အခန်း (၂) စိတ်ကူးထဲက ချီနိုင်ငံဘုရင်
တကယ်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်း
ရန်ဖင် မီးလိုနီရဲနေတဲ့ သူ့မျက်နှာသေးသေးလေးမှာ ဝမ်းနည်းမခံမရပ်နိုင်မှုတွေနဲ့
ခုခံပြီး ပြောခဲ့သေးတယ်။
“အန်းယိ ငါက လိင်တူကြိုက်တာမဟုတ်ဘူး”
အဲဒီတုန်းက ငါ့ပြည့်ဖောင်းဖောင်းလက်သည်းတွေက
သူ့သွေးသွယ်သွယ်ခါးလေးကို ဖမ်းဆုပ်ထားပြီး ငါ့ခန္ဓာကိုယ်မှာရှိတဲ့
ခွန်အားတွေအားလုံးကို သုံးပြီး သူ့ကို ငါ့ဘက်ဆီ ဆွဲလိုက်ပြီး
ဖမ်းဆုပ်ထားတဲ့ငါ့လက်တွေကို လက်လျှော့လိုက်ဖို့ ငြင်းဆန်နေခဲ့တာပဲ။
ချန်နိုင်ငံတောင်ဘုရင်ဟောင်းက အဲဒီတုန်းက
အသက်ရှိနေသေးတယ်။ ပြီးတော့ ချန်နိုင်ငံနန်းတော်က စစ်ပွဲရဲ့ ဖရိုဖရဲ့အခြေအနေနဲ့
အပြင်ကမ္ဘာက လက်အောက်ခံပြည်နယ်တွေရဲ့ ကြားမှာတောင် လှပတဲ့နေရာတစ်ခု ဖြစ်နေတုန်းပဲ။
အရင်မင်းဆက်ဟောင်းရဲ့ လျန်ဘုရင်ကြီးက
အရမ်းကိုသိက္ခာမဲ့ပြီး ဆိုးညစ်လွန်းလို့ ဘိုးဘွားတွေ လက်ဆင့်ကမ်းလာခဲ့တဲ့
နိုင်ငံတော်ကို လုံးဝပျက်သုန်းအောင် လုပ်ခဲ့တယ်။ ဒေသ၁၈ခုက ဘုရင်ကို
ပုန်ကန်ခဲ့ကြတယ်။ ဒေသ ၆၄ခုက စစ်မီးခိုးတွေနဲ့ လွှမ်းမိုးခံခဲ့ရတယ်။ ရှောင်ဟွမ်ရဲ့အဘိုးက
အဲဒီဒေသထဲကတစ်ခုပဲ။ ရှောင်ဟွမ်ရဲ့အဘိုးက လောကကြီးကို သိမ်းပိုက်လိုက်တဲ့အခါ ချန်နိုင်ငံတော်ကြီးက
နှစ်ပေါင်း တစ်ရာတောင် မတည်တံ့နိုင်ခဲ့ဘူး။ နိုင်ငံတော်ကြီးကို ရှောင်ဟွမ်ရဲ့အဖေဆီ
လက်လွဲပေးခဲ့တယ်။ ဒါပေမဲ့ အဲလိုဆိုရင်တောင် လက်အောက်ခံပြည်နယ်တွေရဲ့ အာဏာလုပွဲ
ကြိုးစားမှုရဲ့ လက်ရှိအခြအနေကိုတော့ မရပ်တန့်နိုင်ခဲ့ဘူး။
အရင်မင်းကြီးက အိမ်ရှေ့စံဖြစ်နေတုန်းက ငါ့အဖေနဲ့
ရန်ဖင်ရဲ့အဖေက ညီအစ်ကိုကောင်းတွေလိုပဲ။ တိုက်ပွဲမှာ ပခုံးချင်းယှဥ်ပြီး
တိုက်ခိုက်ခဲ့တယ်။
ငါ့အဖေကတော့ အကျင့်စရိုက်အရ သတ္တိကြောင်ပေမဲ့
ထူးခြားခွန်အားရှိတယ်။ တစ်နေ့ကျရင် သူက ပညာသင်တစ်ယောက်ဖြစ်လာရမယ်လို့
ကျိန်ဆိုခဲ့ပြီး လောကကြီးကို သန့်စင်ဖို့ တရားမျှမှုနဲ့ သစ္စာတရားရဲ့ ခမ်းနားပြီး
အလှဆင်ထားတဲ့ စကားလုံးတွေကို အသုံးချပြီး သာမန်ပြည်သူတွကို ကယ်တင်ပေးခဲ့တယ်။ နောက်ပိုင်းကျတော့ ဖရိုဖရဲကာလထဲမှာ သူ့အသက်
အကြိမ်အနည်းငယ် ပျောက်လုနီးနီးဖြစ်ခဲ့ရပြီးတော့ သူက အသက်မွေးဝမ်းကျောင်းအလုပ်ကို
ဝက်သတ်သမားတစ်ယောက်အလုပ်နေရာကို ပြောင်းလိုက်တယ်။ နောက်ကျတော့ ဝက်တွေကို
