လွန်ခဲ့တဲ့နှစ်နှစ်။
ကြည်လင်နေတဲ့ကောင်းကင်ယံမှာ ခရီးသည်တင်လေယာဥ်တစ်စင်း ညက်ညက်ညောညော ပျံသန်းနေပြီး အပြင်ရောင်ကောင်းကင်ထဲမှာ အဖြူရောင် မီးခိုးတန်းတစ်ခုကိုက နောက်တွင်ကျန်ရစ်လျက်။
အပြင်ဘက်က နေရောင်ခြည်မှာ ပူပြင်းတာကြောင့် ရန်လျန် လိုက်ကာကို ဆွဲချလိုက်ပြီး အစားအသောက်တင်သည့် စားပွဲပေါ်မှဖိုင်ကို ဆက်လုပ်နေလိုက်သည်။။
နေ့လည်စာစားချိန်ဖြစ်ပြီး လေယာဥ်မယ်များသည် ဧည့်သည်များထံသို့ အစားအစာလှည်းလေး တွန်းလာသည်။
အစားအသောက်လှည်းသည် သူမဘေးသို့ရောက်လာပြီး လေယာဥ်မယ်လေးက ကိုယ်ကိုညွှတ်ကာ စားပွဲပေါ်တွင် ဓားနှင့် ခရင်းကို ချလိုက်သော်လည်း စားပွဲပေါ်တွင် ဖိုင်များနှင့် ပြည့်နေသည်ကိုမြင်လိုက်ပြီး ရပ်ကာ ခပ်တွေတွေဖြစ်သွားသည်။
ရန်လျန်သည် ဘောပင်ကို ချလိုက်ပြီး လေယာဥ်မယ်ကို မော့ကြည့်လိုက်ပြီး
“ ကျွန်မကို ကော်ဖီတစ်ခွက်ပဲပေးပါ၊ ကျေးဇူးတင်ပါတယ်”
လေယာဥ်မယ်သည် အပြုံးတစ်ခုဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ကော်ဖီထည့်လိုက်ကာ သူမကို လှမ်းပေးလိုက်သည်။
ရန်လျန်သည် ကော်ဖီခွက်ကို လှမ်းယူဖို့ကြိုးစားလိုက်စဥ် လေယာဥ်သည် ရုတ်တရက် လေအိတ်တစ်ခုကို သွားရိုက်မိသွားသည်။
ရန်လျန်သည် အယိုင်ယိုင်အလဲလဲ ဖြစ်နေစဥ်မှာပဲ သူမ၏ဖိုင်များကို လက်ဆန့်ကာ မြန်မြန်ကာထားလိုက်၏။ သူမသည် တုံ့ပြန်မှုမြန်ဆန်သည့်အတွေးက သူမ၏ဖိုင်များကို အန္တရာယ်ကင်းသွားစေသော်လည်း သူမ၏စကတ်တွင် ကော်ဖီများ စွန်းထင်းသွားတော့သည်။
“ တောင်းပန်ပါတယ်ရှင်၊ တောင်းပန်ပါတယ်”
လေယာဥ်မယ်က သူမကို တစ်ရှူးမြန်မြန် ကမ်းပေးလိုက်သည်။ သည်အချိန်မှာပင် လေယာဥ်မှူးက အသိပေးချက်ကို ကြေညာလိုက်လေသည်။
“ လေလှိုင်းတစ်ခုကို ဖြတ်သန်းရမှာဖြစ်သည့်အတွင် ခရီးသည်များခင်ဗျာ ထိုင်ခုံခါးပတ်ကို ပတ်ထားပေးဖို့ တောင်းဆိုပါတယ်”
ရန်လျန်သည် ဖိုင်ပေါ်က ကော်ဖီစွန်းများကို မြန်မြန်သုတ်ပစ်လိုက်သည်။ သူမ၏ဖိုင်အချို့သည် လျှောက်လမ်းပေါ်သို့ ကျသွားသည်ကိုမြင်လိုက်ပြီး ရန်လျန်သည် ကော်ဖီခွက်ကို စားပွဲပေါ်တင်ကာ ထိုင်ခုံခါးပတ်ကို ဖြုတ်လိုက်ပြီး ဖိုင်များကို ကောက်ရန် မတ်တပ်ရပ်လိုက်သည်။ သူမသည် ဖိုင်ကို ကုန်းကောက်လိုက်သည်နှင့်တပြိုင်နက် လက်တစ်ဖက်က သူမထံ ဖိုင်များကို ကမ်းလာ၏။ ထိုလက်သည် သူမနောက်တွင်ထိုင်သည် ခရီးသည်၏လက်ဖြစ်လေသည်။
ရန်လျန်သည် ရှပ်အင်္ကျီလက်ကို ခေါက်တင်ထားသည့်အောက်က လက်ကောက်ဝတ်မှာ တံတောင်ဆစ်အပိုင်းကို အရင်မြင်လိုက်၏။ ကျစ်လစ်သည့်လက်တစ်ခု၊ လက်ကောက်ဝတ်ပေါ်တွင် နာရီတစ်လုံး၊ လက်ချောင်းများသည် သေးသွယ်၏။ သူမသည် ဖိုင်ကို လှမ်းယူကာ ကျေးဇူးတင်စကားဆိုလိုက်သော်လည်း သူမ၏မျက်လုံးကို ပင့်လိုက်ချိန်၌ အလန့်တကြားဖြစ်သွားတော့သည်။
