အပိုင်း ( ၁၂) ဘတ်စ်ကားပေါ်ဖြစ်ရပ်
ထိုအန်တီ၏အသံသည်
စူးရှကာ ကျယ်လောင်၏။ သူမ၏ဟာသဆန်ဆန် လေသံအောက်တွင် ဘေးကလူများသည် အသံထွက်အော်ရယ်လိုက်ကြပီး
ဝဖိုင့်ဖိုင့်ရှန်ယွဲ့ကို လှည့်ကြည့်လိုက်ကာ ပွဲကြည့်ဖို့ ပြင်နေကြလေသည်။ သူမသည် “
ဝက်မ”၊ “ ဝလိုက်တာ” “ ရုပ်ဆိုးလိုက်တာ” စသည့် စကားလုံးများ ရောနေထွေးနေသည့်
တီးတိုးသံများကိုလည်း သဲ့သဲ့ကြားနေရလေသည်။
ရှန်ချန်၏မျက်နှာသည်
နီရဲသွားတော့သည်။ သူသည် အမြဲတစေ မခံချင်တတ်သူဖြစ်လေသည်။ ဤသို့ လူတိုင်းရှေ့တွင်
ရှိနေရသည်က သူ့ကို တွင်းတစ်ခုထဲတွင် ဝင်ပုန်းချင်စိတ်ဖြစ်စေတော့သည်။
သို့သော် သူ
ပိုစိုးရိမ်ရသည်က သူ့အမ ရှန်ယွဲ့ပင်။ အတိတ်က သူသည် သူမနှင့် မရင်းနှီးသော်လည်း
သူမအကျင့်ကို သိလေသည်။ သူမသည် ရှက်ရွံ့တတ်ကာ အားနည်းလေသည်။ သူမသည် သူမ၏အခန်းထဲတွင်
တစ်ယောက်ထဲ ပုန်းကာ ငိုနေတတ်သည်။ သူမသည် ဆူဆဲခံရချိန်၌လည်း ဘယ်တော့မှ
ပြန်မပြောတတ်ပေ။
မိန်းခလေးတစ်ယောက်က
လူရှေ့သူရှေ့မှာ ပြောဆိုခံ၊ လှောင်ပြောင်ခံရတာ ဘယ်လောက်များ အကူအညီမဲ့ပြီး
ကြောက်ရွံ့နေလိမ့်မလဲနော်။
ရှန်ချန်သည်
ရှန်ယွဲ့ခမျာ အလွန်နေရခက်သဖြင့် ငိုတော့မည်ဟု တွေးလိုက်လေသည်။ သူသည် သူမကို ဤသို့
မမြင်ရက်ပေ။ ထို့ကြောင့် သူသည် ဘယ်ကရောက်လာသည် မသိသည့်သတ္တိအချို့ ရလာတော့သည်။
သူသည် ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး ရှန်ယွဲ့၏ဧရာမခန္ဓာကိုယ်ကြီးကို
ကာကွယ်ပေးဖို့ ကြိုးစားလိုက်လေသည်။ သူသည် ပြန်ချေပရန် ပါးစပ်ပြင်လိုက်စဥ်
သူ့ခန္ဓာကိုယ်သည် ရုတ်တရက် အသာအယာ ပြန်ဆွဲခံလိုက်ရတော့သည်။
ပိုင်ရှင်မှာ
အားနည်းတဲ့အကျင့်စရိုက်ရှိချင်ရှိမယ် ဒါပေမယ့် ငါ ရှန်ယွဲ့ကတော့ ဒေါသကို
သည်းခံဖို့ ဆန္ဒရှိတဲ့သူတစ်ယောက် လုံးဝမဟုတ်ဘူးရယ်။
ရှန်ယွဲ့သည် သူမရှေ့က
သူမ၏အရှက်တရားကို ကာကွယ်ပေးဖို့ ကြိုးစားနေသည့် ရှန်ချန်ကို နောက်သို့
အသာအယာတွန်းပို့လိုက်လေသည်။ သူမသည် မျက်နှာကို အနည်းငယ်ပင့်ချီထားပြီး သူမ၏ရင်ဘတ်ကို
ဖွင့်လိုက်ရာ ယုံကြည်မှုရှိသလို အထင်သေးသည့်ဟန်လည်း ပေါ်လေသည်။
“ ကျွန်မ ဝ,တော့
ဘာဖြစ်လဲ၊ ရှင့်ထမင်းကို စားနေလို့လား၊ တစ်ဖက်မှာလည်း ရှင့်လို အိုကြီးအိုမက
လူရှေ့သူရှေ့မှာ မစင်တွေနဲ့ပြည့်နေတာ၊ မသိတဲ့လူဆိုရင် သန့်စင်ခန်းတစ်ခုလို့တောင်
ထင်သွားအုံးမယ်”
“ နင် နင် ဘယ်လိုများ
ပြောလိုက်တာလဲ၊ နင့်မှာ သွန်သင်ဆုံးမထားတာမရှိဘူးလား”
ထိုအန်တီသည်
ဒေါသထွက်သွားပြီး ရှန်ယွဲ့ကို လက်ညိုးထိုးကာ ပြောဆိုတော့သည်။
