အခန်း(၄)
ခေါင်းဖြတ်မသတ်ခင် ထိတ်လန့်စရာကောင်းတဲ့ ထမင်းတစ်နပ်
အကျဥ်းထောင်ဖောက်တဲ့
ကိစ္စပြီးသွားတော့ အရေးအကြီးဆုံးလူက ခေါ်ထုတ်သွားခံလိုက်ရပြီး အရေးမပါတဲ့
ဝရမ်းပြေးတစ်ယောက်ဖြစ်တဲ့ ကျွန်မပဲ ကျန်တော့တာမလို့ ရန်ဖင်က အကျဥ်းသားလှည်းကို
ဆက်ပြီးမသုံးတော့ဘူး။ သူက လှည်းတစီးဝယ်လိုက်ပြီး ကျွန်မကို အထဲမှာ ထားပြီး
သူကိုယ်တိုင်လည်း အထဲမှာ လိုက်ထိုင်ရင်း မြို့တော်ကို သွားတဲ့ခရီးတစ်လျှောက်လုံးမ
ကျွန်မကို အဖော်လုပ်ပေးခဲ့တယ်။
သူ့မျက်နှာထားက
ခရီးတစ်ခုလုံးမှာ ဆိုးရွားနေပမဲ့ တခါတလေ သူ ကျွန်မကို ကြည့်တဲ့ အကြည့်က
လူတစ်ယောက်ရဲ့ဆံပင်ကို ရှောင်လွဲလို့မရနိုင်အောင် ထောင်တက်သွားစေတယ်။ ဒီလူရဲ့
အစောပိုင်းတုန်းက ရှိခဲ့တဲ့ သိမ်မွေ့တဲ့စိတ်သဘောထားက ပိုပိုပြီး
ထိုင်းမှိုင်းလားသလို ခံစားရတယ်။ ဒါပေမဲ့ သူ့ခါးထက်က ဓားကို ဓားအိမ်ထဲ လုံးဝ
ဆွဲမထုတ်တာကို မြင်ရတော့ ကျွန်မ တိတ်တိတ်လေး ထင်ကြေးပေးလိုက်မိတယ်။ သူသာ သူ့ဓားကို
ဆွဲထုတ်ပြီး ကျွန်မနဲ့ ရင်ဆိုင်ခဲ့ရင် ကျွန်မရဲ့ နိုင်နိုင်ချေက ဘယ်လောက်ဖြစ်မလဲ။
နောက်တော့ ကျွန်မ သိလိုက်ရတယ်။ အခြေအနေတွေက အံ့ဩစရာကောင်းလောက်အောင် ကျွန်မဖက်မှာ
ရှိနေတာပဲ။ ဒီလိုနဲ့ ကျွန်မလည်း စိတ်ချလက်ချ ဆက်ပြီး စားသောက်လာခဲ့လိုက်တယ်။
တစ်ခုပဲ။
ကျွန်မသေသွားရင်တောင် သန့်ရှင်းတဲ့ တစ္ဆေတစ်ကောင်ဖြစ်နိုင်အောင်လို့ တစ်ကြိမ်လောက်
ရေချိုးခွင့်ပေးဖို့ သူ့ကို ဘယ်နှစ်ကြိမ်ပဲ တောင်းဆိုနေပါစေ ကျွန်မကို အမြဲတမ်း ရက်ရက်စက်စက် ငြင်းပယ်ခဲ့တယ်။
“ငရဲပြည်ကို
သွားတဲ့လမ်းက မှင်ရည်လို မည်းနက်နေတာတဲ့၊ နည်းနည်းညစ်ပတ်ပြီး၊ နည်းနည်း
သန့်ရှင်းတာလောက်နဲ့ ဘာက ကွာခြားသွားမှာမလို့လဲ” သူက အပြုံးမမည်တဲ့ အပြုံးတစ်ခုနဲ့
ပြောလိုက်တယ်။
သူ့ရဲ့ဒီလေသံက
ဘာစိတ်ကောင်းမှမပါတာ ကျွန်မ ခံစားမိသားပဲ။ သူက အမြဲလိုလို အသန့်ကြိုက်တာ
သိထားပေမဲ့ ကျွန်မရဲ့ အနံ့တွေကြောင့် ညစ်ညမ်းပြီးသား ဒီလှည်းထဲမှာ တနေ့လုံး
ကျဥ်းကျဥ်းကြပ်ကြပ် ပိတ်လှောင်အတင်း ပိတ်လှောင်ခံထားရတော့ ချွင်းချက်အနေနဲ့
ကျွန်မက သူ့ကို တောင်းပန်အောင်
လုပ်နေသလိုပဲ။
“ဒီနိမ့်ကျတဲ့လူကြောင့်
မွန်းကြပ်ခံနေရတာ စစ်သူကြီးရန်ဖင်အတွက် ခက်ခဲမှာပဲ၊ ဒီနိမ့်ကျတဲ့လူကိုပဲ
တကယ်အပြစ်တင်ရမှာပါ”
ဒါပေမဲ့ သူက
သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ကျွန်မ ပခုံးကို ပုတ်လိုက်တယ်။
“မင်းနဲ့ငါ့ကြားမှာ
ဘယ်လိုဆက်ဆံရေးမျိုး ရှိနေလို့လဲ၊ အဲဒီနေ့ရက်တွေတုန်းက ငါတို့တွေ လင်မယားလို
ဟန်ဆောင်ခဲ့ကြတယ်၊ ပြီးတော့ တစ်ခါက လိင်တူချစ်သူဆိုတဲ့ ကောလဟာလတောင်
ထွက်ခဲ့ဖူးတယ်၊ ငါ ဘယ်တုန်းက မင်းကို ကျောပေးခဲ့လို့လဲ”
ကျွန်မက
မကောင်းတဲ့မှတ်ဉာဏ်တွေရှိတဲ့လူတွေနဲ့ ထိုက်သင့်သလောက် အကွာအဝေးတစ်ခုကို အမြဲတမ်း
ထားခဲ့တယ်။ ဘာမှ ပိုကောင်းတာ ရှိမလာနိုင်တဲ့အချိန်မှာ ဒီလူတွေက
ချိုမြိန်တဲ့ကတိတွေပေးပြီး ပျားရည်လိုစကားမျိုးတွေ ပြောကြတယ်။ ပိုကောင်းတာ
ရလာပြီဆိုရင်တော့ သူတို့က ကတိပျက်တဲ့ကစားပွဲတွေ ကစားတော့တာပဲ။
မုန်းစရာအကောင်းဆုံးက တခြားလူက သူတို့ရဲ့သစ္စာစကားကို အခိုင်အမာမှတ်မိနေသေးတာတောင်
ဒီလူတွေက တစ်ချိန်က သူတို့ပြောခဲ့တဲ့စကား တဖက်သတ် မျက်ကွယ်ပြုထားလိုက်တာပဲ။
ကျွန်မရှေ့ကလူက
