အပိုင်း (၁၃) လူပါးဝတဲ့ကောင်ကို သင်ခန်းစာပေးမယ်
သူမရှေ့ကလူကို အလွန်ရင်းနှီးနေ၏။ တခြား
အကြောင်းကြောင့်မဟုတ်ချေ။ အကြောင်းမှာ သည်လူသည် ပိုင်ရှင်၏မှတ်ဉာဏ်ထဲတွင်
အပြည့်နေရာယူထားသည့် အမျိုးသားဇာတ်ဆောင် သူမ၏ခွက်ရှ် - ယွီဟောက် ဖြစ်နေသောကြောင့်ပင်။
အရှိကိုအရှိအတိုင်း ပြောရလျှင် ယွီဟောက်သည် တော်တော်
ချောပါသည်။ သူ့တွင် နှာတံမြင့်မြင့်ရှိပြီး၊ နက်မှောင်သပ်ရပ်သည့်
မျက်ခုံးတစ်စုံရှိကာ ဆံပင်တိုတိုနှင့် ဖြစ်သည်။ သူသည် အမှန်ပင်
အထက်တန်းကျောင်းသူများ သဘောကျသည့် ပုံစံမျိုးဖြစ်လေသည်။
သို့သော် သူသည် ရှန်ယွဲ့၏အကြိုက်နှင့်တော့ မကိုက်ချေ။
သူသည် ပိန်ပါးကာ ကြက်ပေါက်တစ်ကောင်နှင့် တူသည်ဟုသာ ရှန်ယွဲ့ခံစားမိသည်။ သူသည်
သုန်မှုန်ပြီး အားနည်းကာ ယောက်ျားဆန်သည့်ပုံ မဟုတ်ပေ။ သူမသည် သူ့ကို
တစ်ချက်မြန်မြန်ကြည့်လိုက်ပြီး ဆက်လျှောက်သွားလိုက်တော့သည်။
ရှန်ချန်သည် သူ့ညာဘက်ခြေထောက်မသန်တာကြောင့်
အနည်းငယ်ထော့နဲ့နဲ့ဖြင့် လမ်းလျှောက်ရလေသည်။ ဒါသည်လည်း သူ၏သိမ်ငယ်ရသည့်
စိတ်ခံစားချက်ရင်းမြစ် တစ်ခုပင်။ သည်တစ်ကြိမ်တွင် သူသည် ရှန်ယွဲ့ဘေးက
လျှောက်နေသည်ဖြစ်ရာ အမှန်ပင် သူ့ကို အရင်သတိထားမိသွားမည်ပင်။
“ ဟားဟားဟား ယွီဟောက် ကြည့်စမ်း၊ ဒီဒုက္ခိတကောင်က မင်းနောက်လိုက်နေတဲ့
ဝတုတ်မနဲ့အတူတူ ဘာလို့လာတာတဲ့လဲ၊ အရမ်းရီရတာပဲ”
ကျောက်ရွေ့ဟုခေါ်သည့် ယွီဟောက်ဘေးက အသားမဲကောင်သည်
စိတ်ရှိတိုင်း အော်ရယ်လိုက်လေသည်။
သူ၏မသန်စွမ်းသည့်ခြေထောက်၏ ထူးခြားသည့်အခြေအနေနှင့်
လမ်းလျှောက်ပုံသည် အမြဲလိုလို ရှန်ချန်၏ အလွန်စိုးရိမ်ရသည့်အချက်တစ်ခု
ဖြစ်ခဲ့လေသည်။ ရှန်ချန်သည် ရုတ်တရက် ဒုက္ခိတတစ်ယောက်ဟု ခေါ်ခံလိုက်ရသောအခါ
သူ့ခန္ဓာကိုယ်သည် တောင့်တင်းသွားတော့သည်။အကြည့်ပေါင်း ထောင်ချီတို့က သူ့ကို
ကြည့်နေကြသည်ဟု ရုတ်တရက် ခံစားလိုက်ရတော့သည်။
ရှန်ယွဲ့သည် တမင်ရန်စနေသည့် အသံကို ရုတ်တရက်
ကြားလိုက်ရချိန်တွင် မီတာအနည်းငယ် ရှေ့ရောက်နေပြီး ဖြစ်နေသည်။ သူမသည်
လျှောက်နေသည့်လမ်းကြောင်းကို ရပ်လိုက်ပြီးနောက် မျက်မှောင်ကျုံ့ကာ
ပြန်လှည့်လာလိုက်သည်။
ယွီဟောက်သည် ဘာမှမပြောချေ။ သူသည် ရှန်ချန်နှင့် ရှန်ယွဲ့
မောင်နှမနှစ်ယောက်ကိုအထင်သေးကာ တစ်ချက်သာ ကြည့်လိုက်လေသည်။ အမြဲလိုလို
