အပိုင်း (၉)
ပါတီအကြောင်းသည် လေဆိပ်မှာပင်
ပျောက်ပျက်သွားတော့သည်။ သူတို့အားလုံးသည် ရှားပါးလှသည့် အားလပ်ရက်ကို ပျော်ပါးရန်
ကားဖြင့် ထွက်ခွာသွားကြတော့သည်။
အတွင်းရေးမှူးလီ တစ်ယောက်ထဲ
ကျန်ခဲ့ပြီး ဒရိုင်ဘာကို ကျန်းယွိနန်ရောက်ပြီဖြစ်ကြောင်း ဖုန်းခေါ်ရင်း
အလုပ်များနေ၏။
ရန်လျန်သည် သူမ၏ချိုင်းထောက်ကို
အမှီပြုကာ ကားပါကင်သို့ ဖြည်းညင်းစွာလျှောက်လာ လေသည်။
ရွှီဇီချင်းကလည်း ခြေလှမ်းကို
တမင်နှေးလိုက်ပြီး သူမကို အဖော်ပြုကာ လိုက်လာ၏။
သူမသည် အမှန်ပင်
အမကောင်းတစ်ယာက်လို ပြုမူနေလေသည်။ သူတို့ လေဆိပ်မှ ထွက်လာချိန်က သူမသည်
သူ့ညီမအတွက်ပင် ရန်ဖြစ်ပေးခဲ့သေးသည်။
“ ကျန်းယွိနန် ရန်လျန်က ဒဏ်ရာရနေတာ၊
အိမ်မှာနားလို့ရအောင် ခွင့်ရက်တော့ ပေးသင့်တယ်မလား”
ရန်လျန် သူ့ကို ကြည့်လိုက်ပြီး
စကားသည် တည့်တိုးဆန်သော်လည်း သူ့မျက်လုံးထဲက အကြည့်မှာတော့ ဘာမှ ထူးမခြားသွားပေ။
“ ခွင့်ယူမှာလား”
ကျန်းယွိနန်၏မျက်လုံးများသည်
ရန်လျန်ရှိရာ ဘေးဖက်သို့ ဝေ့ကြည့်လိုက်လေသည်။ ထိုမြင်ကွင်းကြောင့်
ရွှီဇီချင်း၏လေသံသည် မသိမသာ ပြောင်းသွားပြီးနောက် ထပ်ပြုံးလိုက်ကာ
“ မစ္စတာကျန်း ရှင် အားမလားတော့ မသိဘူးနော်၊
အဖေက ရှင့်အတွက် ညစာစားပွဲတစ်ခု စီစဥ်ထားပေးတယ်၊ ရှင်လာပြီး ကျွန်မတို့ကို
ဂုဏ်ပြုပေးစေချင်တယ်”
“ဒီနေ့လား”
“ဟုတ်တယ်”
ရွှီဇီချင်းသည် အလွန်တွေးတတ်လေသည်။
ထို့နောက် မမေ့မလျော့ ထပ်ပြောလိုက်၏။
“ အတွင်းရေးမှူးလီရော လာမယ်မလား”
သူတို့သည် ကားပါကင်သို့ ရောက်လာ၏။
ဒရိုင်ဘာနှစ်ယောက် အပါအဝင် စုစုပေါင်း
လေးယောက်ဖြစ်နေသည်။ အတွင်းရေးမှူးလီသည် ကျန်းယွိနန်၏ကားဘေးတွင် ရပ်လိုက်ပြီး
သူ့အတွက် တံခါးဖွင့်ပေးလိုက်လေသည်။
ရွှီဇီချင်းသည် ထိုင်ခုံနေရာအတွက်
စဥ်းစားရခက်နေ၏။ သူမအမြင်တွင် ရန်လျန်သည် နောက်ခန်းတွင် တစ်ယောက်ထဲ
ထိုင်ဖို့လိုအပ်သည်။ သူမ မပြောရသေးခင်မှာပင် ဒရိုင်ဘာက အကြံပြုလိုက်၏။
“ မိန်းခလေး မင်းက ကျန်းယွိနန်ရဲ့ကားမှာ
စီးလို့ရမလား”
ရွှီဇီချင်းသည်
ခဏလောက်တွေးလိုက်ပြီးနောက် သူမသည် သည်လိုအခွင့်အရေးပေးခံရသည့် အစီအစဥ်ကို
လက်ခံလိုက်ရသယောင်။ သို့သော် သူမသည် လိမ္မာပါးနပ်စွာ ကျန်းယွိနန်ကို
မေးလိုက်လေသည်။
“ ကျွန်မ ရှင့်ကားနဲ့ ကားကြုံလိုက်လို့ ................”
