အပိုင်း ( ၁၄) အရမ်းအကြင်နာမဲ့သွားတယ်
“ နင်ဘာပြောလိုက်တယ်”
ယွီဟောက်သည် သူ၏တကိုယ်ရည်ဆွဲဆောင်မှုထဲတွင် နစ်မြောနေဆဲ။
သူသည် ရှန်ယွဲ့၏စကားကြောင့် ချက်ချင်း ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။ သူသည်
နားကြားမှာလိုက်သည်ဟု ထင်မိလိုက်တော့သည်။
သူတို့နားတွင် ကျောင်းသား ကျောင်းသူများ ပိုများလာပြီး
သူတို့ကို လက်ညိုးထိုး ပြောဆိုနေသည်ကို မြင်လိုက်ရသောအခါ ကျောက်ရွေ့သည် တံတွေးမျိုချလိုက်ပြီး အံကြိတ်ကာ
“ ငါ တောင်းပန်ပါတယ်၊ ငါ့ကို ချပေးတော့”
ရှန်ယွဲ့သည် မျက်ခုံးတစ်ဖက်ပင့်လိုက်ပြီးနောက်
ကျောက်ရွေ့၏ကော်လံကို လွတ်ပေးလိုက်လေသည်။
ကျောက်ရွေ့သည် လွတ်လပ်သွားသည်နှင့် တပြိုင်နက် သူသည်
စိုးရိမ်ဒေါသ ဖြစ်သွားတော့သည်။ သူ့တံတွေးနှင့်သူ သီးမလိုပင်ဖြစ်သွားတော့သည်။
ရှန်ယွဲ့သည် သူ့ရှေ့တွင် နံရံတစ်ခုလို ရပ်နေသည်ကို မြင်လိုက်ရပြီးနောက် သူသာ
ကောင်းကောင်း မပြုမူလျှင် နံရံတွင် ထပ်ချိတ်ဆွဲခံရမည်ပုံဖြစ်နေရာ သူသည်
မကျေမနပ်ဖြင့်သာ ပြောနိုင်လေတော့သည်။
“ ငါ.... မှားသွားပါတယ်၊ ငါ နင်တို့တွေအကြောင်း မပြောခဲ့သင့်ဘူး၊
ဟုတ်ပြီနော်”
သည်ငနဲက အရှုံးပေးလိုက်သည်ကို မြင်လိုက်ပြီးနောက်
ရှန်ယွဲ့သည် တခြားသူများက သူမကိုရယ်မောကြမည်ကို တားဆီးရန် ကိစ္စများကို
ပိုဆိုးအောင်လုပ်ရန် စိတ်ကူးမရှိချေ။ ထို့ကြောင့် သူမသည် အင်တင်တင်ဖြင့်
ခေါင်းညိတ်ပြလိုက်လေသည်။
“ ကောင်းပြီ နင့်ရဲ့အပေါစားစကားတွေကို ငါထပ်မကြားရစေနဲ့”
ရှန်ယွဲ့သည် အေးတိအေးစက်ပြောလိုက်၏။ သူမသည်
သူတို့နှစ်ယောက်သာ ကြားနိုင်သည့်လေသံဖြင့် ကျောက်ရွေ့ကို ပြောလိုက်လေသည်။
“ မဟုတ်လို့ကတော့ နင့်လျှာကို ဖြတ်ပြီး နင့်လည်ချောင်းထဲ
ဆို့ပေးလိုက်မယ်”
ကျောက်ရွေ့သည် နေရာတွင်ပင် အေးခဲသွားပြီး ရှန်ယွဲ့ကို
တစ္ဆေတစ်ကောင်အလား ငေးကြည့်လိုက်လေတော့သည်။
ယွီဟောက်သည် တစ်ချိန်လုံး လစ်လျူရှုခံထားရလေသည်။
လူတိုင်းကြိုက်ကြသည့် ကျောင်း၏မင်းသားလေး၏ ဆွဲဆောင်မှုသည် ရှန်ယွဲ့ရှေ့တွင်
အာနိသင်ပျောက်ဆုံးသွားတော့သည်။ သူ့မျက်နှာသည် ဖြူဖတ်ဖြူရော် ဖြစ်သွားပြီး
တစ်ခုခုကို ပြောလိုက်ချင်လေသည်။
“ ရှန်ယွဲ့ တကယ်ပဲ နင်ဘာဖြစ်နေချင်နေတာလဲ...”