သူမ၏မျက်လုံးများသည် ထိုယောက်ျား၏လက်မှတစ်ဆင့် မျက်နှာကို ကြည့်ရန် ရွေ့သွားပြီးနောက်တွင်တော့ သူသည် သူမ၏ဖိုင်အား ဖတ်နေသည်ကို သေသေချာချာ မြင်လိုက်ရတော့သည်။
သူသည် ထိုင်နေပြီး ရန်လျန်က ရပ်နေကာ သူမ၏အပေါ်စီးမှမြင်ကွင်းသည် သည်လူ၏မျက်နှာတစ်ခုလုံးကို မမြင်ရသော်လည်း သူသည် စူးရဲကာ ထူခြားသည့် မျက်လုံးအစုံဖြင့် သူမ၏ဖိုင်အား စိုက်ကြည့်နေသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရလေသည်။ ရှင်းပြလို့မတတ်အောင် အလွန်အေးစက်သလို ခံစားလိုက်ရပြီး ချောင်းချောက်ဆိုးကာ သူမ၏လက်ကို ဝေ့ယမ်းပြရင်း ဖိုင်များကို ပြန်ပေးရန် အချက်ပေးလိုက်ပြီးနောက် ရန်ထောင်သည့်လေသံဖြင့် သူ့ကိုအား တမင် သတိပေးလိုက်လေသည်။
“ကျေးဇူး”
ထိုယောက်ျားက မော့ကြည့်လာ၏။
စူးရဲသည်ထက်ပိုကာ သူ့မျက်လုံးများသည် .... လင်းယုန်ငှက်တစ်ကောင်ကဲ့သို့ လွှမ်းမိုးနိုင်စွမ်းရှိလေသည်။
ဒါသည် ရန်လျန်၏မျက်လုံးများက သူ့မျက်လုံးများနှင့် ဆုံမိသွားချိန်၌ တစ်ခုတည်းသောခံစားချက်ပင်။ သို့သော် ထိုစူးရဲသည့်မျက်လုံးများသည် နူးညံ့သွားကာ ပြုံးလိုက်ပြီး ဖိုင်ကို ပြန်ပေးလာခဲ့သည်။
ရန်လျန်သည် သူမ၏နေရာသို့ မြန်မြန်ပြန်လာပြီး ဖိုင်ကို ပြန်ထားလိုက်၏။ သိချင်စိတ်ကြောင့်မနေနိုင်တော့ဘဲ တစ်ဖန်လှည့်ကြည့်မိလေသည်။ သည်အချိန်တွင်တော့ နောက်က ခရီးသည်သည် အစားစားနေ၏။ သူသည် သာမန် သူစိမ်းလူချောတစ်ယောက်နှင့် တူနေသည်။ သူမအထင်မှားသွားတာပဲလား။ ရန်လျန်သည် ခေါင်းခါလိုက်၏။
***
သုံးနာရီကြာပြီးနောက် လေယာဥ်ဆင်းသက်လာပြီး ပင်လယ်ကိုကျော်ဖြတ်လာသည့်ခရီးစဥ် ပြီးဆုံးသွားတော့သည်။
ရန်လျန်သည် ပစ္စည်းထုတ်ရန် လျှောက်လာလိုက်သည်။ အနီရောင်နှုတ်ခမ်း၊ မျက်နှာတည်တည်၊ ဒေါက်ဖိနပ်က ကြွေပြားကိုရိုက်မိသည့် တစ်ဒေါက်ဒေါက်မည်သံဖြင့် စတိုင်ကျလှပသည့် အဝတ်အစားဆိုသော်လည်း ကောဖီစွန်းရာများက သူမကို အနည်းငယ် အရှက်ရစေလေသည်။
ရန်လျန်သည် သူမ၏ပစ္စည်းကိုစောင့်နေရင်း သန့်စင်ခန်း တွင် အဝတ်အစားလဲဖို့ရည်ရွယ်ထားသော်လည်း ဝတ်စုံပြည့်ဝတ်ထားသည့် လူရည်မွန်တစ်ယောက်က သူမကို တားလိုက်လေသည်။
“ဟယ်လို”
သူမသည် အလျင်မလိုချေ။
ထိုလူသည် သူမ၏မျက်နှာကို စုံစမ်းသလိုကြည့်လိုက်ပြီး သူသယ်လာသည့်အိတ်ထဲမှာ မျက်မှန်တစ်လက်ကို ထုတ်လိုက်ပြီး
“ ဒါ မင်းရဲ့ဟာမလား”
ရန်လျန် အံ့ဩသွားသည်။
သူမသည် မျက်မှန်ကို သေချာကြည့်လိုက်ရာ သူမဟာ အမှန်ပင်။
