အပိုင်း (၃) အမည်မသိပူပန်မှု
ရှန်ယွဲ့သည်
ရှန်ချန်ထွက်သွားသည်ကို ကြည့်ရင်း သူမ၏မျက်ခုံးများကို ပင့်ထားလိုက်သည်။ သူမ၏သည်မောင်လေးသည် သူမအပေါ် အမြဲတမ်း
ဂရုမစိုက်နေတတ်သည်ကို သူမ ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။ သို့သော် ရှန်ချန်၏ ပျော့ပြောင်းသည့်သတိပေးချက်တွင်
စိုးရိမ်ပူပန်ရိပ်ပါနေသည်ဟု အဘယ်ကြောင့်ခံစားနေရပါသနည်း။
စိတ်ဝင်စားဖို့ကောင်းလိုက်တာ။
ရှန်ယွဲ့သည်
သူမ၏မျက်လုံးထဲမှအပြုံးကို ဖုံးကွယ်ထားလိုက်ပြီး တံခါးပိတ်ကာ နောက်ကလိုက်သွား လိုက်လေသည်။
သည်နေ့သည်
သောကြာနေ့ဖြစ်သည်။ ရှန်ယွဲ့ ဆေးရုံမှ ဆင်းလာသည်ဖြစ်သောကြောင့် ရှန်အန်းက
ရှန်ယွဲ့၏ခန္ဓာကိုယ်အားဖြစ်စေရန် အထူးတလည် ကြက်တစ်ကောင်ဝယ်လာပြီး ကြက်သားစွပ်ပြုတ်
လုပ်ပေးလေသည်။
သူမသည်
ထမင်းစားခန်းသို့ လျှောက်လာသည့်တလမ်းလုံး အနံ့ရနေ၏။ ရှန်ယွဲ့ မထိုင်လိုက်ခင်မှာပင်
မလိုမုန်းတီးသံတစ်ခုကို ကြားလိုက်ရ၏။
“ အမ ငါ့အထင်တော့ နင်
တော်တော်မြန်မြန်ကြီးကို ပြန်ကောင်းလာတာပဲ၊ ရေနစ်ပြီး သတိလစ်သွားတဲ့သူ လို့တောင်
မထင်ရဘူး၊ ငါ ဒီနေ့ကျောင်းမှာကြားခဲ့တယ်၊ နင် ရေထဲကို တမင်ခုန်ချလိုက်တာဆို၊
အစတုန်းက ငါမယုံခဲ့မိဘူး”
ရှန်ယွဲ့သည်
အသံလာသည့်ဘက်ကို ကြည့်လိုက်ရာ ရှန်ရှင်းက ကိုယ့်ဟာကိုယ်အထင်ကြီးနေသည့်အပြုံးတစ်ခုဖြင့်
ပြဇာတ်ကောင်းတစ်ခုကို ကြည့်နေသည့်နှယ် သူမကို ကြည့်နေသည်ကို သိလိုက်ရလေသည်။ သူမသည်
မျက်နှာမသာမယာဖြစ်နေသည့် ဆွန်းလင်ကို တစ်ချက်ခိုးကြည့်လိုက်ပြီး ဆွန်းလင်၏ဒေါသကို ဆွပေးဖို့
တမင်ကြိုးစားနေတော့သည်။ သူမသည် မီးကို လောင်စာထပ် ထည့်ကာ ပြောလိုက်၏။
“ နင်က
ရေကန်ထဲခုန်ချပြီး ကျောင်းရဲ့အိုင်ဒေါကို အကြပ်ကိုင်ခဲ့တာလား၊ သူက နင့်ဖွင့်ပြောတာကို
လက်မခံခဲ့လို့လေ”
ရှန်ရှင်းသည်
သူမကိုအရှက်ခွဲရန်နှင့် သူမကိုယ်သူမ အရှက်ရနေပုံကို ကြည့်ရန် မိသားစုဝင်အားလုံး ရှိသည့်အချိန်ကို
တမင်ရွေးခဲ့ခြင်း ဖြစ်လေသည်။
ရှန်ယွဲ့သည်
ကုလားထိုင်ကို ဆွဲထုတ်လိုက်ပြီး တည်ငြိမ်သည့်မျက်နှာထားဖြင့် ထိုင်ချလိုက်၏။
သူမသည် ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်လေသည်။
“ အဓိပ္ပါယ်မရှိတာတွေ၊
ရှန်ရှင်း နင်က နင့်အမအရင်းကို မယုံဘဲနဲ့ အပြင်လူတွေရဲ့ စကားကိုကျတော့
