အပိုင်း (၁)
သစ္စာဖောက်
ဖယ်ဒရယ်ထိပ်တန်းလျှို့ဝှက်အဆောက်အအုံ၏
ခေါင်းမိုးထပ်၌ လင်ယွဲ့သည် လက်ထဲတွင် လျှို့ဝှက်နံပါတ်သေတ္တာငယ်တစ်လုံးကို ပွေ့ထားရင်း
ခေါင်မိုးအစွန်းအထိ ပြန်ဆုတ်လာခဲ့သည်။
သူမ၏ရှေ့တွင်
လေဆာသေနတ်အခု သုံးဆယ်သည် သူမကို ချိန်ရွယ်ထားသည်။ ကျည်တစ်ခုဖြင့်
ပစ်ခံလိုက်ရသည်နှင့် သူမ၏ခန္ဓာကိုယ်တစ်ရှူးသည် အချိန်မရွေး အရည်ပျော်သွားပြီး
နေရာတွင်ပင် သေသွားပေလိမ့်မည်။
ကမ္ဘာပေါ်တွင်
နံပါတ်တစ်လုပ်ကြံသူတစ်ယောက် အနေဖြင့် လင်ယွဲ့သည် ဤသို့သော သေရေး ရှင်ရေးအခြေအနေကို
ရင်ဆိုင်ရသည်မှာ နေသားကျနေပြီးဖြစ်လေသည်။ လင်ယွဲ့သည် လုံးဝ ပျာယာခတ်မနေချေ။ သူမ၏မျက်လုံးများသည်
နက်ရှိုင်းသည် ရေကန်တစ်ခုနှယ်။ သူမသည် လက်မြောက်ဟန်ဆောင်လိုက်ကာ ပြောလိုက်သည်။
“ ကျွန်မ
အရှုံးပေးတယ်”
သူမ၏ရှေ့က
ခေါင်းဆောင်ကို သတ်နိုင်သ၍ အဖွဲ့အစည်းက သူမကို လာခေါ်ပေးရန် လေယာဥ်တစ်စင်း
လွှတ်ပေးပေလိမ့်မည်။ သူမသည် အောင်အောင်မြင်မြင် လွှတ်မြောက်နိုင်မှာဖြစ်ပြီး
တာဝန်သည် အောင်မြင်ပေလိမ့်မည်။
“ မင်းလက်ထဲက
ထိပ်တန်းအချက်အလက်ကို ချက်ချင်းလွဲပေးလိုက်၊ ဒါဆိုရင်...”
မျှော်လင့်ထားသည့်အတိုင်းပင်
လင်ယွဲ့၏အရှုံးပေးလိုက်သည့် ဟန်ဆောင်မှုသည် အလုပ်ဖြစ်သွား၏။ ခေါင်းဆောင်ထွက်လာ၏။
လင်ယွဲ့သည် မြန်မြန်ဆန်ဆန် လှုပ်ရှားလိုက်ပြီး သူမ၏လက်ဖဝါးထဲက
နာနိုမီတာကျည်တစ်တောင့်ကို ပစ်လိုက်ကာ သူ့အသက်ကို ချက်ချင်း နှုတ်ယူလိုက်လေသည်။
ဝတ်စုံပြည့်နှင့်ပုံရိပ်တစ်ခု
ဖြည်းညင်းစွာလဲကျသွားသည်ကို ကြည့်ရင်း လင်ယွဲ့၏နှုတ်ခမ်းများသည်
မသိမသာကွေးတက်သွား၏။ အစီအစဥအရ သူမသည် အဖွဲ့အစည်းက ပြင်ဆင်ပေးထားတဲ့ လာကြိုမည့်
ယာဥ်ပေါ်သို့ တက်သွားကာ မြန်မြန် ရှောင်တိမ်းနိုင်ပေသည်။ အဖွဲ့အစည်းအတွက်
ဆယ်စုနှစ်အကြာ လုပ်ပေးခဲ့သည့် အလုပ်သည် ပြီးပြည့်စုံစွာ အဆုံးသတ်သွားပေလိမ့်မည်။