ရုတ်တရက်ဆိုသလို
စကားဖြတ်ပြောခံလိုက်ရ၏။
“ နင် ဒီနေ့ ကုမ္ပဏီကို မသွားရဘူးလား”
ရန်လျန်သည် နောက်ပြန်ကြည့်ကာ
ရွှီဇီချင်းကို မေးလိုက်၏။
ရန်လျန်၏ ရွှီဇီချင်းအပေါ်
ရုတ်တရက် စိတ်ဝင်စားမှုကို နှုတ်ဆိတ်ကာ ဂရုတစိုက်နားထောင်းရင်း ကျန်းယွိနန်သည်
မျက်မှောင်ကျုံ့သွားပြီးနောက် ရန်လျန်ကို ပြုံးပြလိုက်ရာ သူ့အကြည့်များက
သရော်နေတော့သည်။
ရွှီဇီချင်းသည် အံ့ဩသွားသောလည်း
သူမ၏အပြုံးက ချက်ချင်း ပြန်ရောက်လာပြီး
“ နင့်ကို လာတွေ့ဖို့ အလုပ်ကနေ
သီးသန့်ခွင့်ယူထားတာလေ”
ထို့နောက် သူမသည်
ကျန်းယွိနန်ဖက်လှည့်ကာ ဆက်ပြောလိုက်၏။
“ ကျွန်မ ရှင့်ကားနဲ့လိုက်ရင် အဆင်ပြေမလား”
ကျန်းယွိနန်သည် သဘာတူကြောင့်
ခေါင်းညိတ်ပြလိုက်၏။ သို့သော် ရွှီဇီချင်းက ကားဆီလျှောက်လာချိန်၌ ကျန်းယွိနန်သည်
တမင်အရှိန်လျှော့လိုက်၏။ နောက်တစ်စက္ကန့်တွင် ရန်လျန်က ပြောလိုက်လေသည်။
“ ကျန်းယွိနန် ကျွန်မတို့ ရုံးခန်းကို
ပြန်ရလိမ့်မယ်၊ ကျွန်မမှာ ရှင့်ကို လက်မှတ်ထိုးခိုင်းဖို့ စာရွက်စာတမ်း
တစ်ခုရှိသေးတယ်”
“ ဟုတ်လား”
သူ့လေသံသည်
သံသယမကင်းဖြစ်နေသော်လည်း ကျန်းယွိနန်က အံ့ဩဟန်မပြချေ။ ထို့နောက် သူမ
ထိုသို့ပြောလာမည်ကို မျှော်လင့်ထားခဲ့သယောင် ပြုံးလိုက်လေသည်။
ရန်လျန်သည် သူ့အတည်ပြုချက်ကို
မစောင့်တော့ဘဲ ကျန်းယွီနန်၏ကားဆီ လျှောက်သွားလိုက်ပြီး ရှေ့တည့်တည့်ကို သာကြည့်ကာ
ရွှီဇီချင်းကို ဖြတ်သွားပြီး ကားထဲ ဝင်ထိုင်လိုက်တော့သည်။
“ အားနာပါတယ် မစ်ရွှီ အတွင်းရေးမှူးလီက
မင်းကားနဲ့လိုက်လိမ့်မယ်၊ ရန်လျန်နဲ့ ကျွန်တော်က ကျွန်တော့်ကားနဲ့ သွားလိုက်မယ်”
ကျန်းယွိနန်သည် တောင်းပန်လိုက်ပြီး
ကားထဲ ဝင်ထိုင်လိုက်လေသည်။
ရွှီဇီချင်းသည် ကားရှေ့တွင်
ရပ်နေ၏။ ရန်လျန်က သူမမျက်နှာမူထားသည့် ကားတံခါးကို အားဖြင့် ဂျိန်းခနဲ
ပိတ်ချလိုက်တော့သည်။
နောက်ကြည့်မှန်ထဲက သူမ၏ပုံရိပ်သည်
တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