ဘာလို့ယုံတာလဲ”
သူမ၏ညီမလေး ရှန်ရှင်းသည်
ချိုသာပြီး ချစ်စဖွယ်မျက်နှာတစ်ခု ရှိသော်လည်း မူလခန္ဓာကိုယ်ပိုင်ရှင်
ရှန်ယွဲ့အပေါ် အလွန်ဆိုးသွမ်းကာ အရှက်ခွဲစရာ ရန်သူတစ်ယောက်လို ဆက်ဆံလေသည်။
ရှန်ယွဲ့၏ မှတ်ဉာဏ်ထဲတွင် ဆွန်းလင် ရိုက်နက်သည့်အချိန် နှင့် သူမကို
ဆူဆဲနေသည့်အချိန်များစွာ ရှိနေသည်။ သည်အရာအားလုံးသည် ရှန်ရှင်းက တမင်တကာ
မီးမွှေးခြင်းကြောင့် ဖြစ်ရသည်ချည်းပင်။
အမှန်ပင်။ ရှန်ရှင်းက
စူပုတ်ပြီး မကြည်မသာဖြစ်လာချိန်တွင်တော့ မကျေနပ်ချက်များနှင့် ပြည့်နေသည့်
ဆွန်းလင်သည် ပေါက်ကွဲတော့သည်။ သူမသည် ဆဲဆိုနေ၏။
“ နင်ကလေ
အိမ်မှာကျတော့ စွာလိုက်တာ ပြီးတော့ နင့်ညီမလေးကို အနိုင်ကျင့်ဖို့ပဲသိတယ်၊
အပြင်မှာကျတော့ ဘာလို့ ဝက်တစ်ကောင်လို တုံးအနေရတာလဲ၊ နင်လုပ်သမျှအားလုံးက
ကံဆိုးတာတွေချည်းပဲ”
ရှန်ယွဲ့ ထိုစကားကို
ကြားလိုက်ရချိန်၌ ဆွန်းလင်သည် ဆုံးရှုံးလိုက်ရသည့် ယွမ် ၃သိန်းကိစ္စ
တနုံ့နုံ့ဖြစ်နေသေးကြောင်း သူမ နားလည်လိုက်လေသည်။ သူမသည် ခါတိုင်းလိုပင်
စကားမပြောရန် ဆုံးဖြတ်လိုက်ပြီး သေသေချာချာ စားသောက်ရန် ခေါင်းငုံ့ထားလိုက်လေသည်။
“ ဟုတ်ပါ့၊
နင့်ကိုယ်နင်လည်း ပြန်ကြည့်အုံး၊ နင်က တုံးအပြီး ဝလိုက်သေးတယ်၊ နင်က
ကျောင်းရဲ့မင်းသားလေးကို အသေကြိုက်နေရင်တောင် သူက နင့်ကို ပြန်ကြိုက်နိုင်မှာတဲ့လား၊
နင်က တကယ့်ကိုပဲ ငန်းသားကို အငမ်းမရဖြစ်နေတဲ့ ဖားတစ်ကောင်ဖြစ်နေတာ၊ ရူးနေလိုက်တာ”
ဆွန်းလင်က သူမကို
ထောက်ခံပေးလိုက်ချိန်တွင် ရှန်ရှင်းသည် ရှန်ယွဲ့ကို အထင်သေးကာ ရွံသလို
ကြည့်လိုက်လေသည်။
မနေ့က
မူလခန္ဓာကိုယ်ပိုင်ရှင် ရေထဲကျသွားသည့် အမှန်တရားသည် ကောလဟာလ ပြောကြသလို မဟုတ်သည်ကို
ရှန်ယွဲ့ ကိုယ်တိုင်သာ သိလေသည်။ ကျောင်းတော်ရဲ့မင်းသားလေးက သူမရဲ့ဖွင့်ဟဝန်ခံတာကို
ဖိအားပေးလက်ခံခိုင်းဖို့ သူမက ရေကန်ထဲခုန်ချ ခဲ့သည်တဲ့။ အမှန်တွင်
မူလခန္ဓာကိုယ်ပိုင်ရှင်သည် ဖွင့်ပြောဖို့ရန် မရည်ရွယ်သော်လည်း
သူမ၏နှစ်ပေါင်းများစွာ ချစ်လာသည့်ခံစားချက်ကို ထုတ်ပြရန်သာဖြစ်လေသည်။ ပြဇာတ်ဆန်ဆန်ဖြစ်ရပ်က
ရှန်ယွဲ့သည် ကောင်းကင်က မှောင်မဲသွားသည်အထိ ခါးခါးသီးသီး စောင့်နေခဲ့သော်လည်း
