အပိုင်း (၁၉) သူက မင်းအစ်မ လား
“နောက်တစ်ခါ
နင်အပြင်ထွက်ရင် ဒိုင်ပါ ဝတ်ထား ၊နင်....”
ရှန်ယွဲ့သည် တစ်ခုခုထပ်ပြောချင်လိုက်သော်လည်း
နံဟောင်နေသည့်ဆီးနံ့ကို ရလိုက်ချိန်၌ မခံနိုင်တော့ပဲ အန်ချင်သလို ဖြစ်သွားတော့သည်။
သူမသည် ပါးစပ်ကို မြန်မြန်ပိတ်လိုက်ပြီး ချန်းမင်နှင့် ဝေးအောင် ခွာရပ်လိုက်လေသည်။
သူမ၏ရန်သူရှေ့တွင် သေးပေါက်ချပြီး အကန်ခံရသည်ထက်
ရှက်စရာကောင်းတာ မရှိတော့ချေ။ ထိုအခိုက်တန့်တွင် ချန်းမင်သည် သည်ကမ္ဘာပေါ်မှာ
ပျောက်ကွယ်သွားချင်မိသော်လည်း သူမ၏ပြင်းထန်သည့်ခံစားချက်က ရှန်ယွဲ့ကို
လက်စားချေရန် ဖြစ်နေတော့သည်။
“ ရှန်ယွဲ့.... ငါ နင့်ကို သ-တ်မယ်”
ချန်းမင်သည် ကိုယ့်ဟာကိုယ် ရေရွတ်လိုက်ရင်း
အော်ဟစ်လိုက်လေသည်။
တစ်ဖက်တွင်တော့။
ကျောင်းခေါင်းလောင်းတီးချိန်၌ ရှန်ချန်သည် သူ့လွယ်အိတ်ကို
သယ်ကာ ရှန်ယွဲ့နှင့် နေ့လည်စာအတူတူ စားချင်နေပြီဖြစ်သည်။ သို့သော် သူသည် ထိုင်ခုံမှ
မထလိုက်ခင်မှာပင် ကောင်လေး သုံး၊လေးယောက်သည် သူ့ကို ဝိုင်းထားပြီး သူ့လမ်းကို
ပိတ်ထား၏။ သူတို့သည် သူ့အားတွန်းလိုက်ပြီး အလွန်မုန်းတီးပုံပေါက်နေလေသည်။
“ ငါ မင်းတို့ကို ဘာကူညီပေးရမလဲ”
ရှန်ချန်သည် သိုသိပ်ကာ နိမ့်ချတတ်လေသည်။ သူသည်
ကျောင်းတွင် မည်သူနှင့်မှ ရန်သူမဖြစ်ခဲ့ဖူးချေ။ ထို့ကြောင့် သူသည်
သည်ကောင်လေးများ၏ရည်ရွယ်ချက်ကို မခန့်မှန်းနိုင်သဖြင့် ယဥ်ယဥ်ကျေးကျေး
မေးလိုက်လေသည်။
“ ဟေ့ကောင် ဉာဏ်ကြီးရှင် ရှန်ယွဲ့က မင်းအစ်မဆို”
ကောင်လေးတစ်ယောက်သည် မျက်စိတစ်ဖက်မှိတ်ပြကာ မေးလိုက်၏။
ရှန်ချန်သည် မသိမသာမျက်မှောင်ကျုံ့သွားလေသည်။
သည်လူများတွင် မကောင်းသည့်ရည်ရွယ်ချက်ရှိသည်ကို ခံစားမိလိုက်သော်လည်း သူသည်
ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်၏။
“ ဟုတ်တယ် ဘာဖြစ်လို့လဲ”
“ ဟား ဟား ဟား သူက တကယ်ပဲ
အဲဒီငတုံးဝက်မရဲ့မောင်လေးတဲ့ကွ”
ရှန်ချန် ဝန်ခံလိုက်သည် ကိုကြားလိုက်ပြီးနောက်