စက္ကန့် ၃၀
ကျော်သွားပြီ။ အဖွဲ့အစည်းရဲ့ ကြိုပေးမယ့်ယာဥ်က ဘာလို့ အခုပေါ်မလာသေးတာလဲ။
လင်ယွဲ့သည်
လက်မှနာရီကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏မျက်လုံးများသည် ချက်ချင်း
မဲမှောင်သွားတော့သည်။ ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားပြီး လက်ထဲတွင်
ဝှက်ထားသည့် လျှို့ဝှက်နံပါတ်သေတ္တာကို ရုတ်တရက်ထုတ်လိုက်ကာ တွေဝေခြင်းမရှိဘဲ
ဖွင့်လိုက်တော့သည်။
မျှော်လင့်ထားသည့်အတိုင်းပင်
အဖွဲ့အစည်းက ပြောခဲ့သည့် ဇီဝဓာတုဓာတ်ပစ္စည်းမဟုတ်ဘဲ အချိန်မှတ်နေသည့်
အသေးစားဗုံးတစ်လုံး ဖြစ်နေသည်။
သူမ မြင်လိုက်သည့်အချိန်တွင်
အချိန်မှတ်စက်ပေါ်တွင် ဆယ်စက္ကန့်သာကျန်တော့သည်ကို တွေ့လိုက်ရပြီး
လင်ယွဲ့၏မျက်ဆံများသည် ကျုံ့သွားတော့သည်။ တစ်ချိန်ထဲတွင် လူအုပ်၏နောက်မှ အင်မတန် ဘဝင်ခိုက်နေသည့်
ရယ်သံတစ်ခု ရုတ်တရက်ထွက်လာ၏။
“ လင်ယွဲ့
အဖွဲ့အစည်းက ပိုကောင်းတဲ့အစားထိုးတစ်ယောက်ကို ရှာတွေ့ပြီးသွားပီ၊ မင်းအတွက်
အသေးစိတ်ပြင်ဆင်ပေးထားတဲ့ ဇာတ်သိမ်းကို ကြိုဆိုလိုက်တော့”
ချက်ချင်းဆိုသလို
လင်ယွဲ့သည် အလွန်မှရင်းနှီးပြီးသား မျက်နှာများကို တွေ့လိုက်ရလေသည်။
သူတို့အားလုံးသည် သူမ တစ်ချိန်က မိသားစုလိုဆက်ဆံခဲ့သည့် သူမ၏လက်တွဲဖော်များပင်....
သူမ၏ပတ်ဝန်းကျင်တွင်
မျက်စိကျိန်းလောက်သည့် အပြာရောင်အလင်းများကို ကြည့်လိုက်ရင်း သူမ ဗုံးကို
ချက်ချင်းပစ်ထုတ်လိုက်လျှင်တောင် သည်လေဆာများကြောင့်
ဖုန်မှုန့်အဖြစ်ပြောင်းသွားလိမ့်မည်ကို လင်ယွဲ့ သိလိုက်တော့သည်။
“ ဟားဟား ဟား ဟား
ရီစရာကောင်းလိုက်တာ”
လင်ယွဲ့သည် ဒေါသထွက်မည့်အစား
အော်ရယ်လိုက်၏။ သူမသည် အူနှိပ်ကာရယ်လိုက်သည်ဖြစ်ရာ မျက်ရည်များပင်
စီးကျတော့မတတ်ပင်။
သူမကို
လုပ်ကြံရေးအဖွဲ့အစည်းတစ်ခုက ခေါ်ယူပြီး ဆယ့်သုံးနှစ်လုံးလုံး လေ့ကျင့်ပေးခဲ့တာလေ။