ထင်ရှားတဲ့ဥပမာတစ်ခုပေ့ါ။
ကျွန်မက
ခေါင်းခါလိုက်တယ်။ အခုလေးတင် ကြက်ပေါင် စားဖို့ သုံးထားတဲ့ ဆီပေနေတဲ့လက်နဲ့ ကျွန်မပခုံးပေါ်က
လက်ကို ပွတ်သပ်လိုက်ပြီး ရယ်ရယ်မောမော ပြောလိုက်တယ်။
“စစ်သူကြီးရန်
အင်မတန်စကား ကောင်းကောင်း ပြောတတ်တာပဲ”
မျှော်လင့်မထားဘဲ
ကျွန်မလက်အောက်က အေးမြတဲ့အသားစိုင်က နည်းနည်းလေးတောင် လှုပ်မသွားခဲ့ဘူး။ ကျွန်မ
ကျိတ်ပြီး ကောက်ချက်ချမိလိုက်တယ်။ ဒီလူကလည်း စစ်တပ်တံဆိပ်ခေါင်းအတွက် ငါ့ကို
ချဥ်းကပ်နေတာလို့ မပြောနဲ့နော်။
တစ်ခုပဲ။
အဲပစ္စည်းကို ကျွန်မက ဘယ်တုန်းက တွေ့ဖူးလို့လဲ။
လဝက်က
မြန်မြန်ဆန်ဆန် ကုန်လွန်သွားပြီး မြို့တော်က ကျွန်မတို့မျက်လုံးရှေ့မှာ
ပေါ်လာခဲ့တယ်။
ချီနိုင်ငံက
နိုင်ငံတစ်ခုကို တည်ထောင်ပြီးနောက်မှာ မြို့တော်ကို မပြောင်းရွှေ့ခဲ့ဘူး။ ချန်နိုင်ငံ
တော်ဝင်နန်းတော်ဟောင်းက ဒီအတိုင်းပဲ ပိုင်ရှင်ပြောင်းသွားခဲ့တယ်။
အစက
စဥ်းစားခဲ့တာတော့ ကျွန်မလို မင်းဆက်ဟောင်းက အရာရှိဟောင်းတစ်ယောက်က
ဘုရင်မင်းမြတ်ရဲ့ မင်းမိန့်အရ ကွပ်မျက်တဲ့ကွင်းထဲကို ဆွဲသွားခံလိုက်ရပြီး ဓားမကြီး
ခုတ်ချက်တစ်ခုနဲ့ ဇာတ်သိမ်းခံလိုက်ရမယ်လို့ပေါ့လေ။ နန်းတော်ရဲ့တံခါးစောင့်
မိန်းမစိုးက တော်ဝင်အမိန့်တော်ကို မျက်နှာသေနဲ့ ကြေညာလိမ့်မယ်လို့ ဘယ်သူက
ခန့်မှန်းမိမှာလဲ။ ပြီးတော့ အမိန့်တော်ထဲမှာ ရေမြေ့အရှင်မင်းကြီးက ကျွန်မကို
ကိုယ်တိုင် တွေ့ချင်ပါသတဲ့။
ဒါလည်း ဟုတ်ပါတယ်လေ။
ကျွန်မနဲ့ လက်ရှိချီနိုင်ငံရဲ့ မင်းကြီးက တစ်ခါက စစ်မြေပြင်မှာ လက်ရည်ချင်း
ဖလှယ်ခဲ့ဖူးတယ်လေ။ ရန်ဖင်က တွေ့ကရာလူတစ်ယောက်ကို လက်လွတ်စပယ်ဖမ်းလာပြီး
ရာထူးတိုးဖို့ လိုအပ်ချက်ကိုက်ညီအောင် တောင်းဆိုမှာ စိုးရိမ်တာဖြစ်မှာပေါ့။
တကယ်တော့ လက်အောက်ငယ်သားရဲ့ အောင်မြင်မှုတွေကို စုံစမ်းစစ်ဆေးတာကလည်း
လိုအပ်တဲ့ခြိမ်းခြောက်နည်းတစ်ခုပဲ။
ပြီးတော့ သဘောတရားအရဆိုရင်
လွန်ခဲ့တဲ့သုံးနှစ်တုန်းက ကျွန်မက ချန်တော်ဝင်နန်းတော်ရဲ့ ကျင်းရှို့ဆောင်က
မီးထဲမှာ မြှုပ်ခံလိုက်ရပြီးပြီလေ။
တကယ်တော့
ဒီချီဘုရင် ဖုန်းကျောက်ဝမ်က တကယ့်ကို နည်းနည်းထူးဆန်းတဲ့သူ။
တော်ဝင်စာကြည့်ခန်းတံခါးနားအရောက် တော်ဝင်အမိန့်တော်ကို ကြေညာခဲ့တဲ့
အဲဒီမိန်းမစိုးကပဲ မျက်သေနဲ့ ရန်ဖင်ကို တားလိုက်တယ်။
“မင်းကြီးက
နှုတ်မိန့်ချထားပါတယ်, စစ်သူကြီးရန်ဖင် ခရီးကနေ ပင်ပန်းလာတဲ့အတွက် စစ်သူကြီးကို
နောက်ရက်မှာ ဆင့်ခေါ်ပါမယ်တဲ့၊ မင်းကြီးက စစ်သူကြီးလေး အန်း တစ်ယောက်ထဲကိုပဲ
ခေါ်ချင်ပါတယ်”
ကျွန်မ
နန်းတော်ခန်းမရဲ့တံခါးဝ ရှေ့မှာ ရူးကြောင်ကြောင်နဲ့ ရပ်နေမိခဲ့တယ်။ ကျွန်မရဲ့
စိတ်အတွင်းနက်ထဲမှာတော့ ကျွန်မက ရေချိုးခွင့်မပေးခဲ့တဲ့ ရန်ဖင်ကို မုန်းတီးနေခဲ့တာပေါ့။
ဘယ်မင်းဆက်မှာဖြစ်ဖြစ်
အရှင်မင်းကြီးကို အခစားဝင်ရသူတစ်ယောက်ဆိုတာ ရေချိုးသန့်စင်ပြီး အဝတ်အစားလဲမယ်ဆိုတဲ့
အဓိပ္ပါယ်ပဲလေ။ ကျွန်မလို အကျဥ်းသားတစ်ယောက်ကို ခစားခိုင်းတယ်ဆိုပေမဲ့ ဒီလို
ခေါင်းအစ ခြေအဆုံး နံစော်နေတာ အရှင်မင်းကြီးသာ မွန်းကြပ်သွားခဲ့ရင်
ကျွန်မရဲ့သွေးတွေကတော့ နေရာကနေ သုံးပေလောက်အထိ လွှင့်စင်သွားမှာ စိုးရိမ်မိတယ်။
အစကတာ့ အပြစ်တွေအားလုံးကို သူ့အပေါ်ပုံချပြီး ရန်ဖင်ကို အကာအကွယ်တစ်ခုလို
အသုံးချချင်ခဲ့တာ....