ကောင်လေးများသည် ဝါးလုံးကွဲအောင် အော်ရယ်ကြပြီး မေးခွန်းများ စမေးကြတော့သည်။
“ဒါဆို မင်းကျတော့ အရမ်းပိန်ပြီး မင်းအစ်မက
အဲလောက်ဝ,နေတာပဲ၊ အိမ်မှာဆို သူက မင်းရဲ့ထမင်းတွေ အကုန်ယူစားပစ်လို့လား”
“ မင်းတို့နှစ်ယောက်ကြားက အရွယ်အစားကွာခြားပုံကလည်း
အရမ်းကြီးတာပဲ၊ မဟုတ်မှလွဲရော မင်းက မင်းအမေရဲ့သားအရင်းဖြစ်ပြီး ရှန်ယွဲ့ကို
ဝက်ကနေမွေးလာတာလား”
“ ဝက်မက ဝက်ကနေမွေးလာတာဆိုရင် အဓိပ္ပါယ်ရှိသွားပြီ”
“ပြီးတော့ မင်းက အဆင့်၁ကျောင်းသား၊ မင်းအစ်မကျတော့
နောက်ဆုံး၊ ဒါကြီးက အရမ်းရယ်စရာ ကောင်းမနေဘူးလား၊ ဟား ဟားဟား”
ကောင်လေးများ၏ ရှန်ယွဲ့အပေါ်
မထိန်းမသိမ်းလှောင်ပြောင်သံကို ကြားလိုက်ရပြီးနောက် ရှန်ချန်၏မျက်နှာသည်
မဲမှောင်သွားပြီး သူ့အသံမှာ အနည်းငယ်ဒေါသထွက်လာတော့သည်။
“ ကျေးဇူးပြုပြီး ပိုလေးစားပေးပါ၊ မင်းတို့တွေ ငါ့အစ်မကို
အဲလိုပြောနေတာ မကြိုက်ဘူး”
“ အာ... အေးပါ ငါတို့ မင်းအစ်မကို လေးစားပါမယ်”
ခေါင်းဆောင်ကောင်လေးသည် အခိုက်တန့်တွင်
အံ့ဩသွားပြီးနောက် သူသည် ချက်ချင်း ထရယ်လိုက်လေသည်။
“ ဟား ဟား ဟား အဆင့်၁ကျောင်းသားက သူ့အစ်မကို
အဲလောက်ကာကွယ်ပေးလိမ့်မယ်လို့ မထင်ထားဘူး”
“ အဟမ်း စိတ်မဆိုးပါနဲ့ ဉာဏ်ကြီးရှင်ရယ်၊ ငါတို့က မင်းကို
ပစ်မှတ်မထားပါဘူး၊ ငါတို့က အမှန်ကို ပြောပြရုံလေးပါ”
နောက်ကောင်လေးတစ်ယောက်က လက်ယမ်းပြကာ ရှင်းပြလိုက်လေသည်။
သူတို့သည် ရှန်ချန်၏အိမ်စာကို ကူးချရန် မကြာခဏ ငှားတတ်လေသည်။ ထို့ကြောင့်
သူတို့သည် ရှန်ချန်အား ဒေါသထွက်အောင် အလွန်အကျွံမလုပ်ပေ။
သို့သော်ငြား သည်စကားလုံးများသည် ရှန်ချန်၏နားထဲတွင်
ပေါ်တွင် မကောင်းပြောကာ လှောင်ပြောင် နေသည့်စကား ဖြစ်နေလေသည်။ သူသည်
မတ်မတ်ရပ်လိုက်ပြီး အေးစက်စက်မျက်နှာထားဖြင့် ပြောလိုက်၏။
“ ငါ့အစ်မက အရမ်းဉာဏ်ကောင်းတာ၊ သူက အထက်တန်းကျောင်းကနေ
တက္ကသိုလ်အဆင့်အထိ ပုစ္ဆာအားလုံးကို ဖြေရှင်းတတ်တယ်၊ သူက နောက်ဆုံးထွက်ထားတဲ့
ကမ္ဘာ့အဆင့်ပုစ္ဆာကိုတောင် ဖြေခဲ့တာ....”