ကားသည် အရှိန်ဖြင့် ညက်ညက်ညောညော
ပြေးနေသည်။
တိတ်ဆိတ်နေသည့် ကားထဲတွင်
ကျန်းယွိနန်၏ အသံက ရုတ်တရက် တိုးထွက်လာ၏။
“ မင်းက သူငါနဲ့ အချိန်ခဏလေး ဖြုန်းချင်တဲ့
သူ့အစီအစဥ်ကို ဖျက်ဆီးလိုက်တာပဲ”
ရန်လျန်သည် ကားနောက်ခန်းတစ်ခုလုံးကို
အပိုင်စီးထားပြီး သူမ၏ခြေထောက်ကို ထိုင်ခုံပေါ်တွင် တင်ထားသည်။
ထိုစကားကိုကြားလိုက်သည်နှင့်
သူမ၏မျက်နှာသည် မော့လာပြီး သူမ၏မျက်လုံးများ နောက်ကြည့်မှန်ထဲက ကျန်းယွိနန်၏
မျက်လုံးများနှင့် ဆုံသွားတော့သည်။
“ မစ္စတာ ကျန်း ဘာကိုပြောတာလဲ၊ ကျွန်မ
နားမလည်ဘူး”
ကျန်းယွိနန်သည် သူ့မျက်ခုံးများကို
ပင့်လိုက်ပြီးနောက် ပြုံးလိုက်ကာ
“ ဟုတ်တာပေါ့၊ မင်းက
မင်းအမရဲ့လှည့်ကွက်တွေကို နားလည်နိုင်တာပဲလေ”
ရန်လျန် ရယ်လိုက်လေသည်။
သူဆက်ပြောလာမည့် စကားကိုတော့
မျှော်လင့်မထားခဲ့ချေ။
“ အမှန်အတိုင်းပြောရရင်တော့ ငါ
မင်းအမရဲ့ ပင်ကိုစရိုက်ကို တကယ်
သဘောကျတယ်၊ စိတ်ထဲမှာ မကောင်းတဲ့ရည်ရွယ်ချက်တွေရှိပေမယ့် အပေါ်ယံမှာတော့
အပြုံးချိုချိုလေးတစ်ခု ရှိတယ်၊ မင်းကျတော့ အတွင်းရော အပြင်ရော အတူတူပဲ၊
အဲဒီအတွက်တော့ မင်း အနှေးနဲ့အမြန် ပြန်ခံစားရလိမ့်မယ်”
ရန်လျန်သည် အထင်မကြီးသလို
မဲ့ပြလိုက်၏။
ခဏတုံ့ဆိုင်းသွားပြီးနောက် သူမ
ပြောလိုက်လေသည်။
“ မစ္စတာကျန်း ဒီလိုဆိုရင်တော့ ရှင်
ကျွန်မရဲ့အမကို အထင်လွဲနေပြီ၊ သူက တကယ် စိတ်ထားကောင်းတဲ့သူပါ”
ကျန်းယွိနန်သည် အသာယာ
ခေါင်းခါလိုက်တော့သည်။ ရန်လျန်က ရုတ်တရက် ပြုံးလိုက်ပြီး ချိုချိုသာသာဖြင့်
“ ကျွန်မ ရှင့်ကို ကစားမှာ မစိုးရိမ်ဘူးလား၊
ဒီလိုလေ တကယ်တော့ ကျွန်က ရှင်စိတ်ဝင်စားလာအောင်လို့ ဒါတွေအားလုံးကို
လုပ်နေတာဆိုတာပြီးတော့ပေါ့”
“ မင်းရဲ့ရည်ရွယ်ချက်က တကယ်ပဲ
ငါစိတ်ဝင်စားလာအောင် လုပ်ဖို့ဆိုရင်တော့ မင်း အောင်မြင်ပါတယ်လို့ ငါ
သေချာပြောနိုင်တယ်”
သူ့မျက်လုံး၊ သူ့မျက်နှာထား၊
