အခန်း (၇)
အားနဲ့ကိုက်လိုက်မိတဲ့အတွက် နဂါးလက်သည်းဆီက နောက်ဆက်တွဲရလဒ်
မင်းကြီးရဲ့နဂါးအိပ်ရာက
ကျယ်ဝန်းပြီး သက်တောင့်သက်သာရှိတဲ့အပြင် ခုတင်ပေါ်မှာ လူ လေး
ငါးယောက်လောက်တန်းစီပြီးတော့တောင် အိပ်လို့ရတယ်။
ဖုန်းကျောက်ဝမ်က အင်မတန်ချေးများတဲ့လူ။
သူ့ကိုယ်သူ အစားမှန်မှန်စားဖို့ လျစ်လျူရှုပေမဲ့ ဒါက သူ စစ်တပ်ထဲမှာ
နှစ်ပေါင်းများစွာနေလာခဲ့တော့ ကျန်နေတဲ့လက်ကျန်အကျိုးဆက်သက်သက်ပဲ။
စစ်သည်တွေနဲ့အတူတူ ပျော်ရွှင်စရာနဲ့ ဆင်းရဲဒုက္ခခံစားရတဲ့အချိန်ကို
သည်းခံနိုင်ခဲ့တဲ့ တော်ဝင်အိမ်ရှေ့မင်းသားတစ်ယောက် အပေါ်ကနေပဲ အမြဲတမ်း
ကြည့်နေရတဲ့ တော်ဝင်အိမ်ရှေ့မင်းသားနဲ့ယှက်ရင် လက်အောက်ငယ်သားတွေရဲ့
လိုလိုချင်ချင်နဲ့ ထာဝရသစ္စာစောင့်သိမှာကို ပိုပြီး အလွယ်တကူရနိုင်မှာပဲလေ။
ဒါပေမဲ့ သူ့မှာ သည်းမခံနိုင်တဲ့
အားနည်းချက်တစ်ခုတော့ရှိတယ်။ အဲဒါက အိပ်ရာနဲ့ပတ်သက်ပြီး သူ့လိုအပ်ချက်က အရမ်းကို
စံနှုန်းမြင့်တာ။ အိပ်ရာခင်းက ထူထဲတောင့်တင်း အိစက်ပြီး ပျော့ပြောင်းမှု ရှိရမယ်။
ခြုံစောင်ကတော့ ပေါ့ပါးချောမွေ့ပြီး အနွေးဓာတ်ပေးနိုင်ရမယ်။ သူ့နဂါးအိပ်ရာပေါ်မှာ
သွားရည်တွေ စီးကျတဲ့အထိ ကျွန်မအတွက် နေ့ခင်းတရေးအိပ်တမော အိပ်စက်နိုင်တာက ဒီအတိုင်းကို
ကျွန်မရဲ့ကံကောင်းခြင်းပါပဲ။
တစ်ခုပဲ။ ကျွန်မ တမေ့တမော
အိပ်ပျော်နေတုန်းက အိပ်မက်ကောင်းတွေ မက်ခဲ့တယ်လေ။ မင်းကြီးက ကျွန်မရဲ့ပါးကို
ပုတ်ပြီး မနိုးတနိုးအခြေအနေမှာ ကျွန်မကို အနိုင်ကျင့်နေတာတဲ့။ ဒါက ဒီလိုပါပဲ။
ကြီးကျယ်ခမ်းနားတဲ့ အတွေ့အကြုံတစ်ခုတော့ လုံးဝမဟုတ်လေဘူး။
ကျွန်မက အပြည့်အဝ
နိုးနေသေးတာလည်းမဟုတ်ဘူး။ ကျွန်မရဲ့အိပ်မက်ထဲက စားကောင်းသောက်ဖွယ်တွေတောင်
ကျွန်မရဲ့ပါးစပ်ထဲ မထည့်ရသေးဘူး။ အဲဒီအချိန်မှာ ကျွန်မ အိပ်နေတာကို
လာနှောင့်ယှက်နေတဲ့ သကောင့်သားက တကယ် စုတ်ပဲတာကိုပဲ ခံစားမိလိုက်တယ်။ ဒီလိုနဲ့
ကျွန်မလည်း အရမ်းကိုကြောက်စရာကောင်းတဲ့ ဖြစ်နိုင်ချေတစ်ခုကို မေ့သွားတော့တာပဲ။
အဲဒီဖြစ်နိုင်ချေဆိုတာ သကောင့်သားက မင်းကြီးဖြစ်နေမှာကိုပေါ့။ ကျွန်မရဲ့လက်ဖဝါးကို
လွဲရမ်းလိုက်ရင်း ကျွန်မက ကြမ်းကြမ်းတမ်းတမ်းနဲ့ ခြိမ်းခြောက်ပစ်လိုက်တယ်။
“ရှောင်ဟွမ်၊ မင်း ဆက်ပြီး
သောင်းကျန်းနေရင် ငါ မင်းကို ဘာညစာမှ မကျွေးတော့ဘူးနော်”
တကယ်တော့
ရည်ညွှန်းခံလိုက်ရတဲ့လူကလည်း ဘုရင်တစ်ပါးပါပဲ။ ဒါပေမဲ့
နှိမ်နင်းခံလိုက်ရတဲ့နိုင်ငံတစ်ခုရဲ့ ဘုရင် သာသာပဲ။ အဲထက် မပိုဘူး၊ ဒီတော့ ကျွန်မက
သူ့ကို ဆုံးမရိုက်ပုတ်ရဲတာပေါ့။
ကြည့်လေ။ ဒါက ကျွန်မရဲ့အကျင့်ပဲ။
ဒီအားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်နေတဲ့ ကျွန်မရဲ့အခြမ်းကဆိုရင်
အရမ်းကိုရက်စက်တယ်ဟုတ်။
ကျွန်မရဲ့နားနားမှာ
အံကြိတ်တဲ့အသံတစ်ခုထွက်လာခဲ့တယ်။
“အန်းရီ မင်းက
ညနေစာမကျွေးတော့ဘူးလို့ ဘယ်သူ့ကို ပြောနေတာလား”
လုံးဝ နိုးသွားခဲ့တယ်။
ကျွန်မရဲ့မျက်လုံးတွေကို ဖွင့်လိုက်တာနဲ့ချက်ချင်းပဲ ဖုန်းကျောက်ဝမ်ရဲ့ နီးလာတဲ့
ဖီးနစ်မျက်လုံးတွေကို မြင်လိုက်ရတော့တာပဲ။ ရုတ်ခနဲ ကျွန်မ ထထိုင်မိသွားခဲ့တယ်။
“မင်းကြီးက ဉာဏ်ပညာ
ကြီးမြတ်လှပါတယ်၊ မှန်ပါ့၊ ညနေစာ မစားမရမဲ့သူက ကျွန်တော်မျိူးမပါ” ဘာပဲဖြစ်ဖြစ်
ဒီနန်းတော် ခန်းမရဲ့ အချိုပွဲပန်းကန်က ပြတ်လက်နေတာ ဘယ်တုန်းကမှ မရှိတာပဲ....