စဥ်းစားရင်း
စဥ်းစားရင်းနဲ့ ကျွန်မလည်း ကိုယ့်ဟာကိုယ် ထွေးပွေ့ထားပြီး ဝင်သွားဖို့ပဲ
တတ်နိုင်တော့တယ်။
“ချန်နိုင်ငံရဲ့
စစ်သူကြီးက အရှင်မင်းကြီးကို သတင်းပို့ပါတယ်”
ဒီနန်းတွင်းကျင့်ဝတ်တွေကို
အချိန်အကြာကြီး လေ့ကျင့်လာခဲ့တာမဟုတ်တော့ တကယ့်ကို မကျွမ်းကျင်တော့ဘူး။
သေချာတာကတော့ ကိုယ်ကိုနှိမ့်ချပြီး ဒူးထောက်တာကိုတော့ အချိန်အကြာကြီး
လေ့ကျင့်ဖို့လိုတယ်။ ကျွန်မရဲ့ဒီလိုဒူးထောက်နေပုံက သုံးနှစ်လောက် မလုပ်ခဲ့ရတော့ပေမဲ့
ဒီနေ့တော့ တောင့်တောင့်တင်းတင်းကြီး ဖြစ်နေတယ်။
ကျွန်မရဲ့ခေါင်းကို
မော့ကြည့်လိုက်တော့ ကျွန်မရှေ့က လူက လေးနက်တဲ့မျက်နှာသွင်ပြင်၊ ခန့်ညားပြီး
ချောမောတော သူ့ကို တည့်တည့်မကြည့်ရဲလောက်တဲ့အထိပဲ။ ဖီးနစ်ငှက်မျက်လုံးတစ်စုံက
အေးစက်စက် လှမ်းကြည့်လာခဲ့တယ်။
“အန်းယိ မင်း
တော်တော် သတ္တိကောင်းတာပဲ”
“မင်းကြီးရဲ့
ချီးကျူးစကားကို အများကြီး ကျေးဇူးတင်ပါတယ်၊ မင်းကြီးက ဉာဏ်ပညာကြီးမားလှပါတယ်”
အခြေအနေက
သူရဲကောင်းကို ဆွဲထုတ်ပေးနိုင်သလို အခြေအနေတွေကပဲ သူရဲဘောကြောင်တဲ့သူကို
ခေါ်ထုတ်ပေးနိုင်တယ်။ တခါတလေကျတော့လည်း သူရဲဘောကြောင်တစ်ယောက် ဖြစ်ရတာ
ရှက်စရာမကောင်းပါဘူး။ ဒါက အဖေ ကျွန်မကို သင်ထားပေးခဲ့တဲ့အရာပဲ။
သူ့နှုတ်ခမ်းထောင့်က
တုန်ယင်သွားခဲ့တယ်။ ရုတ်တရက် တော်ဝင်အမိန့်စာတစ်စောင်ကို ရိုက်ချလိုက်ပြီး
အံကြိတ်သံနဲ့ ပြောလာတယ်။
“မင်း တကယ်ပဲ
အသက်ရှင်နေသေးတာလား”
ကျွန်မလည်း
“အိုက်ယိုး”လို့ တစ်ချက်အော်လိုက်ပြီး ချက်ချင်း ဖင်ထိုင်လျက်သား ဖြစ်သွားပြီး
နန်းတော်ကော်ဇောပေါ် လဲကျသွားခဲ့တယ်။
“ကျွန်တော်မျိုး
မင်းကြီးကို စိတ်ပျက်အောင် လုပ်ခဲ့မိပါတယ်၊ အန်းယိ အမှန်ပဲ
အသက်ရှင်နေသေးကြောင်းပါ”
လုံးဝ ပြန်မထဖို့
ဆုံးဖြတ်လိုက်ပြီး မျက်နှာလိုမျက်နှာရ အပြုံးတစ်ခုနဲ့ ပြောလိုက်ပါတယ်။
“မင်းကြီးက
ဉာဏ်ပညာကြီးမားပါပေတယ်”
တစ်ချိန်ထဲမှာပဲ
ကျွန်မပဲ ခြေမထွက်နေတဲ့ ကောက်ရိုးဖိနပ်ကို ကျွန်မရဲ့ ဖာထေးရာအပြည့်နဲ့
အင်္ကျီထဲမှာ ဝှက်ထားလိုက်တယ်။
တကယ်တော့လည်း
ဒီအခြေအနေကို ကျွန်မကို အပြစ်ပြောလို့မရဘူးလေ။ အပြစ်ပြောချင်သပဆိုရင်တော့ ကျွန်မ
အဖေကိုပဲ အပြစ်ပြောပေတော့။
သူက ကျွန်မကို
စာလုံးတွေကို ဖတ်တတ်အောင်၊ စာအုပ်တွေကို ဖတ်အောင်၊ လှံသုံးတတ်အောင်၊ တင်းပုတ်ကို
ရှောင်ရှားတတ်အောင်၊ တဖက်လူရဲ့မျက်နှာအမူအရာကို ဖတ်တတ်အောင် နဲ့ မြောက်ပင့်ပြီး
မျက်ချိုသွေးတတ်အောင် လူတွေခေါ်ပြီး သင်ပေးခဲ့ပေမဲ့ သစ္စာရှိဖို့၊ ရိုးသားဖို့
ပြီးတော့ ဖြောင့်မတ်မှန်ကန်အောင်တော့ တခါမှ မသင်ပေးခဲ့ဖူးသလို အမျိုးသမီးတွေ
သိအပ်တဲ့ပညာတွေ၊ အသုံးမကျတဲ့ရှောင်ဟွမ်ကို ပျိုးထောင်ရမယ့်နည်းလမ်းတွေ၊
လယ်စိုက်တာ၊ ချက်ပြုတ်တာ၊ အချုပ်အလုပ်နဲ့ အဝတ်လျှော်နည်းတွေကိုတော့
မသင်ပေးခဲ့ပါဘူး။ အေးခဲပြီး ငတ်မသေဘဲ ဒီနေ့အထိ အသက်ရှင်နိုင်သေးတာကိုပဲ