သူ့လေသံ အားလုံးသည် ပျော့ပြောင်းနေလေသည်။
“လုံးဝ အောင်မြင်တာနော်”
စကားကို ဒီလို ကျီစယ်သလို
ရွှတ်နောက်နောက် ပြောနေတဲ့ ယောက်ျားတစ်ယောက်က ဘယ်မှာလာပြီး အရမ်းကို ....သိမ်မွေ့ပါတယ်လို့
ခံစားလို့ရနိုင်မှာတဲ့လဲ။
ရန်လျန်သည် သည်ထူးဆန်းသည့်အတွေးကို
ဖယ်ရှားရန် သူ့မျက်လုံးများကို မကြည့်ဖို့ရာ ရွေးချယ်လိုက်တော့သည်။
ကားသည် အချိန်တော်တော်ကြာအောင်
မောင်းလာပြီးနောက် မြို့လယ်ခေါင်သို့ ဝင်လာ၏။ ရန်လျန်သည် သူမ အစောနက
တည်ငြိမ်မှုကို ကြိုးစား ပြန်ယူလိုက်ပြီးနောက် ပုံမှန်အတိုင်းပြောလိုက်၏။
“ ရှင် ကျွန်မကို ကြိုက်တဲ့နေရာမှာ ချခဲ့လို့ရတယ်”
ဇဝေဇဝါဖြစ်သွားပြီး
ချက်ချင်းလိုပင် ကျန်းယွိနန်က ပြောလိုက်၏။
“ မင်းမှာ ငါ့ကို လက်မှတ်ထိုးခိုင်းဖို့
စာရွက်စာတမ်းရှိတယ်လို့ ပြောခဲ့တယ်မလား”
ရန်လျန်သည် စိတ်ထဲတွင်
သက်ပြင်းချလိုက်ပြီး
ဒီလူရဲ့ ရန်သူက ဘယ်လိုလုပ်ပြီး ငါ
ဖြစ်နိုင်မှာလဲနော်။
“ မသိချင် ဟန်ဆောင်မနေနဲ့၊ ဒါက ကျွန်မ
သူ့ကို ပေးလိုက်တဲ့ ဆင်ခြေဆိုတာ ရှင်သိပြီးသား”
ကျန်းယွိနန်သည် ခပ်တိုးတိုး
ရယ်လိုက်လေသည်။
ကားသည် တက်စီမှတ်တိုင်တွင်
အရှိန်ဖြင့် ရပ်သွား၏။ ကျန်းယွိနန်က သူမကို တွဲထုတ်ပေးလိုက်သည်။ ရန်လျန်သည်
ပထမဆုံးအနေဖြင့် ကျန်းယွိနန်ကို ကျေးဇူးတင် စကားပြောလိုက်လေသည်။
သည်စကားတစ်ခွန်းက
သူ့မျက်လုံးထဲသို့ အပြုံးတစ်ခုကို ယူဆောင်လာပေးတော့သည်။
“မင်းမိသားစုညစာစားပွဲကို မသွားဘူးလား”
“ ကျွန်မ သွားမှာမဟုတ်ဘူး”
သူသည် ဖြေရှင်းချက်အသေးစိတ်ကို
လိုချင်နေသယောင်။ ရန်လျန်သည် တွေဝေသွားပြီးနောက်
“ မိန်းမနှစ်ယောက်က ယောက်ျားတစ်ယောက်နဲ့ အတူ
စားပွဲတစ်ခုထဲမှာ စားသောက်တာ မြင်ရရင် အန်မိမှာစိုးလို့”
ရန်လျန်သည် စကားဆုံးသည်နှင့်
တက်စီတစ်စီးကို လှမ်းတားလိုက်လေသည်။
ကျန်းယွိနန်သည် တံခါးဘေးတွင်ရပ်ကာ
ကားထဲသို့ ထော့နဲ့ထော့နဲ့ ဝင်သွားသည့် သူမကို ကြည့်လိုက်ပြီးနောက် သူ့ကားထဲသို့