မာနတခွဲသားနဲ့ဖြစ်နေသည့် သူ့အတွက်တော့ ရှန်ယွဲ့လို ရုပ်ရုပ်ဆိုးဆိုး တစ်ယောက်၏
ကြိုက်နှစ်သက်ခံရခြင်းက အရှက်ရစရာတစ်ခုပင်။
ပြီးခဲ့သည့်ရက်အနည်းငယ်က ရှန်ယွဲ့သည် သူ့အား
ရေကန်ဘေးတွင် စောင့်နေမည်ဟုပြောသွားပြီး ရေထဲကျသွားစဥ်က သူသည် အလွန်ပျော်ခဲ့လေသည်။ နောက်ဆုံးတော့
ဒီရုပ်ဆိုးဆိုးမိန်းမ၏ အနှောင့်အယှက်ပေးခံရခြင်းမှ လွှတ်ပြီဟု ထင်ခဲ့သည်။ သို့သော်
ရှန်ယွဲ့သည် ထပ်ပေါ်လာပြန်ပြီ။ သူမ အဘယ်ကြောင့် ရေမနစ်ခဲ့ရပါသနည်း။
“အိုက်ယိုး ဝတုတ်မကြီး ကြားသွားပြီဟ၊ မေးခွန်းတစ်ခု
မေးပါအုံးမယ်၊ ဘာလို့များ သောက်ကြောင်တွေအားလုံးက အတူတူရှိရတာ ကြိုက်ကြတာတဲ့လဲ၊ ဒီ
ဒုက္ခိတနဲ့ ဝတုတ်မတို့ ပေါင်းထားတာကို ကြည့်လိုက်ပါအုံးကွာ....”
ကျောက်ရွေ့ သည် ဆက်ပြောချင်သော် သူ စကားမဆုံးခင်မှာပင်
အားကြီးတစ်ခု၏ အရိုက်ခံရပြီး နံရံကို သွားရိုက်မိတော့သည်။
ရှန်ယွဲ့သည် သူမ၏အလေးချိန်ကို အသုံးချကာ တဖက်လူကို
တန်းရိုက်ပလိုက်တော့သည်။ ဒါသည် ရှန်ယွဲ့ အိမ်တွင် လေ့ကျင့်ပြီး အသစ်ထုတ်ထားသည့်
တိုက်ခိုက်ရေးနည်းလမ်းတစ်ခု ဖြစ်သည်။ အလွန်အသုံးဝင်ပြီး သူမ၏အင်အားကို
ချွေတာနိုင်သည်။ သူမသည် ကျောက်ရွေ့ကို နံရံနှင့် ကပ်ထားလိုက်ပြီး သူ့ကော်လံကို
ဆွဲမ,လိုက်လေသည်။ သူမသည် စိတ်မရှည်စွာပြောလိုက်တော့သည်။
“ နင်က အပေါစားဆန်ချင်တာလား”
ငါလေးကို အရှက်ခွဲတာက ရတယ်။ ပိုင်ရှင်က ဒီကျောင်းမှာ
နှစ်နှစ်လောက်နေလာပြီးတော့ အမြဲတမ်း အနိုင်ကျင့်ခံရတဲ့ ပစ်မှတ်ခဲ့တာလေ။ ငါ
ရှန်ယွဲ့က ဒီအတွက် ပြင်ဆင်ထားပြီးသား။ ဒါပေမယ့် ဒီကောင်က ရှန်ချန်
ဖြတ်သွားတာကိုလည်း ပြဿနာရှာတယ်ဆိုတော့။ ဒါက ငါလေး
သည်းမခံနိုင်တဲ့ကိစ္စဖြစ်သွားပြီ။
ရှန်ယွဲ့သည် ကျောက်ရွေ့၏ခေါင်းကို နံရံနှင့် ထက်တိုက်လိုက်ပြန်သည်။
ကျောက်ရွေ့သည် နာကျင်မှုကြောင့် အော်ဟစ်လိုက်လေသည်။
“ နာတယ်ဟ၊ နင် ရူးနေတာလား၊ လွှတ်စမ်း”
ရှန်ယွဲ့သည် အလွှတ်ပေးမသည့်အပြင် အားပင်
ပိုထည့်လိုက်သေသည်။ သူမသည် အေးစက်စက် အော်ပြောလိုက်လေသည်။
“ ရှန်ချန်ကို တောင်းပန်၊ ဒါဆို နင့်ကို လွှတ်ပေးမယ်”
ဖြတ်သွား ဖြတ်လာလုပ်နေသည့် ကျောင်းသား ကျောင်းသူများကို
မြင်လိုက်ပြီးနောက် ရှန်ချန်မှာ စိတ်ညစ်သွားတော့သည်။ သူသည် ရှန်ယွဲ့၏အင်္ကျီကို
ဆွဲလိုက်ပြီး တိုးညင်းစွာပြောလိုက်လေသည်။
“ အစ်မ ငါ ဘာမှမဖြစ်ဘူး၊ သူတို့ကို သွားမဆွနဲ့....”