ဘုရားသခင်ရဲ့အထူးမျက်နှာသာပေးတာလို့ မှတ်ရမယ်။
တစ်ခုပဲ။ ကျွန်မက
ဒီဖိနပ်ကို အချိန်အကြာကြီး လျှက်မယ်ဆိုရင်တောင် ပလ္လင်ပေါ်မှာထိုင်နေတဲ့ အဲဒီလူက
ကျေးဇူးတင်မှာမဟုတ်ဘူး။
သူနဲ့မတွေ့ရတဲ့
နှစ်အနည်းငယ်အတွင်းမှာ ဒီလူက ပိုပြီး ကြောက်စရာကောင်းလာခဲ့တယ်။ သူ့မျက်နှာက
တင်းမာနေလိုက်တာများ ကျွန်မက သူ့ရဲ့အကြီးမားဆုံးအကြွေးရှင်ကြီးကျလို့။ သူ့အကြည့်က
ဓားတစ်ချောင်းလိုပဲ အချိန်မရွေးပျံသန်းလာပြီး ကျွန်မကို ထိုးစိုက်ဖို့
အသင့်ဖြစ်နေတဲ့ပုံ။
ကျွန်မ
နည်းနည်းတော့ တုန်လှုပ်သွားမိတယ်။
လူတွေက ပြောကြတယ်။
ဘာမှမသိတဲ့သူက အကြောက်တရားကင်းပြီး လူငယ်တွေက သတ္တိအရှိဆုံးတဲ့။ အသက်ကြီးလာလေလေ
ပိုပြီး ကြောက်တတ်လာလေလေပဲ။ အခက်အခဲကို ကြောက်တယ်။ ပူပင်သောကကို ကြောက်တယ်။
ပြီးတော့ နာကျင်မှာကို ကြောက်တယ်။ ဧကန္တ ကျွန်မလည်း အိုမင်းလာတာများလား။
ဒီကိုလာတဲ့
ခရီးမှာ ကျွန်မက သေရလိမ့်မယ်ဆိုတဲ့အချက်ကို လက်ခံထားခဲ့ပေမဲ့ ဖုန်းကျောက်ဝမ်ရဲ့
ဒီမျက်နှာကို တွေ့လိုက်ရတော့ လမ်းမှာကတည်း သေလိုက်ချင်တော့တာပဲ။
သေတာထက်ဆိုးတဲ့
ဘဝတစ်ခုမှ နေရတာက ကျေကျေနပ်နပ်နဲ့ သေရတာထက်စာရင် အများကြီး သနားစရာကောင်းပါတယ်။
ကျွန်မ
ကြမ်းပြင်ပေါ်မှာ ငုတ်ထိုင်ချလိုက်ပြီး ထလာဖို့ ငြင်းဆန်လိုက်တယ်။ သူမျက်နှာက
ပိုပြီး ဆိုးရွားလာသလိုပဲ။ သူ့မျက်ခုံးတွေကို တွန့်ချိုးထားပြီး သူ့ဒေါသကို
ထိန်းချုပ်ဖို့ အားစိုက်ထုတ်မှုအများကြီး လုပ်ထားတာ သိသာတယ်။
“အန်းယိ မင်း
ထလာပြီး စကားပြောလို့ရမလား”
ကျွန်မက
ခေါင်းခါပြလိုက်ပြီး အမှန်အတိုင်း ပြန်ဖြေလိုက်တယ်။
“မင်းကြီးရဲ့အရှိန်အဝါက
ဒီအစေခံကို ခြိမ်းခြောက်နေတာ ကျွန်တော်မျိုးမရဲ့ခြေထောက်တွေ အားပျက်သွားရပါပြီ၊
ကျွန်တော်မျိုးမ မထလာနိုင်ကြောင်းပါ”
ဖိနပ်ကို လျက်မယ်ဆိုရင်တောင်
လူရွေးမှားလို့မဖြစ်ဘူးလို့ ကျွန်မရဲ့အဖေက အရင်ကပြောခဲ့ဖူးပေမဲ့ သူ့အတွက်တောင်မှ
သူ့ရဲ့အခွင့်အသာဆုံးအချိန် ဘယ်တော့မှ ရောက်မလာခဲ့ဘူး။ ပြီးတော့
သူ့ရဲ့ကြီးမားတဲ့ရည်မှန်းချက်တွေကိုလည်း သူ မသေခင်မှာ လုံးဝ ပြီးမြောက်အောင်
မလုပ်ခဲ့ဘူး။
ကျွန်မရဲ့ကံကတော့
ကျွန်မအဖေနဲ့ ယှဥ်ရင် ပိုတောင် ဆိုးပါသေးတယ်။ နိုင်ငံက ပျက်စီး။ အိမ်က
ဖျက်ဆီးခံရ။ ကျွန်မမှာ ကလေးဘုရင်နဲ့ ထွက်ပြေးခဲ့ပြီး သုံးနှစ်လုံး အပြင်မှာ ပုန်းခိုနေခဲ့တယ်။ စားတော့လည်း
ဆန်ကြမ်း။ အသီးအရွက်တွေကလည်း နင်တောင်နင်တယ်။ ဒါတောင် ကျွန်မ အဖမ်းခံရပြီး
ပြန်ခေါ်လာခံရတာ ငွေမရှိ၊ ခိုးကိုးရာမဲ့ပြီးတော့ စိတ်ပျက်စရာပါပဲ။
နောက်ဆုံးတော့ သူက
ကိုယ့်ဟာကို ထပ်ပြီး မထိန်းချုပ်နိုင်တော့ဘဲ သူ့မျက်နှာပေါ်မှာ
အပြာရောင်သွေးကြောတွေအားလုံး ထောင်တက်လာတော့တယ်။
“အန်းယိ
ငါကိုယ်တော်မှာ မင်းကို ကိုင်တွယ်စရာနည်းလမ်းမရှိဘူးလို့များ မင်းက
တကယ်ထင်နေတာလား”
. . .