ပြန်ဝင်ထိုင်လိုက်တော့သည်။
သူသည် ငြိမ်သက်စွာထိုင်နေပြီး
ဒရိုင်ဘာကို မောင်းဖို့ရန်လည်း မပြောပေ။ ဒရိုင်ဘာက သူ့ကို ခဏခဏ အကဲခတ်နေရတော့သည်။
ပုံမှန်ဆိုလျှင် အေးစက်ကာ ညိုးငယ်နေသည့် သည်လူ၏မျက်လုံးထဲတွင် ဝမ်းနည်းရိပ်တစ်ခု
ဖြစ်နေသည်ကို မျှော်လင့်မထားဘဲ တွေ့လိုက်ရလေသည်။
ဒရိုင်ဘာသည် ရန်လျန် အခုလေးတင်
ပြောသွားသည့် စကားကို သတိရသွားပြီး သက်ပြင်းချလိုက်လေတော့သည်။
“ ဒီလိုမိသားစုမှာ နေရတာ အရမ်းကံဆိုးတာပဲ”
“ဒါဆိုရင် ဒီကံဆိုးမှုအားလုံးကို
ဖြစ်စေခဲ့တဲ့ တရားခံက ငရဲကို မသွားသင့်ဘူးလား”
ကျန်းယွိနန်သည် ပျော့ပြောင်းစွာ
ရေရွတ်လိုက်တော့သည်။
သူ့အသံသည် အလွန်အားလျော့နေပြီး
သူ့အမူအရာသည် အလွန်အေးစိမ့်နေရာ ထိုအခိုက်တွင် ဒရိုင်ဘာပင် လန့်သွားတော့သည်။
သူ ပြောလိုက်သည့်စကား ရုတ်တရက်
သတိထားမိသွားသည့်အလား ကျန်းယွိနန်သည် ချက်ချင်း အမူအရာကို ပြင်လိုက်ပြီး
ရယ်မောရင်း ပြောလိုက်လေသည်။
“မောင်းတော့”
*** ***
PRဌာနသည် အမေရိကန် ကုမ္ပဏီတစ်ခုနှင့် အောင်အောင်မြင်မြင်
စာချုပ်ချုပ်နိုင်ခဲ့သတင်းက မီဒီယာကြီးတစ်ခုလုံးကို ဂရက်ရိုက်သွားအောင်
လုပ်လိုက်တော့သည်။ ထိုသက်ရောက်မှုက ဥက္ကဋ္ဌနာမကျန်းမှုကြောင့် စျေးကျသွားသည့်
စတော့စျေးသည် သိသိသာသာ ပြန်တက်လာစေသည်။
နောက်သုံးလအတွင်း ကုမ္ပဏီ၏
နှစ်ပတ်လည်ပွဲကို ဂျော်နီဝေးလ်ကလည်း အလည်လာလိမ့်မည်။ ကျန်းယွိနန်၏
ညွှန်ကြားမှုအောက်တွင် PR
ဌာနသည် ပွဲကြီးတစ်ခုကို ပြုလုပ်ရန်
ရည်ရွယ်ထားရာ မီဒီယာများကို ဖိတ်ကြားထားလေသည်။
ရွှီကျင်းဖူ၏ အခြေအနေသည်လည်း
နောက်ဆုံးတွင် ပြန်တည်ငြိမ်လာပြီး ရန်လျန်ကလည်း သူမ၏ပတ်တီးကို ဖြည်ပြီးဖြစ်ရာ
နှစ်ယောက်လုံးအတွက် နှစ်ပတ်လည်ပွဲတက်ရန် အချိန်ကိုက် ဖြစ်နေတော့သည်။ ဒါသည်
တင်းမာနေသည့် သားအဖဆက်ဆံရေးနှင့် ပတ်သက်သည့် သတင်းများကို ဖယ်ရှားဖို့ရာ
အကူအညီဖြစ်စေလိမ့်မည်။