“ လေယာဥ်ပေါ်မှာ တွေ့ခဲ့တာ”
ရန်လျန်၏မျက်မှန်သည် ပါအများကြီးမဟုတ်ပေ။ သူမသည် အလုပ်လုပ်ချိန်မှသာ တပ်တတ်သည်။ နေ့လည်စာပြီးနောက် သူမသည် ဖိုင်များကို မကြည့်ဖြစ်တော့ရာ မျက်မှန်ပျောက်သွားသည်ကိုပင် မသိလိုက်ပေ။
ရန်လျန်သည် ပြုံးလိုက်ပြီး မျက်မှန်ကို ချက်ချင်းလှမ်းယူလိုက်၏။ မျက်မှန်နှင့်အတူ လိပ်စာကတ်တစ်ခု ပါလာသည်ကို သတိထားမိလိုက်လေသည်။
“ အံ့ဩစရာတော့မရှိပါဘူး၊ ကျွန်တော်တို့ မကြာခင်ထပ်တွေ့ကြအုံးမှာပါ”
ရန်လျန်သည် ချက်ချင်းထွက်သွားချင်ခဲ့လေသည်။ သူမသည် သည်သူစိမ်းယောကျ်ား၏ ထူးဆန်းသည့်မှတ်ချက်ကို အာရုံမစိုက်လိုက်တော့ချေ။ သူမသည် ကတ်ကိုယူလိုက်ပြီး ဘေးကိုတစ်ချက်ကြည့်လိုကာ အသာအယာ ခေါင်းညိတ် နှုတ်ဆက်လိုက်ပြီး အထစ်ထစ် အငေါ့အငေါ့နှင့် ရပ်နေသည့်ထိုယောက်ျားဆီက အလျင်စလို ထွက်လာခဲ့လိုက်တော့သည်။
သူမသည် အပြည်ပြည်ဆိုင်ရာဆိုက်ရောက်ဌာန တံခါးမှ ထွက်လာပြီးနောက် လမ်းတွင်ရှိသည့် အမှိုက်ပုံးထဲသို့ လိပ်စာကတ်ကို ပစ်ထည့်လိုက်လေသည်။
လိပ်စာကတ်ကို ပစ်လိုက်သည်နှင့်တပြိုင်နက် သူမ၏နားထဲတွင် ရင်းနှီးပြီးသားအသံတစ်ခုကို ကြားလိုက်ရ၏။
“ရန်လျန်”
ရန်လျန်ရပ်လိုက်သည်။
အသံလာရာကို ကြည့်လိုက်ရာ တံခါးကို တွန်းဖွင့်လိုက်သည်ကို မြင်လိုက်ရလေတော့သည်။
......
သူသည် ဆံပင်တိုတိုညှပ်ထားပြီး ကျွမ်းကျင်သည့်အပြုံးတစ်ခုဖြင့် သူမအားလက်ယမ်းပြလိုက်သည်။ နောက်ဆုံးတွင် သူမ၏မျက်နှာပေါ်၍ ခံစားချက်အရိပ်အယောင်တစ်ခု ပေါ်လာပြီး
“ အရမ်းဂုဏ်ယူတာပဲ၊ နင့်မန်နေဂျာအလုပ်ကို စိတ်ကုန်နေလို့ ငါ့ကို ကိုယ်တိုင်လာကြိုတာလား”
သူသည် ရန်လျန်၏ခနဲ့တဲ့စကားကို အကူအညီမဲ့သလို ပြုံးပြလိုက်၏။
“ တစ်နှစ်တောင်ကုန်သွားပြီ နင့်စကားတွေက ပိုပိုပြီး လျှာစောင်းထက်လာတယ်နော်....”
“ တစ်နှစ်တောင်ကုန်သွားပြီ နင်ကလည်း ပိုပိုချောလာတုန်းပဲနော်”
ရန်လျန် ပြန်ဖြေလိုက်၏။
နေသာသာရာသီဥတုလို တောက်ပသည့် မျက်လုံးများနှင့် ထိုယောက်ျား၏အပြုံးသည် နေမင်းထက်ပင် နွေးထွေးလေသည်။ ရန်လျန်သည် သူမနှလုံးသားထဲက မကောင်းသည့်စိတ်ကို ဖယ်ထုတ်ရန် အဝေးသို့ ကြည့်လိုက်ပြီး
“ ကျိုးရှု ကဘာဖြစ်လို့လဲ၊ ခါတိုင်းဆို သူငါ့ကို လာကြိုနေကျပါ”
“ ငါ့အဖေက ရွှီဇီချင်းရဲ့အမေကို နင့်အဖေကိုသွားတွေ့ဖို့ ဆေးရုံလိုက်ပို့ပေးနေရလို့လေ ပြီးတော့ ဒီနေ့ ငါ ခွင့်ယူထားတယ်၊ ဒါကြောင့် ဒီနေ့အတွက် ငါ့အဖေကိုယ်စား နင့်ရဲ့ဒရိုင်ဘာဖြစ်ပေးဖို့ ဆုံးဖြတ်လိုက်တာ”
သူမ၏ခရီးဆောင်အိတ်ကို ယူလိုက်ပြီး ကားရပ်ထားသည့်နေရာသို့ လျှောက်သွားလိုက်လေသည်။