အချိန်အကြာကြီး သ-တ်လာပြီးနောက်မှာ သူက လူတွေကို သ-တ်ဖြတ်ရတဲ့ မကောင်းတဲ့အလုပ်ကို
လုပ်ဖို့ တိုက်ပွဲထွက်ရပြန်တယ်။ သူ စိတ်နှစ်ပြီး လုပ်ဆောင်ပေးခဲ့တဲ့ စစ်တပ်က
ရှောင်ဟွမ်ရဲ့အဖေတပ်လေ။
ဒါကြောင့်ပဲ ငါ ငယ်ငယ်လေးတုန်းက
အချိန်ကာလတစ်ခုအထိ ရန်ဖင်နဲ့ငါက ပျော်ရွှင်စရာ ကလေးဘဝကို အတူတူကုန်ဆုံးခဲ့ကြတယ်။
အဲဒီတုန်းက အမေက လောကကြီးကနေ ထွက်သွားပြီလေ။
အရင်မင်းကြီးလည်း သူ့လက်အောက်မှာ အဓိကနန်းရင်းဝန်နှစ်ယောက်နဲ့ နန်းတက်ခဲ့တယ်။
တစ်ယောက်က ရန်ဖင်ရဲ့အဖေ ရန်ယွီ။ နောက်တစ်ယောက်ကတော့ ငါ့အဖေပေါ့။
ငါက ငယ်ငယ်လေးကတည်း ဆိုးသွမ်းပြီး
ခေါင်းမာတဲ့သူလေ။ တခြားရွယ်တူကလေးတွေနဲ့ ယှဥ်ရင် အများကြီး ပိုအားကောင်းတယ်။
နန်းတော်မှ စားသောက်ပွဲကျင်းတဲ့အချိန်တိုင်း ဦးလေးရန်က ရန်ဖင်ကိုအတူတူခေါ်လာပြီး
ပွဲတက်တတ်တယ်။ ငါက မျက်နှာလေးကို ပန်းချီဆွဲထားတာနဲ့တူတဲ့ ကောင်ကလေးကို မြင်တော့
ငါ့နှလုံးသားက လှုပ်ရှားလာပြီး မကြာခဏဆိုသလို သူ့လက်ကို ဆွဲပြီး ကစားဖို့
ထွက်သွားတတ်တယ်။
သူ့အင်အားက အရမ်းကို အားနည်းတာပဲ။
ငါ့လက်ဖောင်းဖောင်းလေးတွေနဲ့ သူ့သေးသွယ်တဲ့ခါးကို ဖမ်းဆုပ်ထားရင် မျက်နှာက
အရမ်းပျော်စရာကောင်းအောင် နီလာတတ်ပြီး မျက်ရည်ကျလုမတတ်ဘဲ သူက အရမ်းရှက်ရှက်နဲ့
ငြင်းတတ်တယ်။
“....မလို... မလိုချင်....” (အဲဒီမျက်ရည်တွေက
တကယ်ပဲ ကြောက်လို့ကျလာတာများလား)
အခန်းထဲက ဦးလေးတွေအားလုံးက တိုက်ပွဲကို
တစ်ကြိမ်တော့ သွားဖူးခဲ့တဲ့သူတွေဆိုတော့ သူတို့ရဲ့အသံတွေက အရမ်းဟိန်းနေတာပဲ။
သူတို့တစ်ယောက်ချင်းစီရင် ပေါက်ကွဲတော့မတတ် ရယ်မောလိုက်ပြီး
“အစ်ကိုရန် မင်းမိသားစုက ဒီသားက
အပျိုစင်လေးလို့ပဲ၊ ဒါသာ အမှန်ဆိုရင် သူက အန်းယိရဲ့ ဇနီးငယ်လေးဖြစ်လာလိမ့်မယ်၊
အန်းယိရဲ့ ဝမ်းသာနေတဲ့ရုပ်ကိုလည်း ကြည့်လိုက်ကြအုံး....”
အဲစကားကို ကြားလိုက်တော့ ပိုပြီး ဝမ်းသာအားရနဲ့
ကျေနပ်ခဲ့ရသေးတယ်။ ရှေ့တိုးသွားလိုက်ပြီး ငါ့နှုတ်ခမ်းကို နှစ်ခါလောက်
သပ်လိုက်ပြီးတော့ သူ့ပါးတစ်ဖက်တစ်ချက်ပေါ်မှာ တံဆိပ်တစ်ခု ရိုက်လိုက်ပြီး
ကိုယ့်ဟာကိုယ် သိပ်မှန်နေတဲ့သဘောထားတစ်ခုနဲ့ ရယ်လိုက်သေးတယ်။
“မိန်းမ ငါနဲ့ လာကစား....”
ငိုယိုနေပြီး ရန်ဖင်တစ်ယောက် ငါ ဆွဲရာနောက်ကို
ပါလာခဲ့တယ်...