“အန်းယိ
ငါကိုယ်တော်ဆီမှာ မင်းကို ကိုင်တွယ်ရမယ့်နည်းလမ်းမရှိဘူးလို့များ မင်းက တကယ်ကြီး
ထင်နေတာလား”
ကျွန်မ
စိတ်မပါ့တပါနဲ့ ကျွန်မလက်ကို ဆန့်ထုတ်လိုက်ပြီး
“အခုအချိန်မှာ
လောကကြီး အေးချမ်းနေပါပြီ၊ မိုင်ထောင်ချီအတွင်းမှာရှိတဲ့ မြစ်နဲ့တောင်တွေအားလုံးက
မင်းကြီးရဲ့လက်ဖဝါးထဲမှာပါ၊ အန်းယိက မင်းကြီးရဲ့ စင်းနှီတုံးပေါ်က
အသားတစ်တုံးပါပဲ၊ မင်းကြီးက အန်းယိကို အိုးထဲထည့်ပြီး ပြုတ်ပြုတ်၊ နှပ်နှပ်
ကြော်ကြော် ဘယ်သူကများ အတင့်ရဲလို့ ငြင်းရဲပါ့မလဲ”
“ပွဲပြီး
ငြမ်းဖျက်တယ်”ဆိုတဲ့ စကားက ကျွန်မကို ပြောတာပဲ နေမှာပါ။
ချန်နိုင်ငံတော်ကြီးက
ပျက်စီးသွားပြီလို့ စဥ်းစားမိတော့ စိတ်ထဲမှာ ဝမ်းနည်းရပါတယ်။ ဒါပေမဲ့
လက်ရှိမှာတော့ ကျွန်မက ဝမ်းမနည်းနိုင်တဲ့အပြင် ကျွန်မနှလုံးသား အပြည့်အဝတောင်
ပျော်နေသေးတယ်။ သောက်ကျိုးနဲ စုတ်ချာလိုက်တဲ့မင်းဆက် နောက်ဆုံးတော့
အဆုံးသတ်သွားပြီလေ။ နောက်ဆုံးတော့ ဒီနိုင်ငံများ ကျွန်မရဲ့ခေါင်းကို ဆက်ပြီး
ငုံ့နေစရာမလိုသလို ကျွန်မရဲ့အမြီးကိုလည်း ပြနေစရာမလိုတော့ဘူး။
ချန်နိုင်ငံတော်
ရှိစဥ်တုန်းက လက်အောက်ခံပြည်နယ်တွေကို ခွဲခြားထားခဲ့တယ်။ ရှောင်ဟွမ်က နေ့တိုင်း
နှစ်နှစ်ခြိုက်ခြိုက် အိပ်နေတာ သွားရေတွေတောင် စီးကျလို့ပဲ။ ကျွန်မအဖေက
ရန်ဖင်ရဲ့အဖေနဲ့ သူသေ ကိုယ်သေ အခြေအနေအထိရောက် ယှဥ်ပြိုင်ခဲ့ရတယ်။ နှစ်ယောက်လုံးက
လက်ထောက်ဝန်ကြီးဖြစ်လာချင်ပြီး သိုင်းပညာ၁၈မျိုးလုံးကို အသုံးချခဲ့ကြတယ်။
ရန်ဖင်ရဲ့အဖေကို လုပ်ရည်ကိုင်ရည်ရှိတယ်လို့ သတ်မှတ်နိုင်တယ်။ အနည်းဆုံးတော့
သားတစ်ယောက်မွေးထားပြီး မိသားစုရဲ့မျိုးရိုးကို ဆက်ခံနိုင်တဲ့သူလေ။
ကျွန်မအဖေတစ်ယောက်ပဲ သား မရှိတာ။ ဒါပေမဲ့ ပွဲလမ်းတိုင်းကို တက်ရောက်ခဲ့ရသေးတယ်။
ဒီပါးစပ်အပြည့်ဒေါသကို မမြိုသိပ်နိုင်တော့ သူက ဒီကလေးမလေး ကျွန်မကို သားတစ်ယောက်လို
အတင်းပျိုးထောင်ခဲ့တယ်... အမျိုးသား အဝတ်အစားတွေနဲ့ ဟန်ဆောင်နေရတဲ့
အမျိုးသမီးတစ်ယောက်က လွယ်ကူမနေပါဘူး။
အဲဒီတုန်းက ကျွန်မ
တကယ့်ကို အရမ်းပင်ပင်ပန်းပန်းနဲ့ နေခဲ့ရတာ... နေ့တိုင်း ရှောင်ဟွမ်ကို
အဖော်လုပ်ပေးရင်း ရန်ဖင်ကို သဘောကျရင်း အဲဒီများပြားလှတဲ့ ငယ်ရွယ်မှုထဲမှာ
ကျွန်မရဲ့လုပ်ရပ်တိုင်းက လိင်တူချစ်သူဆိုတဲ့ ဂုဏ်သတင်းနဲ့ ကျော်ကြားခဲ့ရတယ်။ ဒါက
တကယ့်ကို ဝမ်းနည်းစရာပါပဲ။
အခုတော့ ကျွန်မက
ခေါင်းကို ငုံ့ပြီး အမြှီးကို ပြစရာမလိုတော့ဘူး။ နေ့တိုင်း တောရွာမှာ လယ်စိုက်ရတယ်
ဆိုရင်တောင် ကျွန်မရဲ့ကိုယ်ပေါ်က အဝတ်အစားတွေက ဖာထေးရာအထပ်ထပ်နဲ့ ဖြစ်ရပြီး
ကျွန်မကို သူတောင်းစားတစ်ယောက်နဲ့ တူနေစေရင်တောင် ဖြတ်သန်းလာခဲ့တဲ့နေ့ရက်တွေက
အရမ်းကို စိတ်ကျေနပ်ဖို့ကောင်းတယ်လို့ ခံစားနေရတုန်းပဲ.....