ကားပါကင်နှင့် သိပ်မဝေးသည့်နေရာတွင် ဇိမ်ခံကားတစ်စီးသည် တိတ်တဆိတ်ရပ်သွား၏။ ပြင်တင်းပေါက်မှန်နှင့် နောက်ခန်းတွင်ထိုင်နေသည့် ယောက်ျား၏မျက်လုံးများသည် မှင်ရည်ကဲ့သို့ မဲနက်နေသည်။
သူသည် ပျင်းရိလေးတွဲ့သည့် အကြည့်ဆိုသော်လည်း သားကောင်ကိုလိုက်နေသည့် လင်းယုန်ငှက်တစ်ကောင်၏ မျက်လုံးများဖြင့် ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်ပြီး လက်တစ်ဖက်က ပြတင်းပေါက်ဘောင်ကို တင်ကာမေးထောက်ထားပြီး သူ့မျက်နှာမှာ အေးစက်နေလေသည်။
ရန်လျန်နှင့် ခုနကတွေ့ခဲ့သည့်ယောက်ျားသည် ကား၏တစ်ဖက်ခြမ်းသို့ ကပ်သွားပြီး တံခါးဖွင့်ကာ ကားထဲတွင် ဝင်ထိုင်လိုက်လေသည်။ သူသည် နောက်ခန်းက ယောက်ျားကို ပြောလိုက်၏။
“ မစ္စတာကျန်း ကျွန်တော် မင်းအတွက် တစ်ခုခု ယူလာတယ်”
မစ္စတာကျန်းသည် တိတ်တဆိတ် ခေါင်းညိတ်ပြလိုက်ပြီး ပြတင်းပေါက်အပြင်ဘက်က ရန်လျန်နှင့် သူ့အဖော် ကားထဲဝင်သွားသည်ကို ငေးကြည့်လိုက်ပြီးနောက် ဒရိုင်ဘာကို ညင်ညင်သာသာ အမိန့်ပေးလိုက်လေသည်။
“မောင်းတော့”
***
ကျိူးချန်သည် ကားစက်နှိုးလိုက်ပြီးနောက် သူမကို မေးလိုက်၏။
“ ငါနင့်ကိုပို့လိုက်တဲ့ ကုမ္ပဏီလည်ပတ်ပုံအချက်အလက်တွေ ဘယ်လိုရှိလဲ”
“ ငါ လေယာဥ်ပေါ်မှာ ဖတ်ခဲ့တယ် ပြီးတော့မယ်”
“ အခု ကုမ္ပဏီက အရမ်းဖရိုဖရဲဖြစ်နေပြီ၊ နင် ဒီကိစ္စတွေကို တတ်နိုင်သလောက် မြန်မြန် သိအောင်လုပ်ထားမှရမယ်၊ အိမ်ပြန်မလား၊ နင့်အဖေဆီသွားဖို့ ဆေးရုံတန်းမောင်းပေးရမလား”
ရန်လျန်သည် ဒရိုင်ဘာဘေးခုံးတွင် ထိုင်ကာ လိုက်ပါလာ၏။ နေရောင်ကို ပြတင်းပေါက်ကာ ကာထား၏။ သူမ၏မျက်နှာအမူအရာသည် အဆိုးဘက်သို့ ပြောင်းသွားတော့သည်။
“ အခုငါ့အဖေ အခြေအနေ ဘယ်လိုရှိလဲ”
“ ပြီးခဲ့တဲ့အပတ်က သူလေဖြတ်သွားလို့ အဲကတည်းက ဆေးရုံတင်ထားရတာ အခုတော့ အခြေအနေက တော်တော်တည်ငြိမ်လာပါပြီ”
ကျိုးချန်းသည် ကားကို အရှိန်တင်လိုက်လေသည်။ ဒါသည် အရေးကြီးကိစ္စတစ်ခု အဖြစ် တွေးရမည်ဟု ပြောနေသယောင် သူသည် နောက်ကြည့်မှန်ကတဆင့် ရန်လျန်ကို ကြည့်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။
“ နင့်အမလည်း ဆေးရုံမှာ”
ကျိုးချန်းသည် သူမကို ကြည့်လိုက်ရာ စိတ်ပျက်သည့်ပုံဖြစ်နေသဖြင့် ခဏတာ နှုတ်ဆိတ်နေလိုက်ပြီးမှ ပြောလိုက်၏။
“ သူ့အကြောင်း ထပ်မတွေးပါနဲ့တော့၊ ဟုတ်ပါပြီ၊ ငါ့ကိုကြည့်ပါအုံး”
ရန်လျန်သည် ပြုံးလိုက်သော်လည်း သူမ၏မျက်လုံးများကတော့ ပြုံးမနေချေ။
“ကျိုးချန်း ရွှီဇီချင်းက နင့်မျက်လုံးတွေထဲမှာတော့ နတ်ဘုရားမတစ်ပါးပဲနော် ဒါပေမယ့် ငါ့မျက်လုံးထဲမှာတဲ့ သူက မြက်ပင်တစ်ပင်ပဲ....”
......