“ဟား ဟားဟား “
ကောင်လေးများသည် ဟာသတစ်ခုလို မှတ်လိုက်ပြီး
ထပ်ရယ်လိုက်ကြလေသည်။
“ ပြီးတော့ အခု ငါ့အစ်မက ဝိတ်ချဖို့ ကြိုးစားနေပြီ။
နောက်ဆို သူက ဝိတ်ကျပြီး လှလာမှာ”
ရှန်ချန်သည် မျက်မှောင်ကျုံ့ကာ အသံကျယ်ကျယ်ဖြင့်
ပြန်ချေပလိုက်လေသည်။
သို့သော် သူပြောသမျှကို ဘယ်သူမှ အတည်မမှတ်ကြချေ။
ကောင်လေးများသည် သူတို့၏ကိုယ်ပိုင်ကမ္ဘာထဲတွင် နစ်မျောနေဆဲ။ ဝ,သည့်မိန်းခလေးကို
လှောင်ပြောင်ရသည်မှာ သူတို့တွက် လုပ်နေကျအကျင့် ဖြစ်နေသယောင်။
သူ့ကိုယ်သူ ခုခံပြောဆိုရာတွင် အသုံးမဝင်ဖြစ်နေသည်ကို
မြင်လိုက်ပြီး ရှန်ချန်သည် နှုတ်ခမ်းကို တင်းတင်းစေ့ထားကာ သူတို့ကို
ဘေးသို့တွန်းထုတ်လိုက်ပြီး ထွက်လာခဲ့လေသည်။
သူ့နောက်ကကောင်လေးသည် သူ့ကို လက်ယမ်းပြကာ
အော်ပြောလိုက်လေသည်။
“ ဉာဏ်ကြီးရှင် နေ့လည်ကျရင် ငါတို့ကို စာမေးပွဲအဖြေလွှာတွေ
ပေးကူးဖို့ မမေ့နဲ့နော်”
ရှန်ချန်သည် ပို၍ ရွံရှာသလိုခံစားလိုက်ရပြီးနောက်
ခြေလှမ်းကို မြန်မြန်လှမ်းလိုက်တော့သည်။
ရှန်ချန်သည် စာသင်ခန်းကထွက်လာသည်နှင့်တပြိုင်နက်
ကောင်လေးတစ်ချို့ သူ့နောက်တွင် ပြောဆိုနေသည်ကို ကြားလိုက်ရ၏။
“ သူ့အဆင့်တွေ ကောင်းတော့ရော ဘာဖြစ်လဲ၊ ရှန်ချန်ရဲ့
ဖိနပ်နဲ့ အင်္ကျီတွေကို ကြည့်အုံး၊ အားလုံးက ဟောင်းနေပြီ။ သူတို့မိသားစု
ဘယ်လောက်ဆင်းရဲလဲ စဥ်းစားကြည့်လို့ရတယ်”
“ ဟုတ်တယ်၊ သူ ဘွဲ့ရသွားရင်လည် ငါတို့ကုမ္ပဏီအတွက်ပဲ
အလုပ်လုပ်ပေးရမှာပဲ၊ မဟုတ်ဘူး၊ ငါတို့ကုမ္ပဏီက မသန်စွမ်းတဲ့သူတွေကို လက်မခံဘူး၊ သူ
ဝင်လို့တောင်ရမှာမဟုတ်ဘူး ဟား ဟား”
ရှန်ချန်၏လက်ချောင်းများသည် သူ့လွယ်အိပ်ကြိုးကို
တင်းကြပ်နေအောင် ဆုပ်ထားလေသည်။ သူ့မျက်လုံးများသည် ဒေါသကြောင့် နီရဲနေသော်လည်း
သည်နေရာကထွက်သွားရန်ကလွဲလျှင် ရွေးစရာမရှိတော့ပေ။
လူများက သူ့ကို အထင်သေးလေလေ သူက ပိုကြိုးစားပြပြီး တက္ကသိုလ်ကောင်းတစ်ခုကို
ဝင်အောင် လုပ်ပြရပေမည်။ ရှန်ချန်သည် ဆုံးဖြတ်ချက် ချလိုက်တော့သည်။
No comments:
Post a Comment