သူက
မသိမသာပြုံးလိုက်တယ်။ ပြုံးလိုက်တဲ့ပုံက ပုံမှန်တော့မဟုတ်ဘူး။ တကယ်လို့များ
အဲဒီနှစ်က ချီနိုင်ငံနဲ့ ချန်နိုင်ငံတို့ တောမီးတစ်ခုလို အငြင်းပွားနေတဲ့အချိန်မှာ
သူက စစ်တပ်နှစ်ခုရှေ့မှာ ရပ်ပြီး ဒီလိုသာပြုံးခဲ့ရင် ချန်နိုင်ငံက သေချာပေါက်
တင်းခံနိုင်မှာမဟုတ်ဘူး။ စစ်သည်တစ်သောင်းက သူတို့ရဲ့လက်နက်အားလုံးကို
ပစ်ချလိုက်မှာလို့ ခံစားရတယ်။
ဒီအပြုံးထဲက
လူသတ်လိုစိတ်က အရမ်းကိုနည်းနည်းလေး ပြင်းထန်နေတယ်မလား။
သူက ပြောလိုက်တယ်။
“အန်းယိ မင်းက
စင်းနှီတုံးပေါ်က အသားတုံးမှန်း နားလည်တယ်ဆိုရင် မင်း ပိုပြီး
ကောင်းကောင်းမွန်မွန်ပြုမူရင် အကောင်းဆုံးပဲ”
ကောင်းကောင်းမွန်မွန်
ပြုမူတာ ကျွန်မကို အရူးလို့တော့ အဓိပ္ပါယ်မသက်ရောက်စေပါဘူး။
မင်းကြီးဖြစ်တဲ့
ချီနိုင်ငံဘုရင်မင်းမြတ်က အဲဒီစကားပြောလိုက်ပြီး ပလ္လင်ပေါ်က ဆင်းပြီး အနားကို
ရောက်လာခဲ့တယ်။ လဝက်လောက် ခေါင်းမလျှော်ထားတဲ့ ကျွန်မရဲ့ဆံထုံးကို
ဖမ်းဆွဲလိုက်ပြီး သူ့ရင်ခွင်ထဲ တင်းနေအောင် ဆွဲထည့်လိုက်တယ်။ သူဖက်ထားတဲ့အားက
အရမ်းကို တင်းလွန်းလို့ ကျွန်မကို ညစ်သတ်တော့လုနီးနီးပဲ။
ကျွန်မရဲ့နှလုံးသားက
တုန်လှုပ်သွားခဲ့တယ်။ ကျွန်မ မလှုပ်ရဲဘူး။ ဒါပေမဲ့ ဒီလိုဖက်ခံထားရတဲ့ခံစားချက်က
အရမ်းကို မွန်းကြပ်စရာကောင်းတယ်။ ကျွန်မ ရုန်းကန်ပြီးရင်း ရုန်းကန်ခဲ့ရတယ်။
သူ့ရဲ့ကြီးမားတဲ့လက်ဖဝါးက ကျွန်မရဲ့နောက်စေ့ကို ကပ်ထားပြီး
ကျွန်မရဲ့တစ်ကိုယ်လုံးကို သူ့ရင်ခွင်ထဲ သိမ်းကြုံးထားလိုက်တယ်....။
ကျွန်မမှာ
မလှုပ်ရှားရဲအောင် ကြောက်လန့်သွားမိတယ်။
ဒီချီနိုင်ငံဘုရင်မင်းမြတ်၊
မင်းကြီးရဲ့အကြိုက်က နည်းနည်းလေး သိပ်ပြီး ထူးဆန်းတာပဲ။ အဲဒီနှစ်က ပဋိပက္ခကာလမှ
ကျွန်မကိုယ်တိုင် သူဖမ်းတာကို ခံခဲ့ရပြီး ဖုံတွေအလိမ်းလိမ်း၊ ချွေးတွေစိုရွှဲနေတဲ့
ကျွန်မရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို သူ့ရင်ခွင်ထဲ ဆွဲသွင်းခံခဲ့ရတဲ့အချိန်ကို
သတိရသွားတယ်။ အဲဒီနောက်မှာတော့....
နောက်ပိုင်းဖြစ်သွားခဲ့ကိစ္စတွေက
ထုတ်မပြောတော့တာပဲ အကောင်းဆုံးဖြစ်မှာပါ။
ဒီနေ့အချိန်မှာ
ချီနိုင်ငံရဲ့ တော်ဝင်အနောက်နန်းဆောင်က တော်ဝင်မိဖုရားတွေက
မင်းကြီးရဲ့အချစ်ကိုရဖို့ အချင်းချင်း တိုက်ခိုက်၊ ပင်ပန်းပြီး ရွံစရာကောင်းနေပြီလို့တော့
မပြောနဲ့ပေါ့။
တကယ်တော့
ကျွန်မလည်း ဒီမေးခွန်းကို မေးဖို့သတ္တိတော့ မရှိသေးပါဘူး။
ခဏကြာတော့ သူက
မျက်နှာသေနဲ့ ကျွန်မကို တွန်းထုတ်ပြီး အော်ပြောလိုက်တယ်။
“လာကြ၊ သူ့ကို
သန့်ရှင်းရေးလုပ်ဖို့ ခေါ်သွားကြစမ်း”
သူ့ကိုခေါင်းကိုလှည့်လိုက်ပြီး
ကျွန်မကို စကားတစ်ခွန်းပြောလိုက်တယ်။ “အရမ်းနံတာပဲ”တဲ့။ ပြီးတော့ ပြန်တက်သွားပြီး
တော်ဝင်ပလ္လင်မှာ ပြန်ထိုင်လိုက်တယ်။
ကျွန်မ.....။
ကျွန်မက သူ့ကို ဖက်ခွင့်ပေးမိလို့လား။
ဒါပေမဲ့လည်း
တခြားလူရဲ့အမိုးအောက်မှာဆိုတော့ ရွေးစရာမရှိဘဲ ခေါင်းငုံ့ထားလိုက်ရတယ်။
တံခါးကနေပြီး နန်းတွင်းအစေခံနှစ်ယောက် ဝင်လာခဲ့တယ်။ ကျွန်မက ခေါင်းမော့ကြီး
ချီနိုင်ငံဘုရင်မင်းမြတ်ကို ရိုသေလေးစားမှုနဲ့ ကြည့်လိုက်ပြီး
မြောက်ပင့်တဲ့အပြုံးတစ်ခု ပြုံးပြလိုက်တယ်။ လိုနေတဲ့တခုတည်းသောအရာက
သွားရေကျနေတာပဲ။
“မင်းကြီး
မင်းကြီးရဲ့ကိုယ်သင်းနံ့က အရမ်းကောင်းမွန်လှပါတယ်”
နန်းတွင်းအစေခံနှစ်ယောက်က
ကျွန်မကို ကြောင်ကြောင်တောင်တောင်နဲ့ စိုက်ကြည့်လိုက်ပြီး သူတို့ရဲ့မျက်နှာပေါ်မှာ
အံ့ဩတကြီးဖြစ်နေတဲ့ ရုပ်တစ်ခု ပေါ်လွှင်နေတယ်။
သူက
ရေနွေးတငုံလောက်သောက်ဖို့ သူ့ပန်းကန်လုံးကို ကောက်အကိုင် ‘ဖွီ’
ဆိုတဲ့အသံတစ်ချက်နဲ့ ရေနွေးကို ထွေးထုတ်ပလိုက်တယ်။ တော်ပါသေးရဲ့။ ကျွန်မက
အဝေးမှာရှိနေပေလို့ပဲ။ စားပွဲအရှည်ကြီးတစ်ခုပေါ်ကို ထွေးထုတ်ခံလိုက်ရတယ်။ အာ... အပေါ်က