ရန်လျန်သည် မိသားစုပြဿနာများကို အမှန်ပင် ရှောင်ချင်သည်ဖြစ်ရာ ဆေးရုံသို့မသွားတော့ပဲ အိမ်ပြန်ဖို့သာ ရွေးချယ်လိုက်တော့သည်။
ဆယ်နာရီကြာလေယာဥ်ခရီးစဥ်အတွင်း သူမ၏အချိန်အများစုကို ဖိုင်များဖတ်ရင်းသာ အချိန်ကုန်ခဲ့ရာ သူမသည် ပင်ပန်းနေပြီဖြစ်သည်။ ယခုအချိန်၌ သက်တောင့်သက်သာရေးချိုးပြီး တီဗီကြည့်ရင်း ဆိုဖာပေါ်တွင် လဲလျောင်းကာ နောက်ဆုံးတွင် အနည်းငယ် သက်တောင့်သက်သာ ဖြစ်လာလေသည်။
ရန်လျန်သည် ချန်နယ်များကို တစ်ခုပြီးတစ်ခုပြောင်းလိုက်ပြီး ပြည်တွင်းချန်နယ်တစ်ခုတွင် ရပ်လိုက်၏။ ကုန်ပစ္စည်းသစ်ကြော်ငြာတစ်ခုကို ကြည့်လိုက်ပြီးနောက် ပြည်တွင်းသတင်းချန်နယ်ကို ပြောင်းလိုက်လေသည်။
သတင်းကြေညာသူက ပြောနေ၏။
“ .... ရွှီအိပ်မက်လိုမျိုး အဆင့်မြင့်အလှကုန်တံဆိပ်သစ်တွေကို ထုတ်လုပ်လာခဲ့ပေမယ့် ဒီနှစ်ပိုင်းမှာ သူတို့အနေအထားဟာ အရင်နဲ့မတူတော့ပါဘူး၊ အခုအခါမှာ ဥက္ကဋ္ဌရွှီကျင်းဖူဟာ လေဖြတ်ရောဂါကို ခံစားနေရပြီး ဆေးရုံမှာ ကုသမှုခံယူနေရလို့ ကုမ္ပဏီကလည်း ခက်ခဲတဲ့အခြေအနေတစ်ခုဖြစ်နေပါတယ်၊ သတင်းများအရ ရွှီကျင်းဖူက အလုပ်သမားရှာဖွေရေးကုမ္ပဏီတစ်ခုကိုချဥ်းကပ်ပြီး စီမံရေးရာထူးနဲ့သင့်တော်တဲ့ ဝန်ထမ်းတစ်ယောက်ကို ရှာဖွေနေတယ်လို့ ပြောပါတယ်၊ သူဟာ ပုံမှန်မိသားစုစီးပွားရေးလုပ်ငန်းစံကို ချိုးဖောက်ပြီး ပရော်ဖက်ရှင်နယ်မန်နေဂျာတွေနဲ့ အုပ်ချုပ်ရေးပိုင်းကို ပြောင်းလဲဖို့ ရည်ရွယ်နေပါတယ်၊ ရွှီ....”
ရန်လျန်သည် မျက်မှောင်ကျုံ့ကာ တီဗီကို ကြည့်လိုက်လေသည်။ ရုတ်တရက်ဆိုသလို တံခါးဖွင့်သံကြားလိုက်ရာ ဖျော်ဖြေရေးချန်နယ်တစ်ခုကို ချက်ချင်းပြောင်းလိုက်၏။
ဆိုဖာပေါ်တွင် ပျင်းရိလေးတွဲ့စွာ လဲလျောင်းနေရင်း တံခါးဖွင့်လိုက်သည့် အမျိုးသမီးတစ်ယောက်ကို ခေါင်းထောင်က ကြည့်လိုက်လေသည်။
“အမေ”
ရန်မု သည် ရန်လျန်ကပျင်းရိလေးတွဲစွာလုပ်နေပုံကို ကြည့်လိုက်ပြီး သူမ၏မျက်နှာသည် ချက်ချင်း ညိုးသွားတော့သည်။
“ ကျိုးချန်းတောင်မှ နင့်အဖေကို ဆေးရုံမှာ လာတွေ့ဖို့ သိတတ်သေးတယ်၊ နင်က မသွားဘဲ အိမ်ပြန်လာပြီး ဒီနေရာပုန်းနေပြီး ဒါတွေကို ကြည့်နေတယ်....”