သည်ကျောင်းတွင် ဘာမှမလုပ်ဘဲ ပျော်ရတာကို ကြိုက်သူ
အများအပြားရှိလေသည်။ ကျောက်ရွေ့သည် ဤသို့သော တေလေဂျပိုး ကျောင်းသားတစ်ယောက် ဖြစ်သည်။
ရှန်ချန်သည် သူ့ကြောင့် ရှန်ယွဲ့ ပိုပြဿနာတက်မည်ကို စိုးရိမ်သဖြင့် သူမကို
တားလိုက်လေသည်။
သို့သော် ရှန်ယွဲ့၏ သဘောထားသည် တစ်ဖက်လူက သူမကို
ရန်မစ,လျှင် သူမသည်လည်း သူတို့ကို အပြစ်ပြုမည် မဟုတ်ချေ။ တဖက်လူသည် သူမကို
ရန်စ,လာခဲ့လျှင်တော့ သူမသည် အဆတစ်ရာ သေချာပေါက် ပြန်ပေး ရပေလိမ့်မည်။ သူမက အလကား
နောက်ဆုတ်ပေးလိုက်လျှင် သည်လူများသည် ပို၍စဥ်းလဲလာပေလိမ့်မည်။
ထို့ကြောင့် ရှန်ယွဲ့သည် လက်ကို ပင့်ကာ
ကျောက်ရွေ့၏မျက်နှာကို ထိုးတော့မည့်ပုံ ဟန်ဆောင်လိုက်လေသည်။
ရှန်ယွဲ့၏ သဲအိတ်အရွယ်လက်သီးကို မြင်သွားသည်နှင့်
ကျောက်ရွေ့သည် အလွန်ကြောက်သွားတော့သည်။ သူသည် စိုးရိမ်တကြီး ပြောလိုက်လေသည်။
“ ငါက နင့်ကို နောက်တဲ့ဟာကို ၊ ဘာလို့အဲလောက်
အတည်ပေါက်ကြီးဖြစ်နေတာလဲ”
“ နောက်တယ်ဟုတ်လား၊ ဒါဆို အခု
ငါနင့်ကိုနောက်ပြောင်မယ်လေ”
ရှန်ယွဲ့သည် မလှုပ်မယှက်ပင်။
လက်သီးက သူ့မျက်နာပေါ်သို့ ကျလာတော့မည်ကို တွေ့လိုက်ပြီး
ကျောက်ရွေ့သည် ကမန်းကတမ်း အော်ပြောလိုက်လေသည်။
“ ယွီဟောက် ယွီဟောက် ၊ သူမင်းကို ကြိုက်နေတာမလား၊ သူ့ကို
ရပ်ဖို့ ပြောအုံး”
သည်အခြေအနေအတွင် ယွီဟောက်သည် ရှန်ယွဲ့နှင့် မည်မျှပင် မပတ်သက်ချင်သော်ငြား
မတတ်နိုင်တော့ဘဲ ကြားဝင်လိုက်ရတော့သည်။ သူသည် မျက်မှောင်ကျုံ့ကာ ရှန်ယွဲ့ဘေးတွင်
ရပ်လိုက်၏။
“ ရှန်ယွဲ့ ကျောက်ရွေ့ကို မြန်မြန်လွှတ်ပြီး သူ့ကို
တောင်းပန်လိုက်”
ယွီဟောက်၏အမြင်တွင် သူ့အား နှစ်ပေါင်းမျာစွာ
တစ်ဖက်သတ်ချစ်လာပြီး သူ့အတွက် ရေထဲသို့ လိုလိုလားလား ခုန်ချခဲ့သည့် သည်ဝတုတ်မသည်
သူ့အမိန့်ကို သေချာပေါက်နားထောင်လိမ့်မည် ဟူ၍ပင်။ သူမသည် အချိန်တစ်ခုအထိပင်
ရှက်ရွံ့နေလိမ့်အုံးမည်။
သည်ဝတုတ်မကို ရွံ့ရှာနေရသည့် သူ့ကိစ္စကိုတော့
နောက်ပိုင်းမှ ကျောက်ရွေ့နှင့် ရှင်းရလိမ့်မည်။
သို့သော် ရှန်ယွဲ့သည် ထိုစကားကို ကြားလိုက်ချိန်၌ သူမသည်
ယင်ကောင်တစ်ကောင်ကို စားလိုက်မိသည့်နှယ် အထင်မြင်သေးစွာ ပြောလိုက်လေတော့သည်။
“ ယွီဟောက် နင့်ခေါင်းထိသွားတာလား”
….
🍀
No comments:
Post a Comment