တကယ်တော့လေ။ ငိုနေတုန်းမှာတောင်မှ ငါ့ဇနီးလေးက
ပန်းချီကားတစ်ချပ်လို မျက်နှာတစ်ခု ပိုင်ဆိုင်ထားသေးတယ်။ ပုလဲလို မျက်ရည်စတွေက
တစ်စက်ချင်း တစ်စက်ချင်း စီးကျလာပြီး နှာရည်လေး တစ်စက်လေးတောင်မယိုဘနဲ သူက
အရမ်းကို ချောမောနေခဲ့တာ။
ငါနဲ့တော့မတူပေါင်။ အမဖက ငါ့တောင်းဆိုချက်တွေကို
မဖြည့်ဆီးပေးရင် ငါကတော့ နေရာမှာ လဲချပြီး ဟိုလှိမ့်ဒီလှိမ့်
ရှိသမျှနည်းလမ်းတွေအကုန်သုံးပြီး ပြဿနာရှာတော့တာ... အဲလိုဆိုရင်တောင် အဲဒါကလည်း
အင်မတန်ကြည့်ကောင်းနေမှာပါ ဟုတ်တယ်မလား။
နောက်ပိုင်း တစ်နှစ်ပြီးတစ်နှစ် ကုန်သွားပြီး
နှစ်တိုင်း နန်းတော်စားပွဲမှာ စားသောက်ပွဲ တက်ရောက်လာတဲ့ ဦးလေး အရေအတွက်လည်း
နည်းသထက် နည်းလာခဲ့တယ်။ အဖေပြောတာတော့ သူတို့အားလုံးက စစ်မြေမှာ
ကျဆုံးခဲ့တာတဲ့.... ငါ့ဇနီးလေးလည်း အချိန်ကြာလာတာနဲ့အမျှ အငိုနည်းလာခဲ့တယ်...
အကြိမ်တိုင်း သူ့ခွန်အားကိုပဲသုံးပြီး ငါ့ဆီက ရုန်းကန်တော့တယ်။ သူ အသက်
၉နှစ်ရောက်တဲ့လာအချိန် တစ်ရက်မှာတော့ သူက မျက်နှာတွေနီရဲပြီး ဒေါသတကြီး
ပြောတော့တယ်။
“အန်းယိ ငါက လိင်တူမကြိုက်ဘူး”တဲ့။
အဲဒီနှစ်မှာပဲ ငါတို့တွေကို မင်းသားရဲ့
စာဖတ်ဖော်အဖြစ် ရွေးချယ်လိုက်ကြတယ်။ အသက်၅နှစ်အရွယ် ရှောင်ဟွမ်ကိုအဖော်ပြုဖို့
ရင်း စာလေ့လာဖို့ သူလည်း နန်းတော်ထဲကို စပြီး ဝင်လာခဲ့တယ်။ လတိုင်း လဝက်လောက်
ငါတို့တွေ နန်းတော်ထဲမှာ အတူတူနေခဲ့ကြတယ်။
ကျန်တဲ့လတစ်ဝက်ကို အိမ်မှာပဲ အချိန်ကုန်ရင်း
အိမ်စာတွေက ကြောက်စရာကောင်းလောက်အောင် များပြားလာခဲ့တယ်။ အဖေက ငါ့ကို
ရတဲ့အခွင့်အရေးတိုင်းမှာ စာသင်စေချင်တဲ့ မျှော်လင့်ချက်နဲ့ လူအများကြီးကို အိမ်မှာ
ဖိတ်လာတတ်သည်။ ငါက ဘယ်လောက်ပဲ အရူးလိုလုပ်လုပ် အသုံးမဝင်ခဲ့ဘူး။ တစ်ကြိမ်မှာတော့
ငါ့ရဲ့ အရမ်းကြမ်းတမ်းတဲ့ လက်သီးတစ်ချက်ကြောင့် အဖေ့ရဲ့ ရက်ရက်စက်စက်
အရိုက်ခံခဲ့ရပြီး မှောင်မည်းနေတဲ့အခန်းထဲမှာ ပိတ်ထားခံလိုက်ရတယ်။ တံခါးအပြင်ဘက်ကနေ
အဖေက ခြိမ်းခြောက်လိုက်သေးတယ်လေ။
“ကောင်မလေး , နင် သိုင်းလေ့ကျင့်တဲ့နေရာမှာ
လိုလိုချင်ချင်နဲ့ အားထုတ်မှုတွေမလုပ်ရင် မနက်ဖြန် ငါ ရုံးတော်ရောက်ရင်း
မင်းကြီးဆီအသနားခံပြီး နင့်ကို မင်းသမီးတစ်ပါးအနေနဲ့ နန်းတွင်းထဲ ဝင်လို့ရအောင်
လုပ်ပေးလိုက်မယ်.... နင့်ကို စာပေပညာမှာလဲ မတော် သိုင်းပညာလည်း
အရည်အချင်းမရှိအောင်နေဖို့ ဘယ်သူပြောခဲ့လို့လဲ၊ ဒီလိုဖရိုဖရဲကာလမှာတောင်
သန်သန်မာမာနဲ့မရပ်တည်နိုင်ဘူးလား”
အသက် ၅နှစ်အရွယ်ရှောင်ဟွမ်က အရူးလိုပျော်နေတဲ့
မျက်နှာနဲ့ ငါ့ကိုကြည့်နေတာကို စဥ်းစားမိရင် တုန်ယင်နေတဲ့ခံစားချက်ကိုတောင်
မဖိနှိပ်ထားနိုင်ခဲ့ဘူး...