ရန်မုသည် စကားပြောနေသည့်တီဗီ အစီအစဥ်ကို တစ်ချက်ကြည့်လိုက်ပြီး
“ နင်လေ ပြဿနာဖြစ်အောင်လုပ်နေတာ”
ရန်လျန်သည် တီဗီပိတ်လိုက်ပြီး ထရပ်ကာ အိမ်စီးဖိနပ်ကို စီးလိုက်ပြီးနောက် သူမအမေအတွက် ရေတစ်ခွက် ထည့်ပေးလိုက်ပြီး
“ အမေပဲ ရွှီဇီချင်းရဲ့အမေကို တွေ့ဖို့ စိတ်အပျက်ဆုံးမလား၊ သူနဲ့သူ့အမေက ဆေးရုံမှာ ရှိတယ်လို့ ကျိုးချန်းဆီကကြားလိုက်တော့ သူတို့အဲမှာရှိနေရင် အမေ ဆေးရုံကို သွားမှာမဟုတ်တာ သေချာတယ်လို့ စဥ်းစားလိုက်တာလေ”
“ သမီးရယ် နင် နင့်အဖေကို နားမလည်ပါဘူး၊ အမေ နင့်ကို နိုင်ငံခြားမှာ MBA ဘွဲ့ယူခိုင်းတာကလေ ကုမ္ပဏီကို ဆက်ခံနိုင်အောင်လို့ပါ၊ အခုတော့ နင့်အဖေ လေဖြတ်ထားတော့ ကုမ္ပဏီကလည်း ဖရိုဖရဲနဲ့ ရွှီဇီချင်းကို စီမံရေးရာအလွှာမှာ ချက်ချင်း တန်းခန့်လိုက်တယ်လေ၊ ဒါကြောင့် သမီးကိုချက်ချင်း ပြန်လာခိုင်းတာပေါ့၊ လက်အခြေအနေမှာ လိမ္မာသိတတ်တာကို ဖော်ပြနိုင်တဲ့သူကို သမီးအဖေက ကူညီဖို့ အဆင်သင့်ပဲ၊ အခု နင်က နင့်အဖေကို ဆေးရုံမှာ သွားမတွေ့ဘူးမလား၊ ကုမ္ပဏီက ရွှီဇီချင်းနဲ့ သူ့အမေလက်ထဲရောက်သွားမှာ နင် နောင်တရလိမ့်မယ်”
“ အမေ ပြောတာမှန်ပါတယ်၊ အမေ ဒါကို ကောင်းကောင်း စဥ်းစားခဲ့တယ်”
ရန်လျန်သည် သူမ၏အမေကို အိပ်ခန်းအပြင်ဘက်သို့ တွန်းသွားလိုက်ရင်း
“ အန်တီလျန် စွပ်ပြုတ်လုပ်ထားတယ်၊ အမေ အောက်ထပ်မှာ စွပ်ပြုတ်သောက်နေတုန်း အမေ့သမီးကို အဖော်လုပ်ပေးစေချင်လား”
“ နင် ငါ့ကို ဂရုစိုက်ချင်ဟန်ဆောင်မနေပါနဲ့၊ အမေ့ကို တကယ်ပဲ စိတ်ပူနေတာမမြင်စေချင်ရင် ကုမ္ပဏီရဲ့ကိစ္စတွေကို မြန်မြန်စလုပ်တော့၊ ဒါမှ အရိုင်းစိုင်းမိန်းမနဲ့ မတိုက်ခိုက်ဘဲ တရားမဝင်သမီးကို လွဲပေးခွင့်ပေးခဲ့တဲ့ အမေ့ကို လူတွေက မရီကြမှာ၊ ငါ မျက်နှာကို ဘယ်နားသွားထားရမှာလဲ”
“ အမေပြောချင်တာက သမီးကို ဌာချုပ်ရုံးခန်းကို သွားစေချင်တာမလား”
ရန်လျန်သည် နောက်ဆုံးတွင် လိုချင်သည့်စကား ပြောလိုက်တော့သည်။
နောက်ဆုံးတွင် အေးသွားသည့်စွပ်ပြုတ်ကို မည်သူမှမစားလိုက်ကြပဲ စွပ်ပြုတ်ကို ဆင်းရဲသားများဆီ ပို့ပေးလိုက်ပြီးနောက် ဆေးရုံသို့ ထွက်လာခဲ့ကြလေသည်။
အထူးကုသရေး အဆောင်တစ်ခုဖြစ်ပြီး ကော်ရစ်ဒါကို အလှဆင်ထားသည်မှာ ကြယ်ငါးပွင့်ဟော်တယ်တစ်ခုအလား။ ရန်လျန်သည် ဓာတ်လှေကားမှ လှမ်းထွက်လိုက်သည်နှင့်ချက်ချင်း လက်ရမ်းကို မှီနေသည့် ကျိုးချန်းကို တွေ့သွားတော့သည်။ သူမသည် ရှေ့သို့ဆက်လျှောက်လာခဲ့ပြီး သူ့ပခုံးကို ပုတ်လိုက်၏။
ကျိုးချန်းသည် ခေါင်းမော့ကြည့်လိုက်ရာ သူမကို မြင်သွားပြီး အံ့သွားတော့သည်။
“ ဒီနေ့ ဆေးရုံကို မလာတော့ဘူးလို့ နင်ပဲ ပြောခဲ့တယ်မလား”
ရန်ချန်သည် လေးလေးပင်ပင်ဖြင့် ပခုံးတွန့်ပြလိုက်ပြီး