ဖုန်းကျောက်ဝမ်က ရှေ့ကို
နည်းနည်းကုန်းလိုက်ပြီး သူ့မျက်နှာက ခပ်ရေးရေး မှုန်ကုပ်ကုပ်ဖြစ်နေပြီး
“မင်းက ပျောက်ကွယ်သွားပြီးဖြစ်တဲ့
ချန်နိုင်ငံ ဘုရင်နဲ့ တစ်ချိန်လုံး စားလိုက် အိပ်လိုက် လုပ်နေခဲ့တာလား”
သူ့ရဲ့ဒီအကြောင်းမဲ့ဒေါသကြောင့်
ကျွန်မ ဦးနှောက်ခြောက်သွားတော့တယ်။ သူ့စကားကို သေချာမစဥ်းလိုက်မိဘဲ ကျွန်မလည်း
လွှတ်ခနဲပြောထွက်ခဲ့တယ်။
“ကျွန်တော်မျိုးမနဲ့ လေးစားရတဲ့
မင်းကြီး ၊ မင်းကြီးနဲ့လည်း ဒီလိုပဲ အတူတူစားလိုက် အိပ်လိုက်လုပ်နေတာမဟုတ်ဘူးလား”
မတူတာဆိုလို့ ကျွန်မတို့နှစ်ယောက်ကြားမှာ ဖြစ်သွားတဲ့ အဲဒီကိစ္စက
ကျွန်မရဲ့ရှောင်ဟွမ်ကြားမှာတော့ မဖြစ်ခဲ့ဘူးလေ။ ဒီကိစ္စရဲ့ဘယ်အပိုင်းက
အမျက်ထွက်ဖို့ ဖြစ်သင့်လို့တုန်း။
ကျွန်မ အခုချိန်ထိ
နှစ်ပေါင်းများစွာ ရှောင်ဟွမ်နဲ့ အိပ်လိုက် စားလိုက်နေလာခဲ့တာ တစ်ယောက်ယောက်ဆီက
ဒီကို စကားမျိုး တခွန်းတောင် မကြားခဲ့ဖူးဘူး။
“အတူပဲဟုတ်လား” သူ့နှုတ်ခမ်းကနေ
အေးစက်တဲ့ရယ်သံတစ်ချက် ပွင့်ထွက်လာခဲ့တယ်။ ထိန်းသိမ်းမနေတော့ဘဲ သူက
ကျွန်မရဲ့နားကို ကိုက်လိုက်တော့ ကျွန်မလည်း သနားစရာကောင်းလောက်အောင
စီခနဲအော်လိုက်မိတော့တယ်။
“အ အ အား အား_”
နောက်ဆုံးတော့ သူက ဘာကို
ဒေါသထွက်နေတာတဲ့တုန်း။
ကျွန်မ နားက နာမသွားပေမဲ့
အကိုက်ခံလိုက်ရတဲ့ ခံစားချက်က အရမ်းကို စုတ်ပြတ်နေတုန်းပဲ။
လူဆိုးတစ်ယောက်နဲ့ တွေ့တဲ့အခါ
မင်းမှာ နည်းလမ်းနှစ်ခုရှိတယ်လို့ ပြောကြတယ်။ တစ်ခု အဲဒီလူနဲ့ သူသေကိုယ်သေ
အပြိုင်တိုက်ခိုက်ဖို့။ နောက်တစ်ခုကတော့ ငယ်သံပါအောင် အကျယ်ကြီးအော်ပြီး ပတ်ဝန်းကျင်က
လူတွေရဲ့ အာရုံကို ဆွဲဆောင်ပြီး လူဆိုးကို ကြောက်သွားလုပ်ဖို့တဲ့။ အစကတည်းက
ကျွန်မက ဖုန်းကျောက်ဝမ်လက်ထဲမှာ ရှုံးနှိမ့်ပြီးသားလူဆိုတော့ သူသေကိုယ်သေ
တိုက်ပွဲမှာ ကျွန်မ ရှုံးသွားပြီလို့ မှတ်လို့ရတယ်။ ကျန်နေတဲ့တစ်ခုတည်းသော
ရွေးချယ်မှုက နောက်နည်းလမ်းပဲလေ။
ကျွန်မက
ဂုဏ်ဒြပ်တွေမလိုဘူးဆိုပေမဲ့ ဘုရင်ဖြစ်တဲ့ မင်းကြီးကတော့ အင်မတန်မှ
ဂုဏ်သရေရှိတဲ့လူတစ်ယေက်ဆိုတာကို ယုံတယ်။
သေချာတာပေါ့။ သူ ကိုက်နေတာကို
ရပ်ပြီး ကျွန်မရဲ့ပါးစပ်ကို ချက်ချင်း လှမ်းအုပ်လိုက်တယ်လေ။ ကျွန်မရဲ့မျက်လုံးတွေက
ဝေ့လည်သွားပြီး နန်းတော်ခန်းမရဲ့ အတွင်းကို ပတ်ကြည့်လိုက်တယ်။ ကံက
ကျွန်မဘက်ပါနေတော့ နန်းတော်ခန်းမကို လာဖြည့်နေတဲ့ နန်းတွင်းအစေခံတွေက
အရူးလိုဖြစ်သွားတဲ့အထိ ကြောင်အမ်းအမ်းအမူအရာတွေနဲ့ ဖြစ်သွားကြတော့တယ်။ ရှင်
