငါဖြင့် စားတောင် မစားနိုင်တာ၊
ငတ်လို့သေတော့မယ်၊ ငါ့က ဘာအတွက် အုံးနှောက်ရှိရအုံးမှာလဲ”
သူ့မျက်နှာက အထင်သေးတဲ့ရုပ်ပေါ်လာပြီး
ရှောင်ဟွမ် ရူးကြောင်ကြောင်လုပ်တိုင်း ငါ သူ့ကို ကြည့်နေကျ အကြည့်တွေနဲ့ သူက
ငါ့ကို ကြည့်လိုက်တယ်။ ဒါပေမဲ့ အရင်က ငါ သူ့ကို အဲလိုကြည့်ရင် ရှောင်ဟွမ်ကတော့
ဒီမျက်လုံးအဓိပ္ပါယ်ကို လုံးဝနားမလည်ပါဘူး။ နောက်ဆုံး သူက ဝမ်းသာအားရနဲ့
ငါ့ပေါ်ခုန်တက်ပြီး ငါ့မျက်နှာကို သွားရေတွေနဲ့ လျက်လိုက်သေးတယ်။ ငါ့မှာ
အသေဒေါသထွက်ရပေမဲ့ သူကတော့ အရမ်းကို ဖြူစင်၊ အရမ်းကို ချစ်ခင်ဖို့ကောင်းပြီး
အရမ်းကို ပျော်နေတဲ့မျက်နှာထားနဲ့ “ရှောင်ယိ မင်းက အကောင်းဆုံးတိုတာ ငါ သိတယ်”
လို့တောင် ပြောတတ်သေးတယ်။
ငါလည်း သူ့ကို ရှောင်ပြီး မျက်နှာပေါ်က
သွားရေကို သုတ်ရင်း “ငါက ဘာတွေကောင်းနေလို့လဲ”
သူ ပေါက်ကရတွေပြောပြီး တန်ဖိုးရှိတဲ့
စကားတစ်ခွန်းမှ မပြောတာ သေချာနားလည်နေပေမဲ့ ငါတော့ စိတ်ပျက်စရာကောင်းလောက်အောင်
သူ့ကို လက်ခံမိနေတုန်းပဲ။
သူ့မျက်လုံးတွေက လင်းလက်သွားပြီး
သူ့လက်ချောင်းတွေကို တစ်ခုချင်းချိုးပြီး စာရင်းချပြနေလေရဲ့။
“ရှောင်ယိသာ မရှိရင် ငါလည်း မင်းဆရာခိုင်းထားတဲ့
အိမ်စာတွေကို ပြီးအောင်လုပ်နိုင်မှာမဟုတ်ဘူး၊ ရှောင်ယိသာမရှိရင်
ဒီနန်းတော်ခန်းမကြီးကလည်း အရမ်းကို လစ်ဟာနေပြီး ငါလည်း ညအိပ်ရင် ကြောက်လန့်နေရမှာ၊
အရေးအကြီးဆုံးက... ရှောင်ယိက မွှေးပြီး နူးညံ့နေတာ အိပ်ထဲအချိန် ဖက်ထားရင်း
အရမ်းသက်တောင့်သက်သာရှိတာပဲ”
ပျာယာခတ်ပြီး ဒေါသထွက်ထွက်နဲ့ ငါလည်း
မင်းကြီးရဲ့ တော်ဝင်နဂါးခေါင်းကို ခပ်နာနာလေး ခေါက်ပစ်လိုက်တယ်။ ပြီးတော့
ဒေါသတကြီး ငေါက်ငမ်းပစ်လိုက်တယ်။
“မင်းကြီး ကျွန်တော်မျိုးက
လိင်တူကြိုက်တဲ့သူမဟုတ်ဘူး”
သူက အဖြူနဲ့အနက် ကြည်လင် ရိုးသားပြီး
အပြစ်မဲ့တဲ့ မျက်လုံးတစ်စုံကို ပုတ်ခတ်ပုတ်ခတ်လုက်ပြီး အရှက်ကင်းကင်းနဲ့
သူ့ငယ်သားကို အဓိပ္ပါယ်ပြန်မေးလိုက်သေးတယ်တဲ့လေ။
“ရှောင်ယိ လိင်တူတယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ”
. . .
No comments:
Post a Comment