အဖေရယ် အရမ်းကို ရက်စက်တာပဲ။
ပြီးတော့ ငါက ပန်းလေးလို နူးညံ့သိမ်မွေ့ပြီး
ကျောက်စိမ်းလို အဖိုးတန်တဲ့ ငါ့ဇနီးလေးကို ဘယ်လိုလုပ်ပြီး ပစ်ထားနိုင်မှာလဲ။
ငါက လိင်တူကြိုက်တဲ့သူပါလို့ သူက ပြောနေရင်တောင်
အနည်းဆုံးတော့ ငါ စိတ်မဆိုးဘူးလေ။
ဘာလို့လဲဆိုတော့ ငါ့မှာ အိပ်မက်တစ်ခု ရှိတာကိုး။ တစ်နေ့ကျရင်
သူ့ရှေ့မှာ အမျိုးသမီး အဝတ်အစားတွေ ဝတ်ထားချင်တယ်။ အခုလိုမဟုတ်ဘူး။
တုန်းန်းတော်ရဲ့ ဘေးခန်းမမှာ အတူတူနေကြတဲ့ လူနှစ်ယောက်လိုပေါ့။ ဒါပေမဲ့ သူကတော့
ခါတိုင်းလိုပဲ အေးစက်စက်မျက်နှာတစ်ခုနဲ့ သူက သေချင်နေတဲ့အတိုင်းပဲ။
သူ့မျက်နှာကလည်း တကယ့်ကို ရေခဲတုံးအတိုင်း ငါ့အပြုံးတွေကိုတောင်
အေးခဲသွားစေနိုင်တယ်။
ဒါပေမဲ့ အဖေက ပြောပါတယ်။ လူတစ်ယောက်က အရည်ထူပြီး
စိတ်ပုတ်လည်း ရှိတတ်ရတယ်တဲ့။ ဒါမှ တိုက်ခိုက်မှုကို သည်းခံနိုင်ပြီး
ဂရုမစိုက်မှုကို ခံနိုင်ရည်ရှိမှာတဲ့။ အဲဒါမှ အောင်မြင်ပြီး
အသိမှတ်ပြုခံရတဲ့တစ်နေ့ ရှိလာမှာတဲ့။ ငါက ဘိုးဘွားတွေအတွက် ဘွဲ့ထူးတွေ
ယူပေးမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေမဲ့ ရန်ဖင်နဲ့ ဇာတ်သိမ်းကောင်းလေးတစ်ခု
ရှိချင်တဲ့ ငါ့ဆန္ဒကတော့ ဖြူစင်မှုနဲ့အရေးပါမှုမှာ ပြိုင်ဘက်ကင်းလေရဲ့။
တစ်ခုပဲ။ အဲဒီနှစ်တုန်းက ငါက အရမ်းငယ်သေးပြီး
လူ့ဘဝအရေးကိစ္စတွေက အမြဲတမ်းပြောင်းလဲနေတာကို နားမလည်ခဲ့ဘူး။ သူက ဘယ်လောက်ပဲ အေးစက်နေပါစေ
ငါကတော့ သူ့ကို မလျှော့တမ်းဇွဲနဲ့ ဖားလျားနေခဲ့တယ်။ မနက်စောစောမှာဆိုရင် ငါက
မျက်နှာသစ်ဖို့ရေကို သူ့အတွက် ယူသွားပေးတယ်။ ညဖက်ဆိုရင် သူ့အတွက် ခြေဆေးရေယူသွားပေးချင်တာမှ
အရူးအမူးပဲ။.... ဒါပေမဲ့ အမြဲတမ်း နန်းတွင်းအစေခံမလေးတွေရဲ့
အတင်းလမ်းပိတ်တာခံရတယ်။
အဓိကကတော့ တစ်မနက်ခင်းမှာ သူ့အတွက်
မျက်နှာသစ်ဖို့ ရေယူသွားပေးရာက မျက်နှာသစ်ရေဇလုံတစ်ဝက်လောက် သူ့ကိုယ်ကို
ဖိတ်ကျသွားပြီး ဆောင်းတွင်းလည်း ဖြစ်နေလေရဲ့လေ.... ရလာဒ်အနေနဲ့ ညတောင်မရောက်သေးဘူး
သူက စပြီး နှာချေပါလေရော။ တုန်းနန်းဆောင်က နန်းတွင်အစေခံတွေလည်း
ကြောက်လန့်ကုန်ကြတာ သူ့ကိုဝိဉာဥ်တွေ လွှင့်ထွက်သွားတော့မတတ်ပဲ။
ဒီဖျားနာမှုသေးသေးလေးက မင်းကြီးနဲ့ အိမ်ရှေ့စံဆီ ကူးသွားမှာ ကြောက်နေကြတာလေ။
လျပ်စီးလိုအလျင်နဲ့ ရန်ဖင်ကို နန်းတော်ထဲကနေ ထုတ်သွားကြပါလေရော....