ကျွန်မကို ထပ်ကိုက်ကြည့်စမ်း ကျွန်က အော်ရဲတယ်နော်ဆိုပြီး ပြောနေတဲ့ဟန်နဲ့ ကျွန်မ
မျက်လုံးတွေကို ပြူးကျယ်နေအောင် ဖွင့်ထားလိုက်တယ်။
မင်းကြီးရဲ့ ဖီးနစ်မျက်လုံးတွေက
ဖျတ်ခနဲလက်သွားခဲ့တယ်။ ဒါက မလုံမလဲခံစားချက်နဲ့ သတ္တိနည်းသွားတဲ့ အသိစိတ်ရဲ့
လက္ခဏာတစ်ခုပဲလို့ ခံစားမိလိုက်တယ်။ ရန်သူက သေးငယ်တဲ့ရှုံးနိမ့်မှုတစ်ခုကို
ပြလိုက်ပြီးလို့ စဥ်းစားကြည့်လိုက်ရုံနဲ့ အခြေအနေက ကျွန်မဘက်မှာရှိနေတော့
ကျွန်မလည်း အခွင့်ကောင်းကို ဖိနင်းပြီး ကျွန်မရဲ့ပါးစပ်ကို အုပ်ထားတဲ့
နဂါးလက်သည်းကို ကိုက်ပစ်လိုက်တော့တယ်။
ကျွန်မဆိုတဲ့သူက နာကျင်မှာကို
မကြောက်တဲ့သူ။ ဒါကြောင့်လည်း အခြေအနေရဲ့ အတိမ်အနက်ကို နားမလည်နိုင်တဲ့သူတစ်ယောက်ပေါ့။
ကိုက်လိုက်တဲ့ ဒီတစ်ချက်က တစက်ကလေးမှ တွေဝေနေတာတွေ မရှိခဲ့တာလေ။ နောက်ဆုံး
နဂါးသွေးရဲ့ အရသာကို ခံစားမိလိုက်တဲ့အချိန်မှာတော့ ဖုန်းကျောက်ဝမ်ရဲ့မျက်နှာက
မမှတ်မိနိုင်လောက်အောင် ရှုံ့မဲ့လို့နေပြီးပြီ။
ဒါပေါ့။ မင်းကြီးက ကျွန်မလို
ညည်းညူသံတွေနဲ့ အော်ဟစ်နေတတ်တဲ့သူမဟုတ်ဘူးလေ။ အဲဒီအစား ကြောက်လို့ ခေါင်းငုံ့နေကြရှာတဲ့
အဲဒီနန်းတွင်းအစေခံတွေကို လက်ယမ်းပြလိုက်တယ်။
“မင်းတို့အားလုံး ထွက်သွားကြတော့”
နောက်ဆုံးမှ
လျှောက်ပြီးထွက်သွားတဲ့ ထျန်းပင်းချင်က မင်းကြီးရဲ့နဂါးလက်သည်းကို အရမ်းကိုစိုးရိမ်တကြီးနဲ့
နည်းနည်းထပ်ကြည့်သွားလိုက်သေးတယ်။ လက်က ကျွန်မရဲ့ပါးစပ်ထဲမှာ ညှပ်နေသေးတာမလို့လေ။
ရှောင်ထျန်းနဲ့ကျွန်မရဲ့ ဆက်ဆံရေးက မဆိုးဘူးလို့ ပြောရတယ်။ ဒီတော့ သူ့မျက်နှာကို
မြင်လိုက်ရတော့ ကျွန်မလည်း ပါးစပ်ကနေ လွယ်လွယ်နဲ့ကတိပေးမိသွားခဲ့တယ်။
“မစိုးရိမ်နဲ့၊ မစိုးရိမ်နဲ့၊ ငါ
မင်းကြီးရဲ့ ဒဏ်ရာကို ဆေးထည့်ပေးလိုက်ပါ့မယ်”
မနေ့ညက သူ ကျွန်မရဲ့ခါးကို
ဆွဲလှည့်လိုက်တုန်းက ခါးက ထောက်ခနဲ ကျိုးတော့မတတ်ပဲ။ အဲဒီကတည်း ဒီတစ်ချက်ကို
ကိုက်ချင်ခဲ့တာ။
ဒီပါးစပ်နဲ့အပြည့်ကိုက်ချက်က
တကယ့်ကို အားရစရာပဲ။ အဟဲ။
လူတစ်ယောက်က ဖုန်းကျောက်ဝမ်ရဲ့မျက်နှာကနေ
ထုတ်လွှတ်နေတဲ့ ချောက်ချားစရာအအေးဓာတ်ကို လျစ်လျူရှုထားခဲ့တာ၊ ဒီတစ်ကြိမ်
ကိုက်ချက်ကတော့ ဝမ်းသာစရာအကောင်းဆုံး အမှတ်တရပဲ။ ကျွန်မရဲ့အမြဲတမ်း အမှတ်ရနေဖို့
ထိုက်တန်တယ်။
သနားဖို့ကောင်းပါတယ်။ မင်းကြီးရဲ့
နဂါးလက်သည်းကို ကိုက်လိုက်တာ ကျွန်မအတွက် ကိုယ့်ဒုက္ခ ကိုယ်ရှာနေတာမှန်း
ကြိုသိခဲ့ရင် ဘာပဲပြောပြော ကျွန်မ သေချာပေါက် ကိုက်မိမှာမဟုတ်ဘူး။