အဖွဲ့အစည်းအတွက် အရေးကြီးတဲ့ တာဝန်တွေကို မရေမတွက်နိုင်အောင် အောင်မြင်ခဲ့တယ်။
အသက် ၁၇နှစ်မှာ သူမဟာ ကမ္ဘာ့နံပါတ်တစ် လုပ်ကြံရေးသမားဖြစ်လာပြီး အဖွဲ့အစည်းရဲ့
အထက်မြက်ဆုံး စွမ်းအားအကြီးဆုံး ဓားတစ်လက်ဖြစ်ခဲ့တယ်။
သွေးထွက်သံယိုနေ့တွေချည်းပဲ။
သူမက အဖွဲ့အစည်းကို သူမရဲ့အိမ်ကို သတ်မှတ်ထားပြီး အဖွဲ့အတွက်ဆိုရင် သူမရဲ့အသက်ကို
ချပေးဖို့ အမြဲတမ်း အသင့်ဖြစ်နေခဲ့တာ။ ဖယ်ဒရယ်ရဲ့လျှို့ဝှက်ချက်တွေကို သိမ်းယူဖို့
သူမရဲ့တာဝန်က ဟန်ပြတစ်ခုဖြစ်နေမယ်လို့ ထင်မထားခဲ့ဘူး။ သူမ
အရမ်းယုံခဲ့ရတဲ့အဖွဲ့အစည်းက သူမကို
အမြဲတမ်း အသုံးချခဲ့တာပါ။ သူမကို ထိန်းချုပ်ဖို့ မလွယ်တော့တာ သိသွားတော့ သူတို့တွေ
သူမကို သစ္စာဖော်ပြီး သူမရဲ့အသက်ကို ယူခဲ့ကြတာပဲ။
မရေတွက်နိုင်အောင်များပြားသည့်လေဆာများသည်
သူမ၏ခန္ဓာကိုယ်ကို ချိန်ရွယ်ထားသည်နှင့် လင်ယွဲ့သည် မုန်းတီးသည့်အပြုံးတစ်ခုကို
လှစ်ပြလိုက်ပြီး သူမ၏လက်ဖဝါးထဲက လျှို့ဝှက်ခလုပ်ကို အကြင်နာမဲ့ကာ
ဖိချလိုက်တော့သည်။
သူမသည်
သည်အဆောက်အအုံအတွင်းသို့ ဝင်လာသည့်အချိန်က အဆောက်အအုံး၏ ထောင့်တိုင်း၌
ဖောက်ခွဲရေးစက်များကို တပ်ဆင်ထားခဲ့၏။ သူမနှင့်အတူ
အားပြင်းသည့်ဖောက်ခွဲရေးဓာတ်ငွေ့ကျည်တစ်ခုကိုပင် ယူလာခဲ့၏။ လိုရမယ်ရ သူမနှင့်အတူ
ရန်သူကို ဖယ်ရှားရန် သုံးဖို့ မူလကရည်ရွယ်ထားခြင်းဖြစ်လေသည်။ အဖွဲ့အစည်းက
လူအားလုံးသည် သူမကို ဟားတိုက်နေကြသည်ဖြစ်ရာ သူမသည် သူတို့ သူမနှင့်အတူ
ဆွဲခေါ်သွားရပေတော့မည်။
“ဝုန်း-“
ဆက်တိုက်ပေါက်ကွဲမှုတစ်ခုဖြစ်သွားတော့သည်။
နေရာတိုင်းသို့ သွေးနှင့်အသားစများ ပျံဝဲသွား၏။ ဖယ်ဒရယ်အဆောက်အအုံ၏တဝက်သည်
ပြိုကျသွားတော့သည်။ လေဆာကြောင့် လောင်ကျွမ်းသွားသည့် လင်ယွဲ့မထင်မရှားခန္ဓာကိုယ်၏
ပြာများသည် အပူလှိုင်းကြောင့် ကောင်းကင်ထက်သို့ လွှင့်တက်သွားလေသည်။
.....