ငါလည်း တကယ် စိတ်ပျက်သွားခဲ့တယ်။
ပိုပြီး စိတ်ပျက်စရာကောင်းတာက
နောက်ထပ်နှစ်ဝက်အတွင်းမှာ ရန်ဖင်က ငါ့မနားတမ်းအနီးကပ်စောင့်ရှောက်မှုအောက်မှာ
ဆက်ပြီး နေမကောင်းဖြစ်နေတော့တယ်။ နောက်ဆုံးတော့ မိဖုရားခေါင်နဲ့
ဦးလေးယန်ယွိတို့နှစ်ယောက်လုံး ရောက်လာပြီး အဆုံးသတ်ပေးလိုက်ပါရောလား။ ‘ရန်ဖန်သည်
နန်းတော်နှင့် သဟဇာတမဖြစ်ပါ’ တဲ့။
သူ့စာဖတ်တဲ့ကာလလည်း အဆုံးသတ်ကို ရောက်သွားတော့တယ်။
သူ့ဝမ်းနည်းမှုကတော့ အတိုင်းအတာမရှိလေဘူး။ အရင်ဆုံး လက်ဦးမှုယူလိုက်ပြီး
နောက်ပြန်ဆုတ်လည်း အရမ်းနောက်မကျဘူးလို့ ဆုံးဖြတ်ပြီး လှိုင်းလုံးတွေထဲမှာ
ရုန်းကန်ဖို့ ရှောင်ဟွမ်ဘေးမှာ ငါ့ကို တစ်ယောက်ထဲထားခဲ့ပြီး ထွက်သွားခဲ့တယ်လေ။
ရှောင်ဟွမ်က ဒီကိစ္စကြောင့် အကြောင်းမရှိဘဲ
ရက်တော်တော်ကြာအောင် ပျော်ပါးနေခဲတယ်။ နေ့တိုင်း သူက ငါ့အင်္ကျီစကို ဆွဲပြီး
ငါ့ကို တုန်းနန်းဆောင်ရဲ့ ခန်းမကြီးထဲ ဆွဲခေါ်သွားတတ်တယ်... ငါ့မှာ နေ့တစ်ဝက်လောက်
ရုန်းကန်ခဲ့ပေမဲ့ သူ့မျက်နှာပေါ်မှာ ပြန့်နေတဲ့ ရူးချင်စရာကောင်းလောက်အောင်
တောက်ပပြီး မိုက်ကန်းတဲ့အပြုံးကို မခုခံနိုင်ဘဲ နောက်ဆုံးတော့ လက်နက်ချပြီး
အရှုံးပေးလိုက်ရတာပေါ့။ သူနဲ့အတူတူ
တုန်းနန်းဆောင်ရဲ့ခန်းမထဲမှာ အဖော်လုပ်ပြီး နေပေးလိုက်ရတယ်လေ....
ငါ့မှတ်ဉာဏ် စုစည်းမှူုတွေက
ငြီးငွေ့စရာကောင်းလောက်အောင် ရပ်တန့်သွားခဲ့တယ်။ ချန်နိုင်ငံတော်ဝင်နန်းတောင်က
အဲဒီနှစ်တွေဟာ အမြဲတမ်း ရွှေရောင်လွမ်းတဲ့ချမ်းသာစည်းစိမ် အငွေ့အသက်တစ်ခုကို
ဆောင်ထားတတ်တယ်။ မှိန်ပျပျအလင်းရောင်နဲ့ ရွှံ့နံ့တွေရှိနေတဲ့ လူတစ်ယောက်ရှေ့က
အကျဥ်းခန်းနဲ့ယှဥ်ရင် ဒါက ဘာမှမကွာတော့ပါဘူး။ အပြင်ဘက်လူကတော့
လှောင်ရယ်နေတဲ့အကြည့်တစ်ခုကို ဆောင်ထားလေရဲ့။ တစ်ချိန်က ပန်းချီကားဆန်ဆန်
လှခဲ့တဲ့မျက်နှာက အခုတော့ အများကြီးပိုပြီး သတိလာခဲ့ပြီ။ မတည်ငြိမ်လှတဲ့
နှစ်ပေါင်းများစွာကို ဖြတ်သန်းလာပြီးမှာတော့ ငါ့အသားအရည်တွေကလည်း မြို့တံတိုင်းလို
ထူသွားပြိ။ ငါ့နှလုံးသားကလည်း မှင်ရည်လို မဲနက်သွားပြီ။ ဒီမဖြစ်စလောက်
လှောင်ပြောင်နေတဲ့ စကားလုံးတွေက ငါ့မျက်နှာအရောင်ကို ပြောင်းလဲအောင်မလုပ်နိုင်သလို
အနည်းဆုံးတော့ ငါ့ကို ရင်နာအောင်
မလုပ်နိုင်ပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ထင်ရှားတဲ့အပြုံးတစ်ခု ဖြစ်သွားခဲ့တယ်။
“စစ်သူကြီးရန်ရဲ့ ဒီစကားတွေက မှားနေပြီ၊ ငါက
အကျဥ်းသားတစ်ယောက်ဖြစ်သွားတဲ့အထိ နိမ့်ကျသွားတယ်ဆိုရင်တောင်