“ နင်ဘာလို့ အပြင်ထွက်ပြီး ကော်ရစ်ဒါမှာနေနေတာလဲ”
“နင့်အဖေက ဝန်ထမ်းရှာဖွေရေး ကုမ္ပဏီလူကြီးနဲ့ အထဲမှာ စကားပြောနေတာလေ၊ သူ ပရော်ဖက်ရှင်နယ်မန်နေဂျာနဲ့ တွေ့ရတာ စိတ်ဝင်စားနေတယ်၊ ငါတို့ကို ရှောင်ခိုင်းထားလို့”
“ဘယ်ရာထူးအတွက်လဲ”
ကျိုးချန်းသည် လျှို့ဝှက်စွာပြောလိုက်၏။
“ အာဏာရှိတဲ့ရာထူး”
ရန်လျန်သည် အိမ်မှာကြည့်ခဲ့သည့်သတင်းကို ပြန်စဥ်းစားလိုက်လေသည်။
ပရော်ဖက်ရှင်နယ်မန်နေဂျာ၊ မိသားစုစီးပွားရေးပုံစံကို ပြောင်းဖို့.... သူမ ခဏတာ တိတ်တဆိတ်ကြည့်ခဲ့သည့် သဘောမတွေ့စရာသတင်းအားလုံး ။
ထို့နောက် သူမသည် ခေါင်းစဥ်း ပြောင်းပြောလိုက်လေသည်။
“ ရွှီဇီချင်းရော”
“ သူ သူ့အမေကို အောက်ဆင်းပြီး လိုက်ပို့ပေးနေတယ်၊ ခဏနေပြန်လာလိမ့်မယ်”
ရန်လျန်၏မျက်နှာထားကိုမြင်လိုက်ပြီးနောက် ကျိုးချန်းသည် ဓာတ်ပြားဟောင်း ဖွင့်ပြန်တော့သည်။
“ရန်လျန်ရယ် သူ့ကို မတိုက်ခိုက်ပါနဲ့ဟာ ဟုတ်ပြီလား”
သူမ၏ကိုယ်ဟန်ကို ဝမ်းသာဟန်ပြုပြင်လိုက်ပြီးနောက် ရန်လျန်သည် အထင်းသေးကာခနဲ့လိုက်လေသည်။
“ နင်တို့အားလုံးက သူငါ့ကို တိုက်ခိုက်နေတာထက် ငါကပဲ သူ့ကိုတိုက်ခိုက်နေတာလို့ ဘာလို့ထင်နေကြတာလဲ”
ကျိုးချန်း စကားထပ်ပြောမည်ကို မစောင့်တော့ဘဲ ရန်လျန်သည် နောက်ပြန်လှည့်ကာ ထွက်သွားတော့သည်။
သူလှမ်းခေါ်လိုက်သံကို သူမကြားလိုက်သော်လည်း မရပ်တော့ချေ။
အကြောင်းမသင့်စွာ ဓာတ်လှေကားဆီရောက်ချိန်၌ ပြန်ရောက်လာသည့် ရွှီဇီချင်းနှင့် သွားတိုးတော့သည်။
ဓာတ်လှေကားတံခါးပွင့်လာပြီး အမျိုးသမီးနှစ်ယောက်သည် မျက်နှာချင်းဆိုင်လျက် နှစ်ယောက်လုံးသည် အခိုက်တန့်တွင် အံ့အားသင့်သွားကြလေသည်။
ရွှီဇီချင်းက အရင်လှုပ်ရှားလိုက်၏။ ဓာတ်လှေကားထဲမှ ထွက်လာပြီး ချက်ချင်းဆိုသလို ရန်လျန်ကို ခေါင်းစခြေအဆုံးကြည့်လိုက်ပြီး
“ နင် ဒီကို ဘယ်လိုရောက်လာတာလဲ၊ ပြန်လာချင်သေးတယ်ပေါ့”
“ နင် ငါ့ကို ဒီလေသံပြောဖို့ အဆင့်မရှိပါဘူး”
“ မနှစ်ကတော့ နင် အိမ်ပြန်မလာဘူး၊ အခု အိမ်မှာ ပြဿနာတက်မှ ချက်ချင်းပြန်လာတယ်၊ နင်က တကိုယ်ကောင်းဆန်ဆန်နဲ့ ဒီပြဿနာကို အခွင့်အရေးမယူပါဘူးလို့ တွေးကြည့်ဖို့တော်တော် ခက်တယ်”
ရန်လျန်သည် လှည့်ထွက်ဖို့ ကြိုးစားလိုက်သော်လည်း တားမြစ်ခံလိုက်ရလေသည်။
“ အခုမှတော့ ဘာလို့ထွက်သွားမှာလဲ”
“ ပြီးခဲ့တဲ့တစ်ခေါက်တုန်းကလို ပါးချမခံချင်ရင် အခု လမ်းဖယ်ပေးလိုက်”
ရွှီဇီချင်းသည် ပြုံးလိုက်ပြီး
“ နင်မပြောရင် ငါမေ့တော့မလို့ ၊ အဲဒီရိုက်ချက်အတွက် နင့်ကို တကယ်ကျေးဇူးတင်ချင်တာ၊ အဲလိုမှမဟုတ်ရင် အဖေ့ဆီမှာ ငိုပြပြီး ရှယ်ယာတွေအများကြီး ရခဲ့မှာလဲ”