“ ငါ နင်နဲ့ အကျိုးမရှိတာတွေ မပြောချင်ဘူး”
ရှန်ယွဲ့သည် လက်ပိုက်ကာ ထိုနှစ်ယောက်ထံမှ
ထွက်သွားလိုက်လေသည်။ သူမသည် သူတို့ကို တည်တည်ငြိမ်ငြိမ်ဖြင့် စိုက်ကြည့်ကာ
အေးတိအေးစက် ပြောလိုက်လေသည်။
“ကျေးဇူးပြုပြီး ဟန်တစ်လုံး ပန်တစ်လုံးနဲ့
အထင်ကြီးအောင်လုပ်မနေနဲ့၊ ငါ နင့်ကို လုံးဝစိတ်ဝင်စားဘူး”
ရှန်ယွဲ့၏စကားကို ကြားလိုက်ပြီးနောက် သူမအပြုအမူများကို
အရင်ကတည်းက ကြားဖူးကြသည့် ဘေးက ကျောင်းသားများသည် ဝါးခနဲအော်ရယ်ကြတော့သည်။
သူတို့သည် အရပ်မြင့်ပြီး ချောမောသူအကြောင်းနှင့် ဝ,ကာ ရုပ်ဆိုးသူအကြောင်းကို
ပြောဆိုနေကြတော့သည်။
“ အဲဒီဝက်မက ယွီဟောက်ကို အမြဲတမ်း ခွက်ရှ်
ခဲ့တာမဟုတ်ဘူးလား၊ သူ ရုတ်တရက်ပြီး ဘာလို့ အကြင်နာမဲ့သွားတာတဲ့လဲ”
“ ဟုတ်ပါ့၊ တခြားအချိန်မှာသာဆိုရင်
ကျောင်းတော်ရဲ့မင်းသားလေးက သူ့ကို စကားလာပြောလို့ဆိုပြီး အပျော်လွန်နေမှာ
ဟုတ်တယ်မလား”
“ သူက ယွီဟောက်ရဲ့ သူငယ်ချင်းကို ရိုက်ပြီး သရော်နေတာလေ၊
ယွီဟောက်စိတ်ဝင်စားအောင် လုပ်နေတာလို့တော့ မပြောနဲ့နော်”
ယွီဟောက်ကိုယ်တိုင်ပင်
သူမ၏အတိတ်ကအချစ်ဦးဖြစ်ခဲ့သောကြောင့် ရှန်ယွဲ့က တမင် အာရုံစိုက်အောင် လုပ်နေသည်ဟု
ယုံကြည်နေလေသည်။ သူသည် ရှန်ယွဲ့၏ ဖားပြုပ်လို အပြုအမူကို အလွန်အထင်သေးလေသည်။
“ ဘာပဲဖြစ်ဖြစ် ရှင်းအောင် ပြောလိုက်မယ်၊ နင်
ဘာပဲလုပ်လုပ် ငါနင့်ကို ကြိုက်မှာမဟုတ်ဘူး၊ ကျေးဇူးပြုပြီး ငါ့ကို
မနှောင့်ယှက်နဲ့တော့”
“ အဟဲ”
ရှန်ယွဲ့သည် ယွီဟောက်ကို လူရွှင်တော်တစ်ယောက်လို ခေါင်းအစခြေအဆုံး
ကြည့်လိုက်လေသည်။ သူမသည် မဲ့လိုက်ကာ ပြတ်ပြတ်သားသား ပြောလိုက်လေသည်။
“ ယွီဟောက်ရယ် နင်ဟာလေ သိပ်ပြီး
အတ္တဝါဒီသမားဖြစ်မနေဘူးလား၊ ငါဆိုတဲ့ ရှန်ယွဲ့ကလေ နင့်ကို တခါမှလဲ မကြိုက်ဖူးသလို
အစနေ အဆုံးအထိ ခွက်ရှ် ခဲ့တာလဲမရှိဘူး၊ ဆန့်ကျင်ဘက်အနေနဲ့ ငါက နင့်လိုလူမျိုးကို
မုန်းတောင်မုန်းသေးတယ်”
ရှန်ယွဲ့၏အသံသည် ယုံကြည်မှုအပြည့်နှင့်