ခေါင်းဖြတ်သတ်ဖို့
အမိန့်ချမှတ်ခံထားရတယ်ဆိုရင်တောင် ငါ့ခေါင်းကို မဖြတ်ခင် တစ်နပ်လောက်တော့
စားခွင့်ရှိသေးတယ်လေ ဟုတ်တယ်မလား၊ ခေါင်းဖြတ်မသတ်ခင် ငတ်ပြီးအသေခံထားမှာတော့
မဟုတ်ဘူးမလား”
သူ့ရဲ့နူးညံ့တဲ့မျက်လုံးတွေက ဝေဝါးလာခဲ့တယ်။
ငါကတော့ သူ့ရဲ့အေးစက်စက်မျက်နှာထားတဲ့ အရယ်ခံရတာကို ကျင့်သားရနေပါပြီလေ။
ဖြူဖွေးနေတဲ့သွားအားလုံးကို ထုတ်ပြလိုက်ပြီး သူက
“အန်းယိက အသွင်ပြင်မှာ ဆယ်ပုံပုံရင်
ခုနှစ်ပုံလောက် ကင်းမဲ့နေပေမဲ့ ဆယ်ပုံသုံးပုံလောက်တော့ ကျန်ပါသေးတယ်၊ ငါသာ
ဗိုက်ဆာသွားရင် ဒီဆယ်ပုံထဲက ကျန်တဲ့သုံပုံလည်း ပျောက်သွားလိမ့်မယ်၊ အဲလိုဆိုရင်
ဘာဖြစ်သွားမလဲ၊ ချီနိုင်ငံရဲ့ဘုရင်မင်းမြတ်က သနားစိတ်ဝင်သွားပြီး ငါ့ရဲ့ဒီအသက်ကို
ချမ်းသာပေးမယ်လို့ မျှော်လင့်လို့ရလား”
အရမ်းကို ဒေါသထွက်ထွက်နဲ့ သူ့လက်သီးတွေကို
ထောင်နံရံဆီ ပစ်ထိုးလိုက်တော့ လေထဲမှာ ဖုန်မှုန့်တွေ ဝေ့တက်လာခဲ့တယ်။
“အန်းယိ မင်း မပြောချင်ရင် စဥ်းစားဉာဏ်မဲ့တဲ့
စကားတွေကို မပြောနဲ့၊ ငါ သိသလောက်တော့ ချီနိုင်တော်ကြီးရဲ့ ဘုရင်မင်းမြတ်က
လိင်တူကြိုက်တဲ့သူမဟုတ်ဘူး”
ငါလည်း သက်ပြင်းချရင်း ခေါင်းကို
တွင်တွင်ခါမိတော့တယ်။
“ကျစ်... စစ်သူကြီးရန်က တစ်နှစ်ပတ်လုံးက
စစ်တပ်ကို ဦးဆောင်လာတော့ မင်းရဲ့ဒေါသကလည်း ပိုပိုကြီး ဆိုးလာတာပဲ၊ ငါ့မှာ
စစ်သူကြီးရန် မသိလိုက်မှာ စိုးရတဲ့ ကိစ္စတစ်ခုရှိတယ် .... အန်းယိကလည်း
လိင်တူကြိုက်တဲ့သူမဟုတ်ပါဘူး”
သူ့ရဲ့ဒေါသထွက်နေတဲ့ အကြည့်က တစ်ခါ
ပြန်လျော့သွားပါးပြီး အေးတိအေးစက် နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး
“ဘယ်ကတည်းကလဲ၊ အန်စစ်သူကြီးငယ်လေး ကြိုက်တဲ့သူက
တကယ်တော့ မိန်းမတစ်ယောက်ဖြစ်နေတယ်ဆိုတာ ငါ မသိလိုက်ပါလား”
မျှော်လင့်ထားတွေနဲ့ ဆန့်ကျင့်နေတာက ဒီစကားက
အမှန်တရားဖြစ်နေတာပဲ။ __ ငယ်ငယ်လေးကတည်းက ငါက သူကလွဲရင် တခြားဘယ်သူ့ကိုမှ
သဘောမကျခဲ့ဖူးတာ သူ အမြဲတမ်းသိထားတာပြ။
နှမြောစရာကောင်းတာက ဒါက အတိတ် ဖြစ်နေတာပြ။
ငါက ကြည်လင်တဲ့စိတ်နဲ့ ပြုံးပြလိုက်တယ်။
“အန်းယိက အစကတည်းက အမြဲတမ်း မိန်းမတစ်ယောက် ဖြစ်ခဲ့တာပဲ၊ ငါက
ဘယ်လိုလုပ်ပြီး တခြားမိန်းမကို ကြိုက်နိုင်မှာလဲ”
နှစ်ပေါင်းများစွာကြာပြီးနောက်မှာတော့
ငါ့ပါးစပ်ကိုသုံးပြီး နောက်ဆုံးတော့ သူ့ကို ဒီစကား ပြောနိုင်ခဲ့တယ်။ ငါ့နှလုံးသားက
ချက်ချင်း အေးချမ်းသွားပြီး ငါ့ခန္ဓာကိုယ်တစ်ခုလုံးလည်း အရမ်းကို
အပူအပင်ကင်းသွားခဲ့တယ်။
“မင်း....”