ရွှီကျင်းဖူသည် နှစ်ပတ်လည်ပွဲအတွက်
ဝတ်စုံတစ်ချို့ကို အန်တီလျန်ကတဆင့် ရန်လျန်၏တိုက်ခန်းသို့ အထူးတလည်
ပို့ပေးလိုက်လေသည်။
အန်တီလျန်သည် ဒီမိသားစုအတွက်
ဆယ်စုနှစ်များစွာ ကူညီပေးသူတစ်ယောက်ဖြစ်ပြီး သူမသည် မိသားစုထဲတွင်
လူကြီးအရာဝင်လေသည်။ သူမကို ရန်လျန်၏တိုက်ခန်းသို့ လွှတ်လိုက်ခြင်းကလည်း
ငြိမ်းချမ်းရေးအကျိုးဆောင်တစ်ယောက် တဖြစ်လဲ ရန်လျန်ကို စိတ်မဆိုးတော့ကြောင်း
ပြောသည့် လက္ခဏာဖြစ်လေသည်။
ရန်လျန်သည် အချိန်ပိုဆင်းနေသည်ဟု
ဆင်ခြေပေးကာ အိမ်သို့ နောက်ကျမှ ပြန်ခဲ့သည်။ အန်တီလျန်တွင် အိမ်သော့ရှိ၏။
သူမထားခဲ့သည် အဝတ်အစားများကို အမှိုက်ပုံးထဲသို့ နှစ်ကြိမ်တိုင်တိုင် ပစ်ထားသည်ကို
သိလိုက်ရပြီးနောက် တတိယအကြိမ်တွင်တော့ အန်တီလျန်သည် အဝတ်အစားကို သူမ၏ရုံးခန်းသို့
လာပို့လေတော့သည်။
လုပ်စရာ အလုပ်များပုံနေ၏။
ရန်လျန်သည် ကွန်ပျူတာစခရင်ကို အာရုံစိုက်ရင်း စျေးကွက်အစီအစဥ်များကို
ပြန်စစ်နေလေသည်။ စားပွဲပေါ်မှ နာရီသည် ကိုးနာရီသို့ ညွှန်ပြနေ၏။
သည်အချိန်တွင် တစ်စုံတစ်ယောက်က
တံခါးလာခေါက်တော့သည်။
သည်လိုအချိန်မှ သူမ၏အခန်းတံခါးကို
လာခေါက်သဖြင့် အံ့ဩသွားရင်း ရန်လျန် လှမ်းပြောလိုက်တော့သည်။
“ဝင်ခဲ့ပါ”
လက်ထဲတွင် လက်ဆောင်ဗူး တစ်ခုနှင့်
အန်တီလျန်ကို တွေ့လိုက်ရတော့ ရန်လျန်သည် သူမရောက်လာသည့် အကြောင်းအရင်းကို ရုတ်တရက်
သဘောပေါက်သွားပြီး မတတ်သာတော့ပဲ ပြောလိုက်တော့သည်။
“ အန်တီလျန်ရယ် သမီးကို ကျေးဇူးပြုပြီး
လွှတ်ထားပေးပါ၊ သမီး တကယ်ပဲ မီဒီယာရှေ့ မထွက်ချင်ဘူး၊ သမီးက
လှောင်ရယ်စရာကြီးဖြစ်နေလိမ့်မယ်”
“မိန်းခလေးရယ် မနှစ်တုန်းက သမီးက
ကျောင်းတက်နေတုန်းမလို့ စာလုပ်နေရတာနဲ့ အလုပ်အရမ်းများလို့ ဆိုပြီး မပြန်လာဘူးလေ၊
အခု သမီး ပြန်ရောက်နေတာ ၄လလောက်ရှိနေပြီး သမီးအဖေကို ယှဥ်ပြီး ရန်မဖြစ်လို့မရဘူးလေ”
ရန်လျန်သည် သူမကို နှစ်သိမ့်ရန်
ကြိုးစားလိုက်တော့သည်။