ဖုန်းကျောက်ဝမ်ရဲ့လက်ကို
ပတ်တီးစည်းပေးပြီးသွားမှပဲ ကျွန်မရဲ့အုံးနှောက်က လုံးဝကို ရှင်းလင်းသွားခဲ့တာ။
ပေါက်စီလိုဖြစ်သွားတဲ့အထိ စည်းပေးထားတဲ့ နဂါးလက်သည်းကို မြင်လိုက်ရမှ အခြေအနေရဲ့
ပြင်းထန်မှုကို ပထမဆုံးအကြိမ် ကျွန်မ သတိထားမိသွားခဲ့တယ်။
_ အခုလောလောဆယ် ကျွန်မက
စီရင်ချက်ကို စောင့်ဆိုင်းနေရတဲ့ အဆင့်နိမ့်အကျဥ်းသားတစ်ယောက်ပဲ။
ဒီလိုစော်ကားတဲ့လုပ်ရပ်ကို ကျွန်မ
လုပ်ခဲ့တာ မဟုတ်ဘူး။ ဒါကို ကျွန်မ လုပ်ခဲ့တာမဟုတ်ဘူး။ ဟုတ်တယ်မလား။
ဖုန်းကျောက်ဝမ်က ကျွန်မကို
ပြုံးပြလိုက်ပြီး
“အန်းယိ မင်းက ကိုယ့်ဟာကိုယ်
ဆင်ခြေပေးဖို့ စဥ်းစားနေတာလား”
သံမဏိသွေးနဲ့ မင်းကြီးက
ပြုံးလိုက်ရင် အကျဥ်းသားတစ်ယောက်ရဲ့ ဆံပင်တွေကို ထောင်တက်သွားအောင် လုပ်နိုင်တယ်။
ကျွန်မလည်း ကျွန်မရှေ့ကို
ဆန့်တန်းလာတဲ့ သူ့ခြေထောက်ကို ရူးကြောင်ကြောင်နဲ့ စောင့်ကြည့်နေခဲ့မိတယ်။
သူ့ရဲ့လေးနက်တဲ့ မျက်နှာထား ထက်ရှဲ့ဓားတစ်ချောင်းလိုဖြစ်နေပြီး သဘာဝကျတဲ့
အေးစက်စက် တင်းကြပ်တဲ့ ပြတ်သားမှုတစ်ခု ရှိနေခဲ့တယ်။ တစ်ခွန်းထဲ ပြောရမယ်ဆိုရင်
ခိုင်မာတဲ့ပြစ်မှုတစ်ခု။
“ဆင်ခြေတွေ အကြောင်းပြချက်တွေ
ရှာနေဖို့ မလိုတော့ဘူး၊ မင်း ငါကိုယ်တော်ရဲ့သည်းခံမှုကို စော်ကားခဲ့တာ နန်းတော်ထဲက
နန်းတွင်းအစေခံတွေအားလုံး မြင်တယ်၊ မင်း အချက်ပေါင်းတစ်ထောင် ခုတ်ထစ်ခံရပြီး
သေဖို့သာ စောင့်နေတော့”
အချက်တစ်ထောင်ခုတ်ပြီး သေရမယ်။
သဘောက လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကနေ အသားတစ်လွှာချင်း လှီးရမယ်ပေါ့။
ဟော့ပေါ့မှာသုံးတဲ့ အသားလိုမျိုး ပါးနိုင်သမျှ ပါးပါးလေး။ လူတစ်ယောက် အသက်မထွက်ခင်
အလွှာပေါင်း ၉၉၉လွှာရတဲ့ ပါးအောင်လှီးရမယ်။ ဒါက တကယ့်ကို မြင့်မားတဲ့အရည်အချင်းနဲ့
အမြင့်ဆုံးရက်စက်မှု သေဒဏ်ပေးတဲ့နည်းလမ်းပြ။ ကျွန်မ တစ်ခါတော့
သံသယဖြစ်ခဲ့မိသေးတယ်။ ဒီလိုနည်းလမ်းကို သုံးနိုင်တဲ့သူတွေက
ဓားစွမ်းရည်အထူးကောင်းမွန်တဲ့ တော်ဝင်စားဖိုဆောင်က စားတော်ကဲတေါများ
ဖြစ်နေမလားလို့....။
အဲဒီအခိုက်တန့်လေးမှာ
စဥ်းနှီးတုံးပေါ်က အမဲသားတစ်တုံး၊ ဒါမှမဟုတ် သိုးသားတစ်တုံးလို ကျွန်မ
ခံစားလိုက်ရတယ်....။ သိုးတစ်ကောင်က အသတ်ခံရဖို့ စောင့်နေရတဲ့ ခံစားချက်ကို
ဖုန်းကျောက်ဝမ်က ဘယ်လိုနားလည်နိုင်ပါ့မလဲ။ သူ့ဘဝရဲ့ သက်တမ်းတစ်ဝက်အတွင်း အမြဲတမ်း
ခေါင်းမော့ထားနိုင်ခဲ့ပြီး ဒီလို ဒုက္ခကိုမှ မခံစားခဲ့ဖူးတာ...
