အပိုင်း (၆) မူလပိုင်ရှင်ရဲ့လျှို့ဝှက်ချက်
ဆွန်းလင်သည်
ထိတ်လန့်သွားတော့သည်။ ရှန်ယွဲ့ကို ဆွဲလိမ်ရန် ထုတ်ထားသည့်လက်ကို မသိစိတ်မှနေ၍
လွှတ်ပေးမိသွားတော့သည်။ သူမသည် ငေးကြောင်ကြောင်ကြည့်နေဆဲ ရှန်ယွဲ့သည် လှည့်ထွက်ကာ
အခန်းဆီသို့ လျှောက်သွားလိုက်လေသည်။
သည်အခိုက်တွင်
ရှန်ယွဲ့သည် ဝကာ နမော်နမဲ့နှင့် လေးပင်သည့် ရှန်ယွဲ့ပြန်ဖြစ်သွားတော့သည်။
သူမ အခုပဲ
အမြင်မှားသွားတာလား။
ဆွန်းလင်သည်
အကြောက်တရားများ တွယ်ကပ်နေရင်း တွေးလိုက်လေသည်။
သည်အချိန်မှာပဲ
ရှန်ချန်သည် အင်္ကျီလက်ကို ခေါက်လိုက်ပြီး ပန်းကန်များကို သိမ်းဆည်းရန်
စလုပ်လိုက်တော့သည်။
“ ကျွန်တော်
ပန်းကန်ဆေးလိုက်မယ်”
ထိုအရာကို
မြင်သွားပြီး ဆွန်းလင်က သူ့အား အမြန်တားလိုက်လေသည်။
“ ငါလုပ်မယ်၊
ငါလုပ်မယ်၊ သွားနားချည်တော့”
ဆွန်းလင်၏မျက်လုံးထဲတွင်
ရှန်ချန်သည် မိသားစု၏ ရတနာပင်။ သူသည် ထိပ်တန်းတက္ကသိုလ်ကို ဝင်ပြီး
မိသားစု၏ဂုဏ်ရောင်ကို ယူလာပေးလိမ့်မည်ဟု သူမ ယုံကြည်ထားလေသည်။
ပန်းကန်ဆေးခြင်းကဲ့သို့ လုပ်အားသုံးရသည့်အလုပ်ကို သူ့အား မည်သို့
ခိုင်းရက်ပါမည်နည်း။
ဆွန်းလင်၏ပြိုင်ဆိုင်မှုအောက်တွင်
ရှန်ချန်သည် အဆုံး၌ ဆွန်းလင်ကို နားမချနိုင်ခဲ့ချေ။ သူ့လက်ထဲက ပန်းကန်လုံးကို
လုယူခံလိုက်ရပြီးနောက် သူသည် အခန်းသို့ပြန်ကာ စာလုပ်ရန် ဆွန်းလင်၏နားချခြင်းသာ
ခံလိုက်ရလေသည်။
ရှန်ယွဲ့သည်
အခန်းငယ်ထဲသို့ ပြန်ရောက်လာပြီးနောက် သူမ၏အင်္ကျီလက်ကို ခေါက်တင်ကာ စ,တင် သန့်ရှင်းရေးလုပ်တော့သည်။
အရင်ဆုံး အခန်းထဲက မလိုသည့်ပစ္စည်းအချို့ကို ပစ်ထုတ်လိုက်၏။ ထို့နောက်
ပစ္စည်းများကို သင့်တော်သလို နေရာချကာ သူမလှုပ်ရှားလို့ရနိုင်သည်အထိ အခန်းကို
တတ်နိုင်သလောက် ရှင်းနေအောင် ကြိုးစားလိုက်လေသည်။
သို့သော် သူမသည်
အိပ်ရာခြေရင်းမှ စာရွက်များပြည့်နေသည့် ကတ်ထူပုံး တစ်ခုကို ဆွဲထုတ်လိုက်ပြီး
မှတ်စုများပေါ်က အကြောင်းအရာကို တစ်ချက်လောက် ကြည့်လိုက်သည်နှင့်
မျက်မှောင်ကျုံ့သွားတော့သည်။
ထိုစာရွက်အပိုင်းအစများတွင်
မသေမသပ်လက်ရေးဖြင့် ရေးထားသောကြောင့်ပင်။ စာများသည် ယွီဟောက်အမည်ရှိ
ကောင်လေးတစ်ယောက်ထံ ဖွင့်ဟဝန်ခံထားသည့်အကြောင်းများနှင့် ပြည့်နေလေသည်။ ဂျူနီယာအထက်ကျောင်းမှ