“ သမီးကို ကူညီဖို့ အန်တီလျန် ရှိနေသားပဲလေ၊
ဘာလို့မရရမှာလဲလို့”
အန်တီလျန်သည် သူမ ကြီးပြင်းလာသည်ကို
မြင်ခဲ့ပြီးဖြစ်ရာ ရန်လျန်၏ချစ်စဖွယ်ဆွဲဆောင်မှုကို မလွန်ဆန်နိုင်သဖြင့်
ပြုံးသာနေလိုက်တော့သည်။ သို့သော် သူမ၏ အားထုတ်မှုကို တော့ မလျှော့လိုက်ချေ။
လက်ဆောင်ဗူးကို စားပွဲပေါ် ချက်ချင်းတင်လိုက်ပြီးပြော ပြောလာလေသည်။
“ အန်တီ ကတိပေးတယ်၊ သမီးမကြိုက်တာတဲ့ဟာကိုလုပ်ဖို့
သမီးအဖေကို ကူညီပေး ဒါနောက်ဆုံးပဲနော်”
ရန်လျန် သက်ပြင်းချလိုက်၏။
သူမသည် စိတ်မပါစွာ
ခေါင်းမော့လိုက်ပြီးနောက် တစ်ချက်ကြည့်လိုက်လေသည်။
“ ဒါက ရွှီဇီချင်း ရွေးထားပေးတဲ့ ဝတ်စုံလား”
“ ဟင့်အင်း မဟုတ်ပါဘူး၊ ဒါက အန်တီ
ရွေးထားပေးတာပါ”
ထိုစကားကို ကြားလိုက်ရပြီးနောက်
ရန်လျန်သည် ဝတ်စုံကို လိုလိုချင်ချင် ပင် ထိကိုင်လိုက်တော့သည်။ အမှန်ပင်
တရုတ်ရိုးရာဝတ်စုံတစ်စုံ ဖြစ်လေသည်။
“ အန်တီက အနောက်တိုင်းဝတ်စုံတွေကို
မရွေးတတ်ဘူးရယ်၊ မိန်းခလေးက အနောက်တိုင်းဝတ်စုံ တစ်ချို့တော့ ရွေးပေးပါရဲ့ကွယ်၊
အမလေး တကယ် နားကို မလည်နိုင်ဘူး၊ ကျောပြင်တစ်ခုလုံးက ပေါ်နေတာလေ ဘယ်လိုလုပ်ပြီး
လှမှာလဲ၊ အန်တီတော့ ဒီရိုးရာဝတ်စုံလေးကို သဘောကျတယ်၊ ဒီဇိုင်နာကလည်း ပြောတယ် အခုက
ဒီလိုပုံစံတွေ အရမ်းခေတ်စားနေတာတဲ့၊ ဒါနဲ့ ဒီဝတ်စုံပဲ ယူခဲ့လိုက်တာ၊ သမီး
ကြိုက်ပါ့မလားတော့ မသိဘူးနော်”
ရန်လျန်သည် သူမအဖေ၏ ဉာဏ်နီဉာဏ်နက်များကို
သက်ပြင်းသာချ နိုင်တော့သည်။ သူမသည် သူမချစ်မြတ်နိုးကာ လေးစားရသူ၏ စိတ်ရင်းနှင့်
တောင်းဆိုမှုက ငြင်းဆန်ရန် ခက်ခဲလေသည်။ သူမသည် အန်တီလျန်၏လက်ကို
ဆုပ်ကိုင်လိုက်ပြီး
“ သမီး ဒီအဝတ်အစားကို သဘောကျပါတယ်၊
လက်ခံလိုက်မယ်နော်၊ သမီး အန်တီ့ကို အောက်ထပ်အထိ လိုက်ပို့ပေးမယ်”
“ ရပါတယ် မလိုပါဘူးကွယ် ကိုယ့်ဟာကို
သွားပါ့မယ်”
ထိုသို့ပြောလိုက်ပြီး အန်တီလျန်သည်
လှည့်ကာ တံခါးဘက်သို့ လျှောက်သွားလိုက်လေသည်။ သူမသည်