ကျွန်မမှာတော့
ကျွန်မရဲ့ပြစ်မားမိတဲ့ဦးခေါင်းကိုပဲ အဆုံးထိ ငုံ့ထားလိုက်ရပြီး ကျွန်မှာ
ဒီလိုထက်တဲ့သွားမျိုးရှိတဲ့အတွက် မဆုံးနိုင်အောင် ရှက်မိနေရတော့တယ်။ မင်းကြီးကို
တစ်ချက်လေး ကိုက်လိုက်မိတာ သွေးထွက်လာသတဲ့လေ...။ ဒါက လေးစားရတဲ့ မင်းကြီးရဲ့
အသားအရေက အရမ်းပါးလွှာလို့မဟုတ်ရပါပဲ ကျွန်မရဲ့သွားတွေကပဲ အရမ်းကို
မာကြောနေလို့ဖြစ်ရတာပါ။ နော်။
လေးစားရပါတဲ့ မင်းကြီးရဲ့အသားအရေက
မြို့တံတိုင်းလို ထူထဲနေမယ်ဆိုရင်တောင် မင်းကြီးအနေနဲ့ အဖေကို တ,ရတဲ့အထိဖြစ်အောင်
အမေကို အော်ခေါ်ရတဲ့ဖြစ်အောင်၊ မင်းကြီးရဲ့အသားအရေ ပျက်စီးပြီး ဒဏ်ရာရသွားတဲ့အထိ
ကျွန်မ ကိုက်နိုင်သေးတယ်။
ခါးခါးသီးသီး မုန်းတီးစွာနဲ့ပဲ
ကျွန်မက သူ့ရှေ့မှာ ဒူးထောက်လိုက်ပြီး နောင်တရသွားတဲ့ပုံနဲ့ ပြောလိုက်ပါတယ်။
“မင်းကြီး၊ လေးစားရပါသောမင်းကြီးက
ဉာဏ်ပညာကြီးမြတ်လှပါတယ်၊ သဘေားထားကြီးမြတ်လှပြီး သဒ္ဒါတရားထက်သန်လှပါတယ်၊
ဒီအပြစ်သားနဲ့ ငြင်းခုံနေမယ့်သူ မဟုတ်ပါဘူး... ဒီအပြစ်သားက အိပ်ရင်းတန်းလန်း ခဏတာ အုံးနှောက်ထွေပြားသွားလို့ပါ...
အမှန်တကယ်ကို အိပ်ရင်း စိတ်ထွေပြားသွားလို့ပါ....”
အကောင်းတိုင်းရှိနေသေးတဲ့
နဂါးလက်သည်းကို သုံးပြီး သူက ကျွန်မရဲ့ခေါင်းကို နှစ်ကြိမ်လောက် သပ်လိုက်တယ်။
ပဟေဠိဆန်ဆန် ခပ်တိုးတိုးရယ်မောလိုက်ပြီး သူက ပြောလိုက်တယ်။
“ငါကိုယ်တော် မင်းရဲ့ဒီခေါင်းကို
ခဏလောက်တော့ ဆက်ပြီး ချန်ထားပေးလိုက်မယ်။
သူကအသံကို မြင့်လိုက်ပြီး
အပြင်ဘက်ကို အော်ပြောလိုက်တော့တယ်။
“အစားအသောက်တွေ ယူလာခဲ့”
ကျွန်မမှာ အခုမှ
သက်ပြင်းချနိုင်သွားတော့တယ်။
မင်းကြီးက ခြေနှစ်လှမ်းထဲနဲ့
စားပွဲကို ရောက်သွားပြီး ဖြေးဖြေးချင်းထိုင်ချလိုက်တာကို ကျွန်မကတော့ မတတ်သာဘဲ
ကြည့်သာနေရတယ်။ တစ်ချိန်လုံး ကျွန်မမှာ ဒူးဆက်ထောက်နေဖို့ပဲ တတ်နိုင်ခဲ့တယ်။
စားပွဲပေါ်ကို လည်ပင်းဆန့်ပြီးကြည့်လိုက်တော့ တိုးဝင်လာတဲ့ အသားနံ့က
သွားရေစီးကျလာအောင် ထိုးဆွနေတော့တယ်__ ထင်မထားဘူး။ စားပွဲပေါ်မှာ
ဝက်သားနီးကင်ချက်ရှိနေတာပဲ။
သူ့လက်နဲ့ ဟိုရွယ်ဒီရွယ်လုပ်ရင်း
သူက ကျွန်မကို အေးစက်စက်အကြည့်တစ်ချက် လှမ်းပစ်လိုက်တယ်။
“အခုထိ မြန်မြန်မလာသေးဘူးလား”
ကျွန်မလည်း မဟာခွင့်လွှတ်မှုကို
ရသွားတာနဲ့ လေလိုပဲ မြန်မြန်ဆန်ဆန် ထရပ်လိုက်ပြီး ထမင်းစား စားပွဲဆီကို
ပစ်ဝင်လိုက်တော့တယ်။ ငွေတူကို မကိုင်ရသေးခင်မှာပဲ ကျွန်မကိုက်တာခံထားရဲ့
သူ့ညာဖက်လက်ကို ဆန့်လိုက်ပြီး အသာအယာ ချောင်းဟန့်ပြတော့တယ်။
သူ့နောက်မှာ ရပ်နေတဲ့
နန်းတွင်းအစေခံမလေးက အလိုက်တသိ ရှေ့တက်လာပြီး သူ့အတွက် အစားအသောက်ကို ယူပေးဖို့
ကိုယ်ကိုညွှတ်လိုက်တယ်။ သူမက ငွေတူကို ကိုင်ဖို့ ပြင်လိုက်ပေမဲ့