အထင်သေးမှုများပါဝင်နေပြီး စင်္ကြံတစ်လျှောက်ကို ပဲ့တင်သွားတော့သည်။ ယွီဟောက်သည်
ငယ်စဥ်ကတည်းက ရုပ်ရည်ကြောင့် လူများ၏ချီးကျူးခံခဲ့ရလေသည်။ သူသည်
သည်လိုဆက်ဆံပုံမျိုးကို တစ်ခါမှ မခံစားခဲ့ရဖူးချေ။
ရှန်ချန်က ဒုတိယနှစ်စာသင်ခန်းဆီသို့ တရွေ့ရွေ့
လျှောက်သွားနေသည်ကို စောင့်ကြည့်လိုက်ပြီးနောက် ရှန်ယွဲ့သည် သူမ၏အခန်းသို့
ပြန်လာခဲ့ပြီး သူမ၏ထိုင်ခုံမှာ အခန်း၏အဝေးဆုံးထောင့်က အမှိုက်ပုံးဘေးတွင်
ဖြစ်နေသည်ကို တွေ့လိုက်ရတော့သည်။
ရှန်ယွဲ့ လက်ခံရရှိခဲ့သည့်
မူလပိုင်ရှင်၏မှတ်ဉာဏ်များထဲတွင် မူလပိုင်ရှင်သည် အခန်းထဲတွင် အမြဲလိုလို
နှုတ်ဆိတ်နေကာ ကိုယ့်ကိုယ်ကို သတိထားနေတတ်သူတစ်ယောက် ဖြစ်လေသည်။ သူမသည် သူမ၏
ကိုယ့်ကိုယ်လေးစားမှု နိမ့်ပါးသောကြောင့် အခန်းထဲတွင် ဘယ်တော့မှ စကားစမပြောတတ်သလို
အတန်းတွင်း လှုပ်ရှားမှုများတွင်လည်း မပါဝင်ခဲ့ချေ။ သူမသည် အတန်းဖော်များကို
ရှောင်နေတတ်လေသည်။
သူမ၏ဝ,ပြီး ရုပ်ဆိုးသည့်အသွင်ကြောင့် မကြာခဏဆိုသလို
တခြားသူများ၏ စနောက် လှောင်ပြောင်ခံရ တတ်လေသည်။ ထို့ထက် ရှန်ယွဲ့သည် အခန်းထဲတွင်
အသုံးမကျပဲ မကြာမကြာ ကိုယ်ပျောက်တစ်ယောက်လို ဖြစ်လာတော့သည်။
သို့သော် ရှန်ယွဲ့သည် ဘာမှမလုပ်ရဘဲနေရသည်ကို
ပျော်နေလေသည်။ သူမ၏ခုံပေါ်က အမှိုက်သရိုက်များကို ရှင်းလင်းပြီးနောက် သူမသည်
အေးအေးဆေးဆေး ထိုင်ချလိုက်ပြီး ပြတင်းပေါက်အပြင်ဘက်က ရှုခင်းကို ခံစားနေတော့သည်။
သူမ၏အတန်းသည် ဖယ်ဒရယ်ကောလိပ်စာမေးပွဲ
ဝင်ခွင့်ဖြေရမည့်အတန်းဖြစ်သည်။ သူမ၏အတန်းတွင်း ရလာဒ်မှာ တစ်ကျောင်းလုံးတွင်
အဆိုးဆုံးဖြစ်သည်။ စာသင်ခန်းသည် စာလုပ်ရသည်ကို မကြိုက်သူများ၊
ဘာမှမလုပ်ကိုင်တတ်သည့် ကျောင်းသားများနှင့် ပြည့်နေလေသည်။
ဖတ်စာအုပ်အားလုံးကို လှန်လှော ကျက်မှတ်ပြီးနောက်
ရှန်ယွဲ့သည် ပျင်းလာပြီး အဖွဲ့အစည်းထဲတွင် ဖြစ်ပျက်ခဲ့သည်များကို ဖြည်းညင်းစွာ
ပြန်စဥ်းစားလိုက်လေတော့သည်။
….
🍀
No comments:
Post a Comment