“ ၈၀,၀၀၀ ဟုတ်လား၊
ရှင်က သူတောင်းစားတစ်ယောက်ကို မောင်းထုတ်ဖို့ကြိုးစားနေတာလား၊ ကျွန်မသမီးကို
ကြည့်လိုက်အုံး၊ သူ့မှာ လုံးဝမလှုပ်နိုင်တော့တဲ့ အခြေအနေဖြစ်နေပြီ၊ သူ့ရဲ့ကျန်တဲ့ဘဝအတွက်
သူ့ကိုအနားမှာ ပြုစုပေးဖို့ တစ်ယောက်ယောက်လို နေတော့မှာ၊ ၈၀,၀၀၀ ကိုဘယ်လို
လောက်မှာလဲရှင့်၊ အနည်းဆုံးတော့ ၃၀၀,၀၀၀ ပေးရမယ်၊ မဟုတ်ရင် ကျွန်မ နေ့တိုင်း
ကျောင်းဝင်ပေါက်ကိုသွားပြီး ရှင်တို့တွေ ကျောင်းသူတစ်ယောက်ကို
မလှုပ်ရှားနိုင်တော့အခြေအနေအထိ လုပ်ထားတာကို တလောကလုံးသိအောင် လုပ်ပစ်မယ်”
“ရှန်ယွဲ့အမေ
လက်တွေ့ကျကျစဥ်းစားပါဗျာ ၊ သူမရေထဲမကျခင်တုန်းက ကိုယ်ပိုင်စာကြည့်ချိန်အတွင်းမှာ
ကျောင်းရဲ့ ရေကန်ဆီ ပြေးသွားတာ ခင်များရဲ့သမီးဆိုတာ ရှင်းနေတာကို၊ ဒါက ကျောင်းနဲ့
ဘာမှကိုမဆိုင်တာ၊ ကျောင်းစည်းကမ်းကို မလိုက်နာတာ ရှန်ယွဲ့ပါ၊ ကျွန်တော်တို့တွေ
ခင်များတို့မိသားစုနစ်နာကြေးအတွက် အကောင်းဆုံးဖြစ်အောင် ယွမ် ၈၀,၀၀၀ ပေးပြီးပါပြီ”
“ ကျောင်းမှာ
ကျွန်မသမီး တစ်ခုခုဖြစ်သွားတာမလို့ ဒါ ကျောင်းရဲ့တာဝန်ပဲလေ၊ ရှင်တို့တွေ
ရေကန်တစ်ခု မလုပ်ခဲ့ရင် ကျွန်မသမီးလည်း ရေထဲမှာ မလှုပ်နိုင်တဲ့အခြေအနေဖြစ်လာပါ့မလား၊
အခု ကျွန်မသမီး နိုးမလာနိုင်တော့ဘူး၊ အခုကစပြီး သူ့ကို ပြုစုရတော့မယ်ရှင့်”
ပြီးခဲ့သည့်တစက္ကန့်က
နားကွဲမတတ်ပေါက်ကွဲမှုသည် သူမ၏နားထဲတွင် မြည်နေဆဲ။ သို့သော်
နောက်တစ်စက္ကန့်တွင်တော့ ငြင်းခုန်သံများ၊ တီဗီသံ နှင့် အော်ဟစ်သံများသည်
သူမ၏နားထဲသို့ ဝင်လာပြီး လင်ယွဲ့၏ခေါင်းကို ပိုနာကျင်အောင် လုပ်နေတော့သည်။
“တိတ်ကြစမ်း”
လင်ယွဲ့ ရုတ်ခနဲ
ထထိုင်လိုက်သည်။
လင်ယွဲ့
အော်လိုက်ပြီးသည်နှင့်တပြိုင်နက် လူနာဆောင်သည် ချက်ချင်းပင်
ထူးဆန်းသည့်ငြိမ်သက်မှုတစ်ခုအတွင်း ကျရောက်သွားတော့သည်။
“ ဘယ်သူလဲ”
လင်ယွဲ့သည်
မျက်မှောင်ကျုံ့လိုက်ပြီး သူမ၏ဒေါသမှာ ပေါ်လွင်နေ၏။ သို့ရာတွင်
သူမစကားပြောလိုက်သည်နှင့်တပြိုင်နက် သူမ၏ ကြမ်းတမ်းရှတသည့်အသံကြောင့်
လန့်ဖျတ်သွားတော့သည်။
သူမ၏ခန္ဓာကိုယ်ကို
တစ်ဖန် ငုံ့ကြည့်လိုက်၏။
ဆေးရုံဝတ်စုံဖြင့်ပင် ဖုံးကွယ်လို့မရနိုင်သည့် အဆီအလွှာများရှိနေသည်။
သူမ၏ဝမ်းဗိုက်သည် နေရောင်ကြောင့် နီနေပြီး သူမ၏လက်မောင်းတွင်းလည်း
အမွှေးအမှင်များနှင့် သူမ၏ ပေါင်နှင့်ခြေသလုံးများသည်လည်း မုန်လာဥပမာ