ကြောက်စရာကောင်းလွန်းတဲ့ သူ့စကားတစ်ခွန်းက သူမကို ငိုသွားတော့မတတ်
လန့်ဖြတ်သွားစေခဲ့တယ်။
“ထွက်သွားစမ်း၊ ဘယ်သူက မင်းကို
လုပ်ခိုင်းလို့လဲ”
ထျန်းပင်းချင်က ကျွန်မကို
ကိုယ့်ဟာကိုယ် ကံကောင်းဖို့ ဆုတောင်းပေတော့ဆိုတဲ့ မျက်နှာထားနဲ့ ကြည့်လိုက်ပြီး
နန်းတွင်းအစေခံတစ်အုပ်နဲ့အတူတူ တိတ်တိတ်လေး ပြန်ထွက်သွားခဲ့တယ်။
ဒီသောက်ကျိုးနဲမိန်းမစိုးဆိုတဲ့ဟာက
တကယ်ပဲ ထွက်ပြေးသွားရဲသတဲ့။
ဖုန်းကျောက်ဝမ်က ဘာမှမဖြစ်သလိုနဲ့
ပြောလိုက်တယ်။
“ငါကိုယ်တော် ဗိုက်ဆာနေပြီ__”
လေးစားရတဲ့အရှင်မင်းကြီးက
ဗိုက်ဆာတယ်ဆိုလည်း ကျေးဇူးပြုပြီး စားတော့လေနော်။ ကျွန်မမှာ အဲလိုအကျယ်ကြီး
အော်လိုက်ချင်ပေမဲ့ သူရဲ့ဝှစ်ခနဲအေးစက်စက်အကြည့်နဲ့ ဆုံသွားတော့ ကျွန်မလည်း
တခြားရွေးစရာမရှိတော့ဘဲ မျက်နှာချိုသွေးပြီး အတင်းပြုံးပြလိုက်ရတော့တယ်။
ကိုယ်ကိုညွှတ်လိုက်ပြီး တူကောက်ကိုင်ရင်း သူ့ကို အစားအသောက်
ခွံ့ကျွေးလိုက်ရတော့တယ်။
အဲဒီလူက ထိုင်နေပြီး ကျွန်မက
ရပ်နေရတာလေ။ အဲဒီလူက စားသောက်နေတော့ ကျွန်မက ရပ်ကြည့်နေရတာပေါ့....။
ကျွန်မရဲ့လက်ရှိအခြေအနေထက် ပိုပြီးသနားစရာကောင်းတယ်လို့ စဥ်းစားလို့ရမယ့်
တစ်ယောက်ယောက်များ ရှိနိုင်ပါ့မလား။
ကျွန်မရဲ့အတွေးတွေကို
မောင်းထုတ်လိုက်ပြီး ကျွန်မရဲ့စူးရှလှတဲ့အကြည့်က ဖုန်းကျောက်ဝမ်ဆီမှာ
ရပ်တံ့သွားခဲ့တယ်။
တကယ်တော့ ချီနိုင်ငံရဲ့
ယောက်ျားသားတွေအားလုံးက အရပ်မြင့်ပြီး ချောမောကြတယ်။ ကျွန်မရှေ့က လူကတော့
အထူးတလည်ကို ပိုပြီးချောမောနေတာပေါ့။ ပခုံးကျယ်ကျယ်၊ ခြေတံရှည်ရှည်၊
ခါးသိမ်သိမ်တွေနဲ့ ဒီအတိုင်း အေးအေးဆေးဆေး ထိုင်နေရင်တောင် တဖက်လူကို
ကြောက်ရွံ့တုန်လှုပ်စေနိုင်တဲ့ အိန္ဒြေတစ်ခုရှိပြီး ကျွန်မက ခွေးခြေခုံပေါ်
တက်ရပ်လိုက်တာလောက်နဲ့ညီတဲ့ အရပ်အမြင့်လည်းရှိတယ်။ သူ့မျက်နှာသွင်ပြင်က လေးနက်ပြီး
တောက်ပတဲ့မျက်လုံးတွေရှိတယ်။ သူ ကျွန်မကို ကြည့်နေတုန်းက သူ့မျက်နှာထားကို
လျစ်လျူရှုထားမိရင် သူက ကျွန်မကို စဥ်းနှီတုံးပေါ်က အသားတုံးတစ်တုံးလို ကြည့်နေလိမ့်မယ်။
နောက်ပြီး သူ့ထမင်းစားတဲ့အချိန် အပြုအမူတွေကလည်း ယဥ်ကျေးလိုက်တာဆိုတာ။
သူ့ရဲ့ထူးချွန်ထက်မြက်လှတဲ့ အရည်အချင်းတွေနဲ့ ပေါင်းလိုက်ရင် သူ့ကို
ပြီးပြည့်စုံတဲ့သူလို့ သတ်မှတ်လို့ရတယ်။
ဒီအချိန်မှာ ဖုန်းကျောက်ဝမ်က
ချေးမများနေတော့ဘူး။ သူ့ပါးစပ်ထဲကို ကျွန်မထည့်ပေးလိုက်တာကိုပဲ နာနာခံခံနဲ့
စားလိုက်တော့တယ်။ သူက ၇ပုံ ၈ပုံလောက် ဗိုက်ပြည့်သွားတာကို တွေ့လိုက်ရတော့ ကျွန်မက
ဝက်သားနီတုံးတစ်တုံးကို လှမ်းယူမယ်ပြင်လိုက်တဲ့အချိန်မှာ ထျန်းပင်းချင်ရဲ့
နားကွဲမတတ် စူးရှတဲ့အသံက ထွက်လာခဲ့တယ်။