အထက်တန်းကျောင်းအထိ သည်ပုံးလေးထဲတွင် မှတ်စုတိုလေးများအဖြစ် ဝှက်ကာ
သိမ်းထားခဲ့သည်။
ယွီဟောက်သည်
မူလပိုင်ရှင်ရေထဲမကျခင်က ဖွင့်ဟဝန်ခံချင်ခဲ့သည့် ကျောင်းတော်ရဲ့မင်းသားလေး ဖြစ်လေသည်။
သူသည် မူလပိုင်ရှင်၏ ငါးနှစ်တိုင်တိုင် တိတ်တခိုးချစ်ခဲ့ရသူလည်း ဖြစ်သည်။
ရှန်ယွဲ့သည် ခံစားချက်များ
ရောထွေးသွားတော့သည်။ အတိတ်ဘဝက သူမသည် လူသ-တ်နည်းနှင့် မစ်ရှင်ပြီးအောင်
ဆောင်ရွက်ရန်သာ သိခဲ့သည်။ သူမသည် အချစ်အကြောင်း လုံးဝ စိတ်မဝင်စားခဲ့ချေ။
ထို့ကြောင့် သူမသည် မူလပိုင်ရှင်၏အချစ်ကို နားမလည်နိုင်ခဲ့ပေ။ သို့သော်
လေးစားသမှုနှင့် သူမသည် မူလပိုင်ရှင်၏ လျှို့ဝှက်သေတ္တာကို အိပ်ရာအောက်
ပြန်ထိုးထည့်ထားလိုက်လေသည်။
ထုပ်ပိုးပြီးနောက်
ရှန်ယွဲ့သည် ပေါ့ပေါ့ပါးပါး အဝတ်အစားကို လဲလိုက်ပြီး အပြင်ထွက် ပြေးရန်
ပြင်ဆင်လိုက်တော့သည်။
ရှန်မိသားစုသည် ရှေးကျသည့်
အိမ်ရာအဆောက်အအုံတစ်လုံးတွင် နေကြ၏။ ထိုအိမ်သည် ရှန်ယွဲ့အဖိုးက ချန်ခဲ့သည့်
အိမ်ဖြစ်သည်။ နှစ်ပေါင်းကြာပြီးနောက် အဆောက်အအုံထဲက အိမ်နီးချင်းအများစုသည်
ပြောင်းရွှေ့သွားကြတော့သည်။ ရှန်အန်းနှင့် ဆွန်းလင်တို့သည် ဝင်ငွေနည်းပါးသဖြင့်
မိသားစု ငါးယောက်သည် သေးငယ်ကာ ယိုယွင်းနေသည့်အိမ်တွင်သာ နေနိုင်လေသည်။
အိမ်ရာအဆောက်အအုံ၏အောက်ဖက်
ထောင့်၌ သစ်ပင်အနည်းငယ်စိုက်ထားသည့် ခြံငယ်လေးတစ်ခု ရှိသည်။ ခြံတံခါး၏အပြင်ဘက်တွင်
မဲမှောင်ကာ စိုထိုင်းနေသည့် လမ်းကြားလေးကတဆင့် မိန်းလမ်းကို ရောက်နိုင်သည်။
ရှန်ယွဲ့သည်
သူမ၏ပတ်ဝန်းကျင်ကို သေချာကြည့်ရှုလိုက်ပြီး ယုံကြည်မှုရှိသလို ခံစားလိုက်ရသည်။
သူမသည် သွေးပူအောင်လုပ်လိုက်ပြီး ရွရွလေး စ,ပြေးလိုက်တော့သည်။
မူပိုင်ရှင်၏
ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုသည် သူမထင်ထားသည်ထက် များစွာဆိုးရွားနေ၏။
မိနစ်အနည်းငယ် ပြေးလိုက်ပြီးနောက် ရှန်ယွဲ့သည် ရင်ဘတ်မှာ
တင်းကြပ်သလိုခံစားလိုက်ရပြီး သူမ၏နှလုံးခုန်နှုန်းလည်း ပိုမြန်လာကာ နောက်တစ်စက္ကန့်တွင်
သူမ၏လည်ခေါင်းထဲမှာ ခုန်ထွက်တော့မည့်နှယ်။
သူမသည်
အရင်ဘဝကခန္ဓာကိုယ်၏ ခွန်အားများကို ပြန်ရချင်လျှင် အနည်းဆုံး နှစ်အနည်းငယ်တော့
အပြင်းအထန်လေ့ကျင့်ရပေလိမ့်မည်။
သို့တိုင် သူမသည်