ကျောင်းတော်ရဲ့ ကိုယ်လူချော ယွီဟောက်က ချိန်းထားသည့်နေရာသို့
လုံးဝပေါ်မလာခဲ့ခြင်းပင်။
ထို့အပြင်
မူလခန္ဓာကိုယ်ပိုင်ရှင်သည် သူမကိုယ်တိုင် ရေထဲခုန်ချတာ မဟုတ်ချေ။ သူမသည် ရေထဲ
တွန်းချခံလိုက်ရခြင်း ဖြစ်သည်။
ရှန်ယွဲ့သည် သူမကို
တွန်းချခဲ့သူ၏ပုံစံကို မှတ်မိနေသေးသည်။ သူမသည် ရှန်ယွဲ့၏ ခန္ဓာကိုယ်ကို
လွဲပြောင်းယူနိုင်လောက်သည့်အထိ ကံကောင်းခဲ့သည်ဖြစ်ရာ သူမသည် ကိုယ်တိုင် လက်စားချေ ပေးရပေလိမ့်မည်။
ထို့ကြောင့် သူမသည် ဆွန်းလင်နှင့် ရှန်ရှင်းကို စိတ်ရှုပ်ခံကာ မရှင်းပြတော့ချေ။
“ သမီး ဝပြီ”
ရှန်ယွဲ့သည် တစ်လုတ်
နှစ်လုတ်ခန့်စားလိုက်ပြီး ညင်ညင်သာသာ ပြောလိုက်၏။
သူမသည် အများကြီး
မစားခဲ့ချေ။ သူမ၏အစာအိမ်သည် လွတ်ဟာနေသေးသည်။ အကြောင်းမှာ သူမသည် ဝိတ်ချရန် ဆုံးဖြတ်ထားသောကြောင့်ပင်။ သူမသည် မူလပိုင်ရှင်ကဲ့သို့ အလွန်ကျွံမစားပေ။
သူမ၏ကျန်းမာရေးအတွက် အစီအစဥ်များ ချထားသည်။
ရှန်ယွဲ့သည် အခုလေးတင်
စော်ကားခံလိုက်ရသည်ကို ဂရုမစိုက်သည့်နှယ် သူမ၏မျက်နှာက တည်ငြိမ်နေသည်ကို
မြင်လိုက်ရပြီးနောက် ဆွန်းလင်သည် ရှင်းပြလို့မရနိုင်သည့် စိတ်ပျက်ခြင်း
ဒေါသအာရုံတို့ကို ခံစားလိုက်ရတော့သည်။ တခြားအချိန်မျိုးဆိုလျှင် ရှန်ယွဲ့သည်
အလွန်ကြောက်ရွံ့နေရာ မျက်လုံးထဲတွင် မျက်ရည်များနှင့် စားပွဲခုံအောက်တွင်
ပုန်းနေပေလိမ့်မည်။
ရှန်ယွဲ့မှာ
ဘာအခွင့်အရေးရှိလို့ သူမကို ဒီလောက်တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောနိုင်ရတာလဲ။
ဆွန်းလင်သည် အင်မတန် မာနကြီးသူဖြစ်လေသည်။
သူမသည် သူမ၏ပတ်ဝန်းကျင်က အရာအားလုံးနှင့်
သူမကိုယ်သူမ နှိုင်းယှဥ်နေတတ်သည်။ သူမ၏မိသားစုနောက်ခံနှင့် ယှဥ်လို့မရလျှင်
ဆွန်းလင်သည် သူမ၏ခလေးများနှင့် သူမကိုယ်သူမ နှိုင်းယှဥ်လေသည်။ ကံအားလျော်စွာ
ရှန်ရှင်းနှင့် ရှန်ချန်တို့၏ ရလာဒ်သည် အလွန်ကောင်းပြီး သူတို့၏ရုပ်ရည်များသည်
သာမန်လူများထက် ပိုသာလေသည်။ သူတို့သည် သူမထံ ဂုဏ်ယူစရာအများအပြား ယူပေးခဲ့လေသည်။
ဆန့်ကျင်ဘက်အနေဖြင့်
ဆွန်းလင်သည် မကြာခဏ ဟာသတစ်ခုလို အသုံးချခံရသည့် ရှန်ယွဲ့ကိုတော့ အထင်သေးကာ
ခက်ခဲအောင်လုပ်ခဲ့သည်။ ဆွန်းလင်သည် ရှန်ယွဲ့အား သူမဘဝ၏ အစွန်းထင်းတစ်ခုလို
သဘောထားလေသည်။
🍀
No comments:
Post a Comment