“မင်းကြီး ယွီဖင်က
တွေ့ခွင့်တောင်းနေပါတယ်”
ဒီသောက်ကျိုးနဲ မိန်းမစိုးကတော့
အမြဲတမ်း အပြင်ကနေ ခေါင်းလေးပြူထွက်ပြီး နန်းတော်ခန်းမရဲ့တံခါးကနေ အထဲကို
ကြည့်နေတော့တာပဲ။ သူ့မှာ မကောင်းတဲ့ရည်ရွယ်ချက်တွေ ရှိနေတာသိသားပဲ။
ဖုန်းကျောက်ဝမ်က သူမကို
တွေ့မယ်လို့မပြောလိုက်သလို မတွေ့ချင်ဘူးလို့လည်း မပြောလိုက်ဘူး။ သူ့ဖီးနစ်မျက်လုံးတွေက
ကျွန်မအပေါ်မှာ အသာအယာ လွှင့်မြောသွားခဲ့တယ်။
“အန်းယိ မင်း ဒီမနက်တုန်းက
မက်မွန်တောထဲမှာ ယွီဖင်နဲ့ အခြေအတင်စကားများခဲ့တယ်ဆို”
အွန်း။ ယွီဖင်ဆိုတာလေ သူ
ငယ်ငယ်ကတည်းက ကြီးလာတဲ့အထိ အမြဲတမ်း သိမ်မွေ့ပြီး သဘောကျစရာကောင်းလေတော့
သူနဲ့ကျွန်မ အချင်းများကြတဲ့အကြိမ်တိုင်း အပြစ်ပေးခံရတဲ့သူက အမြဲတမ်းကျွန်မ
ဖြစ်ခဲ့တာပေါ့။ တကယ်တော့ ဒီလောက်အချိန်တွေ ကြာသွားတာတောင်မှ ကျွန်မက
အတွေ့အကြုံတွေကနေ အခုထိ မသင်ယူတတ်ခဲ့သေးတာပဲ။ ကျွန်မက ကျွန်မရဲ့လည်ပင်းကို
ကာလိုက်ပြီး သူ့မေးခွန်းကို ပြန်ဖြေလိုက်တယ်။
“မင်းကြီး အရှင်က အရှင့်ရဲ့အလှလေးကို
ကာကွယ်ပေးချင်နေတာလား” ပြောပြီးသွားတာနဲ့ချက်ချင်းပဲ ကျွန်မ နောင်တရသွားတော့တယ်။
ဖုန်းကျောက်ဝမ်က
နန်းတွင်းအစေခံမလေးတစ်ယောက် ယူလာပေးခဲ့တဲ့ လက်ဖက်ရည်ကို တငုံအပြည့်မြိုချလိုက်ပြီး
သူ့ရဲ့ရှည်လျားတဲ့ မျက်ခုံးတွေက သိသိသာသာ ခေါက်ကြောင်းတစ်ခုအသွင် တွန့်ချိုးသွားခဲ့တယ်။
ကျွန်မ ကိုယ့်ဟာကို ပြန်စဥ်းစားလိုက်တယ် - သွားပြီ၊ ငါတော့ သွားပါပြီ၊
သူ့ရဲ့လူသတ်ချင်တဲ့ စိတ်ကို သွားဆွမိပြီ... သေတော့မှာပဲ။ ဒီတော့ အနည်းဆုံး
ဝက်သားနီချက်နောက်တစ်တုံးလောက် စားလိုက်တာက အကောင်းဆုံးပဲ။
ကျွန်မက ပါးစပ်ထဲကို
အသားတစ်တုံးအထည့်မှ သူက ဘာမှမဖြစ်သလိုနဲ့ ထပ်ပြောလိုက်တယ်။
“မင်းနဲ့ ယွီဖင်နဲ့ တစ်ခါက
အသိတွေပဲ၊ ယွီဖင်ရဲ့အကျင့်က ဘယ်လိုရှိလဲ”
အရှင်က သူနဲ့ ခေါင်းအုံးတစ်လုံးထဲ
အတူတူအိပ်တဲ့သူလေ။ သူ့အကျင့်ဘယ်လိုရှိတာ မသိဘူးလို့တော့ မပြောဘူးမလား။
စကားလုံးတွေက ပါးစပ်ဖျားလေးတင်အရောက်
အတင်း ပြန်မြိုသိပ်ထားလိုက်ရတယ်။ ဟဲဟဲ လို့ရယ်ပြလိုက်ပြီး ကျွန်မ
ပြန်ဖြေလိုက်ပါတယ်။
“အရှင့်မျက်လုံးထဲကို
ဝင်ရောက်လာနိုင်တဲ့ မိန်းမလှလေးတွေ၊ မင်းကြီးရဲ့နန်းတော်ထဲကို ဝင်ရောက်ဖို့
ရွေးချယ်ခံရအောင် လုပ်နိုင်တဲ့မိန်းမလှလေးတွေ၊ အားလုံးက ယှဥ်ပြိုင်နိုင်စွမ်း၊
အရည်အချင်းနဲ့ လေးစားအားကျဖွယ်ရာထက် သာလွန်ပြီး သေချာပေါက် တောက်ပနေမှာအမှန်ပဲလေ”
နည်းနည်းလောက်ထပ်စဥ်းစားပြီး ကျွန်မက မြောက်ပင့်တဲ့စကားတစ်ခွန်း
ထပ်ပြောလိုက်သေးတယ်။
“အဲဒီ ယွီဖင်က မင်းကြီးကို
စောင့်စားနိုင်တယ်ဆိုတာ တကယ့်ကိုပဲ ကံကောင်းခြင်းတစ်မျိုးပဲပေါ့ နော်!”