သူမကိုယ်သူ မညှာတာလိုက်ပေ။ ရုပ်ပိုင်းဆိုင်ရာ အဆင်မပြေမှုကို သည်းခံပြီး ကုန်းတက်ကုန်းဆင်း
လေ့ကျင့်ပြီးနောက် အိမ်သို့ ပြန်လာခဲ့တော့သည်။
အိမ်တွင် ရှန်ရှင်းသည်
ဆွန်းလင်နှင့် တီဗီကြည့်နေ၏။ သူတို့သည် ပျော်နေကြဟန်တူသည်။ ရှန်ယွဲ့ပြန်လာသည်ကို
မြင်လိုက်သည်နှင့်ချက်ချင်း ရှန်ရှင်းသည် သူမကို စ,တင်လှောင်ပြောင်တော့သည်။
“ ရိုး ငါတို့ရဲ့မမဝဝကြီးက
ဝိတ်ထပ်ချဖို့ စဥ်းစားနေပြန်ပြီလား၊ ဒီတစ်ခါတော့ သုံးရက်လောက် ခံမယ်ထင်တာပဲ”
ဆွန်းလင်သည်
မျက်လုံးများကို ပင့်ကာ ထပ်ပြောလိုက်လေသည်။
“ သူဘယ်လောက်ပဲ
ဝိတ်ချချ ရုပ်ဆိုးနေအုံးမှာပဲ၊ ငါတို့ ရှင်းရှင်းပဲ အတော်ဆုံး၊
ပြီးခဲ့တဲ့အခေါက်တုန်းက ငါ့မိတ်ဆွေတွေ သူကို မြင်တော့ ရှင်းရှင်းက
မင်းသမီးနဲ့တူဆိုပြီး ဆက်တိုက် ချီးမွှမ်းနေတာ၊ သူက ငါ့ကို
အရမ်းမျက်နှာပွင့်စေတာပဲ....”
ထိုသားအမိထံမှ
လှောင်ပြောင်သရော်သံအားလုံးကို လျစ်လျူရှုလိုက်ပြီး ရှန်ယွဲ့သည် ရှေ့ကိုသာကြည့်ကာ
ဝင်သွားတော့သည်။
အေးမြကာ
သက်တောင့်သက်သာဖြစ်အောင် ရေချိုးပြီးနောက် ရှန်ယွဲ့သည် အဝတ်အစားလဲပြီး ထွက်လာ၏။
သူမအခန်းထဲသို့ ပြန်နားမည်ပြင်လိုက်စဥ် ရှန်ချန်က ဘောပင်ကို ကိုက်ကာ စာပွဲတွင်
ထိုင်နေသည်ကို ရုတ်တရက်တွေ့လိုက်ရလေသည်။ သူသည် အလွန်စိတ်ရှုပ်နေဟန်တူလေသည်။
ရှန်ယွဲ့သည် သူမ၏မောင်လေးအကြောင်းကို
အများကြီး မမှတ်မိပေ။ သူသည် လွန်ခဲ့သည့် နှစ်အနည်းငယ်က ကားအက်ဆီးဒန့်ဖြစ်ကာ
ခြေတစ်ဖက် အနည်းငယ်ချို့ယွင်းသွားသည်ကိုသာ မှတ်မိလေသည်။ သူ့အကျင့်သည်လည်း
အများကြီးပြောင်းလဲသွားသလို ထင်ရလေသည်။
သို့သော် ရှန်ချန်သည်
မူလပိုင်ရှင်နှင့် ဘယ်တော့မှ စကားမပြောတတ်ချေ။ သူတို့သည် မောင်နှမအရင်းချာများ ဖြစ်သော်လည်း
အိမ်၌ဆိုလျှင် သီးသန့်သာနေကြလေသည်။ ထို့ကြောင့် ရှန်ယွဲ့သည် ရှန်ချန်အကြောင်းကို
အမှန်ပင် အများကြီး မသိပေ။
ထိုနေ့ညက ထမင်းစားဝိုင်းတွင် ရှန်ချန်က သူမအတွက် အမှန်တကယ်ပြောပေးခဲ့သည်ကို တွေးလိုက်မိပြီး ရှန်ယွဲ့၏ သိလိုစိတ်မှာ တိုးထွက်လာတော့သည်။ သူမသည် ရှန်ချန်၏အခန်းတံခါးနား လျှောက်သွားလိုက်ပြီး သူမ၏ဆံပင်ကို ခြောက်အောင်လုပ်ရင်း သူ့ကို သိလိုစိတ်နှင့် လေ့လာမိနေတော့သည်။
No comments:
Post a Comment