စာတွေအတွက်တော့ တကယ့်ကို ကံဆိုးတာပဲ။ ကြည့်ရတာ
မနက်ဖြန်ကျရင်တော့ သူ့လက်အောက်က အမှုထမ်းတွေက မူလပုံစံပျောက်သွားတဲ့အထိ
မင်းကြီး ထွေးထုတ်ထားခံရတဲ့ စာတွေကို လက်ခံလိုက်ရရင်တော့ သူတို့တွေခင်မျာ
ကြောက်ရွံ့ပြီး တုန်လှုပ်ခြောက်ခြားတဲ့စိတ်နဲ့ အိပ်ရေးပျက်ညတွေ များလေတော့မလားပဲ။
နောက်ဆုံး
ဒီလူရဲ့ရန်ငြိုးကြီးတဲ့နှလုံးသားက အမြဲတမ်း သိသိသာသာကို ကြီးကျယ်လေးနက်လွန်းတယ်လေ။
ကျွန်မလည်း
ရေချိုးသန့်စင်တဲ့ခန်းမဆီကို နန်းတွင်းအစေခံတွေ ခေါ်သွားတာ ခံလိုက်ရတယ်။ ကျွန်မကို
အဖြူရောင်သလင်းကျောက်ကန်ရဲ့ အငွေ့တထောင်းထောင်းထနေတဲ့ ရေပူထဲမှာ
ရေချိုးသန့်စင်ပေးကြပြီး တကိုယ်လုံးကို အပြာနုရောင်အမျိုးသမီး အဝတ်အစားနဲ့
ဝတ်စားပေးလိုက်ပြီးတော့ ကျုံးဟွားနန်းဆောင်ဆီ ပို့လိုက်ကြတယ်။ တကယ်တော့
ရေချိုးခန်းနဲ့ ကျုံးဟွားနန်းဆောင်ကြား လမ်းနဲ့ အရမ်းရင်းနှီးပါတယ်။
လွန်ခဲ့တဲ့
သုံးနှစ်လောက်တုန်းက ရှောင်ဟွမ်က ဒီနေရာမှာ နေ့တိုင်း ရေချိုးခဲ့တာလေ။
ကျွန်မကတော့...
တံခါးအပြင်ဘက်မှာ ရပ်ပြီး စောင့်ရှောက်ပေးခဲ့ရတယ်။
ကျွန်မ
ကျုံးဟွားနန်းဆောင်မှာ အကြိမ်ပေါင်းများစွာ အိပ်ခဲ့ဖူးတယ်။ နေ့တိုင်း ရှောင်ဟွမ်က
သူ့ကျောင်းစာတွေ ပြီးအောင် မလုပ်နိုင်ခဲ့ဘူး။ သူကိုယ်တိုင်ကတော့ အိပ်နေတဲ့အချိန်မှာက
ကျွန်မကတော့ သူ့နေရာမှာ တညလုံးမအိပ်တန်း စာရေးပေးခဲ့ရတယ်....မဟုတ်လို့ကတော့
နောက်တစ်နေ့မှာ မင်းဆရာက အိမ်စာမပြီးစီးသေးတာတွေ့သွားရင် ကျွန်မဆိုတဲ့ ဒီစာသင်ဖော်က
ကံဆိုးပြီး အရိုက်ခံရလိမ့်မယ်လေ။
ဒါကြောင့်ပဲ
ကျွန်မက စာရေးရင်း အိပ်ပျော်သွားခဲ့တယ်။ နိုးလာတော့ ကျွန်မက ရှောင်ဟွမ်ရဲ့
နဂါးအိပ်ရာပေါ်မှာ ရောက်နေတာကို တွေ့လိုက်ရတယ်။
.....
အမှန်အတိုင်း
ပြောတာပါ။ ဖုန်းကျောက်ဝမ်က ထူးဆန်းတဲ့ဘုရင်တစ်ပါးပဲ။ သူက အခုဆိုရင်
ကျုံးဟွားနန်းဆောင်မှာနေလာတာ နှစ်နှစ်လောက်ရှိပြီ။ ဒါပေမဲ့ ဒီနေရာက
အံ့ဩစရာကောင်းလောက်အောင် အရင်ကနဲ့ တပုံစံထဲ ဖြစ်နေတုန်းပဲ။ ဘာမှ ပြောင်းလဲသွားတာ
မရှိတဲ့အတိုင်းပဲ။
ဒီအချိန်မှာ သူက
စာရေးစားပွဲနောက်မှာ ထိုင်နေတယ်။ ကျွန်မရောက်လာကို သတိထားမိလိုက်တော့ သူက
ခေါင်းမော့ပြီး ကျွန်မက တစ်ချက်လှမ်းကြည့်လိုက်ပြီးမှ အစီခံစာတွေကို
ပြန်ဖတ်လိုက်တယ်။
နန်းတော်အပြင်ဘက်က
နေရောင်ခြည်က မယုံနိုင်စရာကောင်းအောင် ပူပြင်းနေလေရဲ့။ကျွန်မက သန့်သန့်ရှင်းရှင်း
ရေချိုထားပြီး ကျွန်မ ဝတ်ထားတဲ့အဝတ်အစားတွေက နည်းနည်းမိန်းမဆန်တယ်ဆိုပေမဲ့
တော်တော်လေးတော့ သက်တောင့်သက်သာရှိသားပဲ။ နောက်ကနေလိုက်လာကြတဲ့ နန်းတွင်းအစေခံတွေ
အားလုံံးက ရုတ်တရကပြီး ပြန်ဆုတ်သွားကြတယ်....။ ဒါက ဘယ်လိုလုပ်ပြီး
အကျဥ်းသားတစ်ယောက်ကို ဆက်ဆံတဲ့ပုံစံ ဖြစ်ရမှာလဲ။
နန်းတော်ခန်းမရဲ့
စားပွဲဝိုင်းပေါ်မှာ အချိုပွဲပန်းကန်တစ်ချက် တည်ခင်းထားတာကို မြင်လိုက်ရတော့
ကျွန်မလည်း ခိုးကြောင်ခိုးဝှက်နဲ့ ဖြည်းဖြည်းချင်းလျှောက်သွားလိုက်ပြီး
ကျွန်မရဲ့ဆိုးသွမ်းလှတဲ့လက်တွေကို အချိုပွဲပန်းကန်ဆီ လှမ်းလိုက်တော့တယ်။
အဖြစ်အပျက်တစ်ခုလုံးက
အရမ်းကို ရင်ဖိုစရာပါပဲ။ ဖုန်းကျောက်ဝမ်က တစ်ချက် ချောင်းဟန့်လိုက်တော့ ကျွန်မက
ကျွန်မရဲ့လက်သည်းတွေကို ချက်ချင်း ပြန်ရုတ်သိမ်းလိုက်ပြီး ပတ်ဝန်းကျင်ကို
ကြည့်နေချင်ဟန်ဆောင်ရင်း နန်းတွင်းထဲ ပထမဆုံးဝင်လာတဲ့ တောသားတစ်ယောက်ရုပ်
လုပ်နေလိုက်တယ်။ ဒီပုံရိပ်ကို ဆင်ယင်ထားရတာ တကယ်တော့ နည်းနည်းလေး ခက်ခဲလေရဲ့။
အဲဒီနေ့ရက်တွေတုန်းက ဒီကြီးမြတ်လှတဲ့အရှင်သခင်က ဒီနေရာကို သိမ်းပိုက်ပြီးတော့
ကလေးဘုရင်ကို လိမ်ညာပြီး နန်းတွင်းအစေခံတွေကို အနိုင်ကျင့်နေတာကို ကျွန်မက တခါမှ
မမြင်ခဲ့ရဖူးဘူး။
တခြားလူတစ်ယောက်ရဲ့
အမိုးအောက်က လူတစ်ယောက်အနေနဲ့....