အဲဒီအပြင်ကို သူက
လေးစားအတူယူဖွယ်မင်းကြီး အရှင့်ကို ဧရာမသိက္ခာတော်ကြီးကျဆင်းအောင်
အရှက်ခွဲနိုင်တယ်လေ။ ဒီအပြစ်သားကတော့ ဖြစ်လာမယ့်အရာကို အမှန်တကယ်ပဲ ဝမ်းသာအားရနဲ့
မျှော်လင့်နေပါပြီနော်။
သူက ကျွန်မကို စိတ်ဝင်စားတဲ့အကြည့်နဲ့
ကြည့်လိုက်ပြီး
“မင်းက မင်းကိုယ်မင်း
ကြွားပြနေတာလား၊ မင်းမှာ အနှိုင်းမဲ့အရည်အချင်းနဲ့ လေးစားဖို့ထက်ကောင်းတဲ့
တောက်ပမှုမျိုး ရှိတယ်ပေါ့ ဟုတ်လား”
ကျွန်မရဲ့မျက်နှာက နီရဲသွားပြီး
သူ့ကို တအံ့တဩ ဆွံ့အပြီး စိုက်ကြည့်နေမိလိုက်တယ်.... ဘုရင်တစ်ပါးဖြစ်ပြီး အရှင်က
တကယ့်ပဲ ဒီလောက်တောင်
မျက်နှာပြောင်နိုင်တာကိုး။
နောက်ဆုံးတော့
ကျွန်မရဲ့မကျေနပ်ချက်နဲ့ နာကြည်းမှုတွေကို ဖုံးကွယ်ထားရတာ အရမ်းကို
ခက်ခဲလွန်းတာကြောင့် ဒေါသတကြီးနဲ့ အော်ဟစ်ပစ်လိုက်တော့တယ်။
“အရှင်မင်းကြီး၊
အရှင့်ရဲ့မှတ်ဉာဏ်တွေက ပျောက်ကုန်ပြီလား၊ ဒီအပြစ်သားက အဖမ်းခံလိုက်ရပြီး
မင်းကြီးရဲ့နန်းတော်ထဲကို ဖိးအားနဲ့ ဝင်ခဲ့ရတာပါ” ဒါက သန့်သန့်ရှင်းရှင်းနဲ့
ရေချိုးသန့်စင်ပြီး သူတို့ကိုယ်တိုင် အလိုရှိရှိနဲ့ အရှင့်တံခါးဆီ ရောက်လာကြတဲ့
မိန်းမလှလေးတွေနဲ့ ပင်ကိုအားဖြင့် ကွာခြားလှတဲ့ကိစ္စ။
“မင်းရဲ့ ဒီလေသံကို နားထောင်ရတာ
ဒီဘုရင်ရဲ့အရာရှိတွေက လူမှားပြီး ဖမ်းခဲ့ကြတာလို့ မင်းက ဝေဖန်နေတာလား၊ သူတို့တွေက
မင်းကို မဖမ်းခဲ့သင့်ဘူးပေါ့လေ”
. . ....
ကျွန်မက မင်းကြီးရဲ့မှတ်ချက်ကို
ငြင်းဆန်ပြီး ကျွန်မကို ဖမ်းခဲ့တဲ့ ကြီးမားတဲ့အမှားကို ကျူးလွန်ခဲ့တဲ့ ရန်ဖင်ကို
ကျေကျေနပ်နပ်ကြီး ဝေဖန်နေတဲ့အတိုင်းပေါ့လေ။ ဟုတ်လား။
သူက ကျွန်မကို ကြည့်လိုက်ပြီး
ဘာမှဂရုမစိုက်သလို ပြုံးလိုက်တယ်။ ဗိုက်ပြည့်အောင် စားပြီးသွားလို့
သူ့စိတ်အခြေအနေက တော်တော်လေး ကောင်းမွန်နေတဲ့ပုံပဲ။
“ကောင်းတာပါပဲ၊ မင်းက
သန့်သန့်ရှင်းရှင်း ဆေးကြောပြီးရင် မင်းကြီးရဲ့နန်းဆောင်ကို
ကိုယ်တိုင်အရောက်လာလိုက်ပေါ့ ဟုတ်ပြီလား”
ကျွန်မလေ အရှင်မင်းကြီးရဲ့
ချောမောလှတဲ့မျက်နှာတော်ကို လက်သီးတစ်ချက်လောက် ထိုးပစ်ချင်ခဲ့တာ။ တကယ် တကယ်။
သူ့မျက်လုံးကို ညိုမဲသွားစေမယ့် လက်သီးတစ်ချက်လောက်လေ။
_ သူ့ရဲ့ဒီပါးစပ်က အရမ်းကိုပဲ
မုန်းဖို့ကောင်းလိုက်တာ။
သမိုင်းပညာရှင်တွေက
သူတို့ရဲ့စုတ်တံကို ဓားတစ်ချောင်းလို ဝေ့ယမ်းနိုင်တယ်လို့ ပြောကြပေမဲ့
ဖုန်းကျောက်ဝမ်ရဲ့ဒီပါးစပ်ကတော့ ဓားတစ်ချောင်းထက်တောင် ပိုအစွမ်းထက်သေးတယ်။
ဝက်သားနီချက်ကို မခွဲခွာနိုင်ဖြစ်နေတဲ့ ကျွန်မကို ပြတ်သားသွားစေပြီး
မျက်ရည်တွေရွှဲလို့ နန်းတော်ထဲက မထွက်ခွာနိုင်ခဲ့တာကိုပဲ သေလောက်အောင်
မုန်းမိတော့တယ်။
တကယ်လို့ ကျွန်မက အဲလိုလုပ်ချင်တယ်ဆိုရင် သူက အရင်ဆုံး နန်းတော်တံခါးကို ဖွင့်ပြီး ကျွန်မရဲ့ပြစ်မှုကို ခွင့်လွှတ်ပေးအုံးမှလေ။
🍂🍂🍂
နောက်သို့
No comments:
Post a Comment