ယောင်ကိုင်းနေလေသည်။
လင်ယွဲ့သည်
ကြက်သေသေသွားတော့သည်။
ဒါ
ငါ့ခန္ဓာကိုယ်လုံးဝမဟုတ်ဘူးပဲ။ ဘာဖြစ်သွားတာလဲ။
ရှန်ယွဲ့
စကားပြောလိုက်သည်ကို ကြားလိုက်သည်တွင် အားလုံးသည် လှည့်ကြည့်လိုက်ကြပြီး ခုတင်နား
ကပ်လာကြ၏။
“သမီး နောက်ဆုံးတော့
သတိရလာပြီနော်၊ နေမကောင်းသလိုခံစားရနေရသေးလား”
ရှန်ယွဲ့အဖေ
ရှန်အန်းသည် စိတ်ပူနေသည့်မျက်နှာထားဖြင့် ပြောလာ၏။
“ ရှန်ယွဲ့အမေ အခု ခင်များရဲ့
သမီးက အသီးအရွက်အခြေအနေမဟုတ်တော့ဘူးဆိုတော့ ခင်များတို့ စိတ်အေးလို့ရပါပြီ၊
ခင်များခုနက ပြောခဲ့တဲ့ ယွမ် ၃၀၀,၀၀၀ ကတော့ ဒီအတိုင်း ငွေညစ်တာပဲဗျ၊
ကျောင်းကနေပြီး ဒီလိုယုတ္တိမရှိတဲ့ တောင်းဆိုမှုကို ဘယ်တော့မှ သဘောတူမှာမဟုတ်ဘူး”
ရှန်ယွဲ့အမေနှင့်
အချိန်အတော်ကြာသည်အထိ အငြင်းပွားနေသည့် ကျောင်းသားရေးရာဌာနမှူးသည် ပြုံးလိုက်၏။
“
ဘာအဓိပ္ပါယ်လဲရှင့်၊ ကျွန်မသမီးက ကျွန်မတို့ကို
ဘယ်သူလဲလို့အခုလေးတင်မေးလိုက်တယ်လေ၊ သူ့ဦးနှောက်မှာ ထိခိုက်သွားတာဖြစ်ရမယ်၊
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကျမှာ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာရင် ဘယ်လိုလုပ်မလဲ၊
ဒါဆို ကျွန်မတို့မိသားစုက သူ့အတွက် နှစ်တွေအများကြီးသုံးလာခဲ့တဲ့ ကျောင်းလခတွေ
အလကားဖြစ်ခံရမှာလာဂ၊ ရှင် ကျွန်မတို့ ဆုံးရှူးမှုအတွက် အလျော်ပေးရမယ်၊ ကျွန်မ ယွမ်
၈၀,၀၀၀ နဲ့လုံးဝ လက်မခံနိုင်ဘူး”
ရှန်ယွဲ့အမေ
ဆွန်းလင်သည် စိုးရိမ်တကြီးဖြစ်နေ၏။ သူသည် ဆေးရုံခုတင်ပေါ်က
ဝဖိုင့်ဖိုင့်ရှန်ယွဲ့ကို တစ်ချက်ကြည့်လိုက်ပြီး ခါးထောက်က ဆက်အော်ဟစ်နေလေသည်။
“ ဟုတ်ပါပြီ၊
အပြင်ထွက်ပြီးမှ ပြောကြမယ်၊ ယွဲ့ယွဲ့က အခုမှ သတိရလာတာ၊ မင်းတို့တွေ
ဒီလိုနှောင့်ယှက်နေရင် သူဘယ်လိုအနားယူမှာလဲ”
ရှန်အန်းသည်
မနေနိုင်တော့ဘဲ ပြောရတော့သည်။
ဆူညံနေသည့်လူများ
ထွက်သွားချိန်မှ လင်ယွဲ့သည် နံရံပေါ်က တီဗီကို နောက်ဆုံးတွင် သတိပြုမိသွားသည်။
သတင်းတစ်ပိုင်းကို ကြေညာနေသည်။
“ မနေ့က
ဖယ်ဒရယ်ထိပ်တန်းလျှို့ဝှက်အဆောက်အအုံ ခေါင်မိုးထပ်မှာ
ပဟေဠိဆန်ဆန်ပေါက်ကွဲမှုကြီးမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်....”
ငါက ဖောက်ခွဲရေးကို
လုပ်ခဲ့ပြီး အဖွဲ့အစည်းရဲ့လူအများကြီးကို သတ်ခဲ့တာလေ။ ဒါပေမယ့် ဘာလို့ အသက်ရှင်နေသေးတာတဲ့လဲ။
…
🍀🍀🍀
No comments:
Post a Comment