ရန်လျန်သည် သူမ၏ဒေါသကို မဖိနှိပ်နိုင်တော့ဘဲ အံကြတ်ထားလိုက်တော့သည်။
“ အဲတုန်းက နင့်အမေ ဘယ်လောက်ဒေါသထွက်သွားလဲ နင်မသိပါဘူး၊ သဘောတူညီချက်တစ်ခုကြောင့် သူ ငါ့အမေကို အိမ်ထဲဝင်ခွင့်ပေးလိုက်ရတယ်လေ၊ ရှယ်ယာတွေအတွက် ငါနင့်နဲ့ မပြိုင်နိုင်ခဲ့ဘူး၊ ဒါပေမယ့် နင်ကတော့ ပါးတစ်ရိုက်လိုက်တာကြောင့် နင့်အမေရဲ့နှစ်ပေါင်းမျာစွာအားထုတ်မှုကို ဖျက်ဆီးခဲ့တယ်၊ ငါသာ သူဆိုရင် ငါလည်း နင့်ကို ဒေါသထွက်မိမှာပဲ”
ရန်လျန်သည် ရယ်မောလိုက်၏။ ရွှီဇီချင်း၏မျက်နှာထား ပြောင်းလဲသွားကာ ရန်လျန်၏ရယ်မောသံက လွှမ်းမိုးသွားတော့မတတ်ပင်။
“ ယောကျ်ားတစ်ယောက်ရဲ့ခလေးက သဘာဝအရ စိတ်ပိုင်းဆိုင်ရာအားသာချက်တစ်ခု ရထားပြီးသားဆိုတာ နင်မသိဘူးမလား၊ သူနင့်အပေါ် အများကြီး အကြွေးတင်ထားတယ်လေ၊ သူ နင့်အမေကို တရားဝင်အသိအမှတ်ပြုလို့မရဘူး၊ နှစ်တိုင်း ဆွေမျိုးတွေဆီသွားလည်ရင် လက်ညိုးထိုးခံရတာပဲမလား၊ ငွေကြေးအရလျော်ကြေးကို ငါ သဘောတူခဲ့ပြီးသား၊ သူ နင့်အတွက် ခံစားရတာက သနားတာကလွဲရင် ဘာရှိအုံးမှာလဲ”
ရွှီဇီချင်း၏မျက်လုံးများသည် ဒေါသကြောင့် ရဲတက်လာပြီး ရန်လျန်၏စကားက သူတို့၏ဒဏ်ရာကို ထိသွားတော့သည်။
သို့သော် နောက်တစ်စက္ကန့်တွင်တော့ ရန်လျန်သည် ထက်မရယ်နိုင်တော့ချေ။
“ အဲလိုပြောမှပဲ ငါ နင့်ကို ပြောစရာရှိတယ်၊ ကျိုးချန်းလေ သူငါ့ကို propose လုပ်ထားတယ်”
ထိုအခိုက်တွင် ရန်လျန်သည် သူမ၏လက်များ အေးစက်သွားသည်ကို ခံစားလိုက်ရတော့သည်။
ရွှီဇီချင်းသည် မောက်မာစွာပြောလိုက်၏။
“ ဒါပေမယ့် နင်စိတ်ချပါ ၊ ငါ သူ့ကို ကတိပေးမှာမဟုတ်ပါဘူး၊ ဒါပေါ့ ငါ သူ့ကို လက်ခံမှာမဟုတ်ဘူး၊ ဒီလူက ငါ့ညီမရဲ့နှလုံးသားကို နာကျင်အောင်လုပ်ခဲ့တာဆိုတော့ ငါ သူ့ကိုအချိန်အကြာကြီး ကြိုးရှည်ရှည်နဲ့လှန်ထားမှာ၊ နင် ခံစားလို့ပိုကောင်းလာတယ်မလား”
ရန်လျန်သည် နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ သူမ၏လက်ဝါးက မြောက်တက်သွားတော့သည်။
ကျိုးချန်းသည် သူမ၏အားနည်းချက်ပင်။
သို့သော် သည်ရိုက်ချက်သည် နောက်ဆုံးတွင် ရွှီဇီချင်း၏ အပြစ်ကင်းသည့်မျက်နှာပေါ်သို့ ကျရောက်ရန် မတတ်နိုင်ခဲ့ချေ။ ရန်လျန်၏လက်ကောက်ဝတ်သည် ဖမ်းဆုပ်ခံလိုက်ရ၏။ သူမသည် သူမလက်အား ဖမ်းဆုပ်ထားသည့်လက်ကို အံ့ဩစွာ တွေ့လိုက်ရလေသည်။
ကျစ်လစ်သည့်လက်မောင်း၊ နာရီတစ်လုံးဝတ်ထားပြီး ရင်းနှီးသည့်ခံစားချက်တစ်ခု ထွက်လာလေသည်။
ရန်လျန်သည် ရုတ်တရက်မော့ကြည့်လိုက်ာ သူမ၏မျက်လုံးများသည် ရင်းနှီးပြီးသားမျက်လုံးအစုံကို တွေ့သွားတော့သည်။
မှတ်မိလွယ်သည့် မျက်လုံးတစ်စုံပိုင်ဆိုင်ထားသည့် ယောက်ျား။ သူမ လေယာဥ်ပေါ်တွင် တွေ့ခဲ့သည့်ယောက်ျား။
......
🌺
No comments:
Post a Comment