သူက ကြောင်အမ်းအမ်းနဲ့ ရေရွတ်လိုက်ပြီး ငါ့ကို
ကြည့်နေကျ အကြည့်တွေက အရင်ကထက်တောင် ပိုပြီး ထူးဆန်းသွားခဲ့တယ်။ သူ့မျက်နှာပေါ်က
အာရုံကြောတွေက လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရနေသလို သူ့ပါးရိုးကြွက်သားတွေကလည်း
အကြိမ်အနည်းငယ်လောက် ပြင်းပြင်းထန်းထန်း လှုပ်ရှားသွားခဲ့တယ်။ နောက်ဆုံးတော့ သူက
တည်ငြိမ်သွားပြီး
“မင်း.... မင်းက တကယ်တော့
မိန်းမတစ်ယောက်ဟုတ်လား” အံ့ဩစရာကောင်းတာက သူ့စကားလုံးတွေကတောင် မသိမသာတုန်ယင်နေတာပါပဲ။
သူ့ကို ဒီလိုမြင်လိုက်ရတာ
အရမ်းစွဲမက်ဖို့ကောင်းတာပဲ။ ငါ့မှာ မနေနိုင်တော့ပဲ အားရပါးရ ရယ်မောလိုက်မိပြီး
ဂရုမစိုက်နိုင်တော့ဘဲ ထပ်ပြောလိုက်တယ်။
“ဘယ်လိုလဲ ငါ မင်းကို စစ်ဆေးခိုင်းရအုံးမလား”
ပြောရင်းဆိုရင် ထရပ်လိုက်ပြီး ငါ့ခါးပတ်ကို ချွတ်လိုက်ပြီး
မချိတင်ကဲဝေဒနာနဲ့ ငါ့ရဲ့အပေါ်ဝတ်ကို ချွဲချွတ်ပစ်လိုက်တယ်။
ထမင်းတလုပ်စာလောက်အတွက် ငါ့ခန္ဓာကိုယ်ကို စွန့်လွှတ်ရတော့မယ်တဲ့လေ။ ငါက တကယ်ပဲ
အဲလောက်တောင် လွယ်ကူနေတာလား။
သူကလည်း ငါ့ကို ကြောင်တောင်တောင်နဲ့ ကြည့်နေပြီး
သူ့စိတ်ဝိဉာဥ် ပျောက်ဆုံးသွားသလို ငေးငိုင်နေရင်းက
“မင်း.... ဆက်မလုပ်နဲ့၊ ငါ...ငါ စားစရာတစ်ခုခု
သွားရှာပြီး ချက်ချင်း ယူလာပေးမယ်” မျှော်လင့်မထားပဲ ဒါက အရှုံးပေးလိုက်တဲ့သူရဲ့
စိတ်သဘောထားတစ်ခုနဲ့ သွားတူနေသလိုပဲ။
ဆိုးလိုက်တာ။ ငါဟာလေ အမြဲတမ်း စိတ်မြန်လက်မြန်
လုပ်တတ်လွန်းတယ်။ သူ့စကားဆုံးအောင်တောင် မစောင့်ဘဲ ငါ့ရဲ့အတွင်းဝတ်တွေကို
ချွတ်ပြီးသွားပြီး အတွင်းကငါ့ရင်သားကို စည်းနှောင်ထားတဲ့ အဖြူရောင်အဝတ်အစားပဲ
ကျန်တော့တယ်လေ။ သူ့စကားကို ကြားလိုက်တော့ ငါလည်း မြန်မြန်ပြန်ချည်ထားလိုက်ပြီး
ရယ်သွမ်းသွေးပြီး ပြောလိုက်ရတော့တယ်။
“မင်း ယုံသွားပြီဆိုရင် အကောင်းဆုံးပဲပေါ့၊
ဒီအကြီးစားအပြစ်သားကို အငတ်ထားရင် မင်းလည်း ဘာအကျိုးအမြတ်မှ မရမှာစိုးရလို့ပါ၊
ချီနိုင်ငံရဲ့ဘုရင်မင်းမြတ်က ငါတို့ရဲ့လူကို စိတ်နှောက်နေတဲ့သူ မဟုတ်ဘူးလေ....”
ပြောရင်းဆိုရင်း
မျက်နှာချင်းဆိုင်အကျဥ်းခန်းထဲမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတဲ့ အဲကောင်လေးကို
မေးထိုးပြလိုက်တယ်။
သူနဲ့ငါ ရုံးတော်တစ်ခုထဲမှာ အရာရှိတွေ
ဖြစ်ခဲ့ကြတဲ့နှစ်ကို ပြန်သတိရမိတော့ ရှောင်ဟွမ်ကလည်း သူ့ကို အရမ်းချစ်တာလေ။
အုပ်ချုပ်သူနဲ့ လက်အောက်ငယ်သားကြားမှာ ရှိသင့်တဲ့စည်းတွေကို ဘယ်တော့မှ
မလိုက်နာခဲ့ဘူး။ သူက သူ့ကို မကြာခဏဆိုသလို “အစ်ကိုရန်ဖင်.....”လို့
လှိုက်လှိုက်လှဲလှ ခေါ်တတ်ခဲ့တယ်။ လက်ရှိ ချီနိုင်ငံတော်ရဲ့ ဘုရင်မင်းမြတ်