ရုံးခန်းအပြင်သို့ရောက်သည်နှင့် မမေ့မလျော့ ထပ်ပြောလိုက်လေသည်။
“ မတန်ရင် ပြင်ချုပ်ပေးဖို့ အချိန်ပေးပြီး
ဒီဇိုင်နာဆီ ယူသွားလိုက်နော်”
ရန်လျန် ခေါင်းညိတ်ပြလိုက်၏။
နောက်ဆုံးတွင် စိတ်အေးသွားပြီး တံခါးကို ပြန်ပိတ်လိုက်လေသည်။
ရန်လျန်သည် လက်ဆောင်ဗူးကို
ခဏလောက်ကြည့်လိုက်ပြီးနောက် မျက်မှန် ပြန်တပ်လိုက်လေသည်။
သို့သော် အလုပ်ကို
အာရုံစိုက်လို့မရဖြစ်နေပြီး သတင်းထောက်များရှေ့တွင် ရပ်နေမည့်
ရွှီဇီချင်းအကြောင်းသာ တွေးမိနေရာ ပင်ပန်းလာတော့သည်။
ပြဿနာပဲ။ ငါ အလုပ်ကို
အာရုံစိုက်လို့မရတော့ဘူး။
သူမသည် ဘောပင်ကို ချလိုက်ပြီး
မျက်မှန်ကို ချွတ်ကာ ထိုင်ကို မှီရင်း အဝတ်အစားကို ထုတ်ကြည့်လိုက်တော့သည်။
သူမသည် ဒေါက်ဖိနပ်ကို
ချွတ်လိုက်ပြီးနောက် သူမ၏ဝတ်စုံနှင့် ရှပ်အင်္ကျီကို ဆိုဖာပေါ် ပစ်တင်လိုက်ပြီး
ရိုးရာဝတ်စုံကို ဝတ်လိုက်တော့သည်။
ဝတ်စုံသည်
အရည်သွေးကောင်းပစ္စည်းများဖြင့် ပြုလုပ်ထား၏။ နူးညံ့သိမ်မွေ့ကာ
ကြယ်သီးများစွာပါပြီး ပုံစံမှာ အနည်းငယ် ခေတ်နောက်ကျဟန် ပေါ်လေသည်။
ဆိုက်ဒ်က မသိမသာငယ်နေပြီး
သူမ၏ခြေတံရှည်များ ပေါ်နေကာ ညှပ်ရိုးအောက် လက်မအနည်းငယ်က ကြယ်သီးများကို
တပ်မရဖြစ်နေပြီး သူမ၏ ရင်သားတစ်ဝက်နီပါးက ပေါ်နေလေသည်။
အန်တီလျန်ကတော့ ငါ
ကျောင်းသူဘဝတုန်းက ကိုယ်အတိုင်းကို ယူခဲ့တာဖြစ်ရမယ်။
ရန်လျန်သည် ကြယ်သီးကို အားဖြင့်
ဆွဲတပ်ရန် ကြိုးစားလိုက်သော်လည်း ပုလဲကြယ်သီးကို ဆွဲဖြုတ်မိလျက်သွား
ဖြစ်သွားတော့သည်။
ကြယ်သီးသည် ကြမ်းပြင်ပေါ်သို့
ကျသွားပြီး တံခါးဘက်ဆီသို့ လိမ့်သွားတော့သည်။ ရန်လျန် လှည့်ပတ်ကာ ကြယ်သီးကို
ကြိုးစားရှာလိုက်၏။ သို့သော် ရုတ်တရက် အေးခဲသွားတော့သည်။
ကျန်းယွိနန်သည် တံခါးနားတွင်
ရပ်နေလေသည်။
သူသည် ထိုနေရာတွင် သူမကို
တိတ်တဆိတ်ကြည့်နေရင်း မည်မျှကြာကြာ ရပ်နေသည်ကိုတော့ သူမ မသိတော့ချေ။
…
🌺
No comments:
Post a Comment