တခြားလူတစ်ယောက်ရဲ့အမိုးအောက်က
လူ.....
နောက်ဆုံးတော့
ကျွန်မ မုန့်ကို ကျွန်မရဲ့ရင်ဘတ်ထဲ ထိုးထည့်ပြီး ကိုယ်ကိုလှည့်ပြီး သူ့ကို
ကျောပေးထားလိုက်ပြီးတော့ မုန့်ကို ပါးစပ်အပြည့် သွင်းလိုက်တယ်။
ပါးစပ်ထဲရောက်သွားတာနဲ့
မုန့်က ချက်ချင်းဆိုသလို ပျော်ဝင်သွားတယ်။ အင်မတန်အရသာရှိပေမဲ့ နည်းနည်းတော့
အာခြောက်တယ်။ ဘေးကနေ လက်ဖက်ရည်တစ်ခွက် ကျွန်မကို အပေးမှာ ကျွန်မ
နောင်တရမိတော့တာပဲ။ ကျွန်မလည်း လက်ဖက်ရည်ခွက်ကို ယူလိုက်ပြီး တကျိုက်မော့သောက်ရင်း
နောက်ထပ်အချိုပွဲကို လှမ်းဆွဲရင်း အေးအေးဆေးဆေးနဲ့ ခွက်ကို ပြန်ပေးလိုက်တယ်။
“ကျွန်မ
နောက်တစ်ခွက်ပေးပါအုံး”
ကျွန်မက မုန့်ကို
နောက်တစ်ကိုက်ကိုက်လိုက်ပြီး ရုတ်တရက်ဆိုသလို တခုခုကို သိလိုက်ရတယ်။ အခုလောလောဆယ်
ဒီနန်းဆောင်ထဲမှာ လူနှစ်ယောက်ပဲ ရှိတာလေ။
တစ်ယောက်က ကျွန်မ။
နောက်တစ်ယောက်က....
မင်းကြီး၊ ချီနိုင်ငံရဲ့ဘုရင်မင်းမြတ် ဖုန်းကျောက်ဝမ်.....။
ကျွန်မမျက်နှာကို
အချိုပွဲပန်းကန်ထဲ မြှုပ်ထားလိုက်ပြီး နက်နက်နဲနဲ ဆင်ခြင်နေမိတော့တယ်။
တစ်ချိန်က
အဖေပြောခဲ့ဖူးတယ်။ ကျားတစ်ကောင်က အသားစားနေတဲ့အချိန်မှာတောင် ပတ်ဝန်းကျင်မှာ အန္တရာယ်ရှိမရှိ
သတိထားဖို့ မျက်လုံးတစ်လုံးကို ချန်ထားရသေးတယ်တဲ့။
အဖေက တစ်ခါကလည်း
ပြောခဲ့ဖူးသေးတယ်။ တော်ဝင်ရုံးတော်က သားရိုင်းကောင်တွေနဲ့ ပြည့်နေတဲ့နေရာတစ်ခုတဲ့။
ကိုယ်က သူ့ကို အစိပ်စိပ်အမွှာမွှာဖြစ်အောင် မဆုတ်ဖြဲခဲ့ရင် မင်းလည်ပင်း
ဆုတ်ဖြဲခံရလိမ့်မယ်တဲ့....။
... အို အဖေရေ။
အဖေ့သမီးကတော့ အဖေ့သင်ကြားမှုတွေကို ရခဲ့ပြီးတာတောင် အရှက်ကွဲနေရပါပြီ။
ခွက်က
ပုံမှန်အတိုင်း ပြန်ရောက်သွားတယ်။ ချီနိုင်ငံရဲ့ မင်းကြီးက
ကိုယ်တိုင်လောင်းထည့်ပေးပြီး လက်ဖက်ရည်ခွက်ကို ပြန်ပေးလာတယ်။ ကျွန်မက
လက်ဖက်ရည်ခွက်ကို လက်ခံလိုက်တဲ့အချိန်မှာ ကျွန်မရဲ့လက်နှစ်ဖက်လုံးက
နည်းနည်းတုန်ယင်နေခဲ့တယ်။ ဒါက ကျွန်မရဲ့နောက်ဆုံးထမင်းတစ်နပ်ဆိုတာ သေချာတယ်လေ။
သူတို့တွေက ပြောကြတယ်။ ခေါင်းဖြတ်မသတ်ခင် နောက်ဆုံးတစ်နပ်က အရသာအရှိဆုံးပဲတဲ့။
မင်းကြီးကတောင် ကျွန်မအတွက် လက်ဖက်ရည်လောင်းထည့်ပေးနေတယ်။ ခေါင်းဖြတ်မသတ်ခံရခင်
ဒီနောက်ဆုံးတစ်နပ်က တကယ့်ကို တန်ပါပေတယ်။
. . .
No comments:
Post a Comment