ဖုန်းကျောက်ဝမ်က မျက်နှာမဲ စိတ်ကြီးတဲ့အုပ်ချုပ်သူတစ်ယောက်။ အရာရှိတွေကို
တင်းတင်းကြပ်ကြပ် စည်းကမ်းထားတယ်။ ရန်ဖင်က မင်းကြီးရဲ့ အစ်ကိုခေါ်ခံနေကျ
ဂုဏ်ပုဒ်ကို ဆုံးရှုံးသွားတယ်လို့ မှတ်လို့ရတယ်။
သူ့ချစ်ရတဲ့ပစ္စည်းတစ်ခုကို တစ်ယောက်ယောက်က
ခိုးသွားတဲ့အတိုင်း သူ့မျက်နှာက မြင်လို့တောင်မကောင်းဘူး။
“အန်းယိ မင်းက တကယ်ပဲ ချီနိုင်ငံမင်းကြီးကို
စိတ်မရှည်တာပါလား”
အရမ်းကို
အံ့ဩရတဲ့ပုံနဲ့ သူ့မျက်နှာကို လက်ညိုးထိုးလိုက်ပြီး
“စစ်သူကြီးရန် ဒီစကားလုံးတွေကို ထူးထူးဆန်းဆန်း
ပြောလိုက်တာပြ၊ လက်ရှိမှာ ငါက အကျဥ်းသားအဆင့်ချခံထားရတဲ့သူပါ၊ ဒါပေါ့ ငါ့အသက်ကို
ကယ်နိုင်မယ့် နည်းလမ်းတွေကို စဥ်းစားရမှာပေါ့၊ ငါက ဒီအတိုင်းထိုင်ပြီး
သေဖို့စောင့်နေရမယ်လို့ မပြောနဲ့နော်၊ ဒီလိုဆိုရင် စစ်သူကြီးရန်ရဲ့သိက္ခာလည်း
လုံးဝမြင်မကောင်းအောင် ဖြစ်သွားလိမ့်မယ်၊ တစ်ယောက်ယောက်က မင်းကို
ချီနိုင်ငံရဲ့မင်းကြီးနဲ့ သွားနေဖို့ ဖိအားပေးနေသလိုပါလား”
ဒီစကားလုံးတွေ ငါ့ပါးစပ်က ထွက်လာတာနဲ့
ငါ့နှလုံးသားက အဲစကားတွေကြောင့် အကြီးအကျယ် နောင်တရမိပါရော။ ငါ့ဗိုက်က
ဆာလောင်နေသေးတာမလို့လေ။ သူ့အရင်က စိတ်နေစိတ်ထာနဲ့သာဆိုရင် ဒီစကားကို ကြားလိုက်ရင်
သေချာပေါက် စိတ်ပျက်သွားမှာပဲ။ ငါ့ရဲ့ဆာလောင်ပြီး ပြားချပ်နေတဲ့ဗိုက်ကို ပွတ်ရင်း
အခြေအနေကို ဖြန်ဖြေဖို့ ချက်ချင်းကြိုးစားလိုက်တယ်။ ငါ့မျက်နှာကို နှစ်ချက်လောက်
ခပ်ပါးပါးလေး ပြန်ရိုက်လိုက်ပြီး မြှောက်ပင့်ပြောရတော့တာပေါ့။
“ကြည့်စမ်း၊ ငါ့ရဲ့ဒီပါးစပ်ကတော့။ ဒီလို
ပေါက်ကရတွေ ဘယ်လိုများ ပြောထွက်နိုင်ရတာလဲ၊ စစ်သူကြီးရန် ကျေးဇူးပြုပြီး
စိတ်လျှော့ပါ၊ စိတ်လျှောပါ၊ ဒီအောက်တန်းစားလေးက ဗိုက်ဆာလာတာနဲ့ ခေါင်းက
မူးမိုက်လာရော၊ ခေါင်းက မူးမိုက်လာတာနဲ့ အဆင်ခြင်ဉာဏ်မရှိတဲ့ စကားတွေ ပြောမိပါရောလား...”
သူ့မျက်နှာက နည်းနည်းပိုပြီး
အကျည်းတန်လာပေမဲ့လည်း ထပ်ပြီး ဒေါသမထွက်တော့ဘဲ သူ့အသံကတော့ မကြုံစဖူး
ညင်သာလို့နေတယ်။
“မင်း... မင်းအဲလို လုပ်စရာမလိုပါဘူး၊ ငါ
စားစရာတစ်ခုခု သွားရှားပြီး ချက်ချင်း ယူလာပေးမယ်”
ငါလည်း ကြက်သွန်ဥနီထောင်းသလို ခေါင်းကို
ညိတ်ပြလိုက်ပြီး သူထွက်သွားတာကို လိုက်ကြည့်နေမိခဲ့တယ်။ ကောက်ရုံးပု့ထဲ
ပြန်လဲချလိုက်ချိန်မှတော့ အတိုင်းမသိအောင် ကိုယ့်ဟာကိုယ် ကျေနပ်မိတော့တယ်။
မဟုတ်မှလွဲရော။ ကံကြမ္မာရဲ့ခြယ်လှယ်ခံရဲ့သုံးနှစ်တာကို ဖြတ်သန်းပြီးမှ ငါ့မြောက်ပင့်တတ်တဲ့အရည်အချင်းက
နောက်တစ်ဆင့်ကို တက်သွားတာများလား။
ဒါပေမဲ့ တကယ်တော့ ရှောင်ဟွမ်က
ဒီအရည်အချင်းတွေကို အသုံးချနိုင်အောင် လုပ်ပေးခဲ့တယ်လို့တော့ မထင်ရပါဘူး။
. . .
No comments:
Post a Comment