“ ကျွန်မကို
ဆုံးမမှုရှိမရှိဆိုတာ ရှင့်အပေါ်ပဲ မူတည်တာ၊ တခြားလူတွေရဲ့အသွင်ပြင်ကို
တိုက်ခိုက်တတ်တဲ့သူတွေကို ဘယ်လို ပြောရမှာလဲ၊ ဒီအသက်အရွယ်အထိ ရောက်လာပြီး ဒီလို
ကြမ်းတမ်းတဲ့နှုတ်ရှိဖို့တော့ တကယ်ခက်ခဲမှာပဲ၊ ရှင်ကလေ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေမှာ
အကျိုးမရှိနေလာတာပဲ”
ရှန်ယွဲ့သည်
ကြောက်ရွံ့မနေဘဲ ထိုအန်တီကို တည့်တည့်ကြည့်ကာ ပြန်ခံပြောလိုက်လေသည်။
လုံလောက်သည်ဟုမခံစားရသည်နှင့်
ရှန်ယွဲ့ ထပ်ပြောလိုက်၏။
“ ရှင် တခြားလူတွေကို
တနေ့လုံး တိုက်ခိုက်ခဲ့တာ၊ ကိုယ့်ဟာကို ပြန်ကြည့်ပါအုံးလား၊ ရှင့်မှာ
မှန်မရှိဘူးဆိုရင်တောင် ရှင် အပေါ့အပါးတော့ သွားရမှာပဲလေ ဟုတ်တယ်မလား၊ ရှင့်ရဲ့
တွန့်လိမ်နေတဲ့ အသားအရည်ကို ကြည့်လိုက်အုံး၊ နှစ်တစ်ထောင်သစ်ပင်တစ်ပင်က နတ်သားဖြစ်လာတာ
ကျနေတာပဲ၊ ရှင့်သွားကို ကြည့်လိုက်၊ ဆယ်စုနှစ်လောက် သန့်ရှင်းရေးမလုပ်ထားတဲ့
သန့်စင်ခန်းထက်တောင် ရွံ့စရာပိုကောင်းသေးတယ်၊ ပြီးတော့ ရှင့်မျက်နှာ
ခါးသီးနေပုံများ တစ်ယောက်ယောက်က ရှင့်ကို သန်းချီအကြွေးတင်နေတဲ့ပုံနဲ့၊ ရှင်
ဘတ်စ်ကားပေါ် ရောက်ကတည်းက ဒီလိုဆိုဆဲနေတာ အထူးအဆန်း မဟုတ်တော့ပါဘူး”
ရှန်ယွဲ့၏
ပြင်းထန်သည့်စကားများသည် စိတ်ပူနေသည့်ရှန်ချန်ကို အံ့အားသင့်သွားစေတော့သည်။
ရှန်ယွဲ့သည် ဘာမှပြန်မပြောနိုင်သည့် အန်တီကို ပညာပေးနေပြီး ရှန်ချန်သည်
ငေးကြောင်ကြောင် ဖြစ်သွားတော့သည်။ အခိုက်အတန့်အတွင်း သူသည် အလွန်စိတ်ရှုပ်သွားတော့သည်။
ဒီတော့ သူ့အမက
တခြားလူတွေကိ ဆဲဆိုနေတဲ့အချိန်မှာ ဒီလောက်တောင် ကြောက်ဖို့ကောင်းတာတဲ့လား။
အရင်တုန်းကတော့ အမေနဲ့ ရှန်ရှင်းတို့ ရှန်ယွဲ့ကို စော်ကားရင် သူ
ပြန်တောင်မပြောခဲ့ပါဘူး။ သူတို့တွေက မိသားစုမလို့ သီးခံပေးလိုက်တာများလား။
တပြိုင်ထဲတွင် ရှန်ချန်၏စိတ်ထဲက
ရှန်ယွဲ့၏ပုံရိပ်သည် ပို၍ကြီးမားလာတော့သည်။
ထိုအန်တီ၏ပါးစပ်သည်
ဆဲဆိုခံလိုက်ရသဖြင့် တုန်ယင်နေတော့သည်။ သူမသည် အချိန်ကြာသည်အထိ အထစ်ထစ်
အငေါ့ငေါ့ဖြစ်နေပြီးနောက် အံကြိတ်ကာ
အော်ဟစ်တော့သည်။
“ နင်ကများ ငါ့ကို
ဆဲရဲတယ်ပေါ့လေ၊ ငါနင့်ကို သေတဲ့အထိ ကုတ်ခြစ်ပစ်မယ်”
သို့သော်
မြို့တံတိုင်းကဲ့သို့ ထူထဲပုံထင်ရသည့် ရှန်ယွဲ့သည် အလွန်ဖျတ်လက်လေသည်။ သူမသည်
ရှန်ချန်ကို ဘေးသို့ဆွဲလိုက်ပြီးနောက် မြန်မြန် ရှောင်လိုက်လေသည်။ ထိုအန်တီသည်
လွဲသွားပြီး ဘတ်စ်ကားပေါ်တွင် လူများစွာရှိနေရာ တစ်ယောက်ယောက်ကို
သွားတိုက်မိတော့သည်။
“ အိုက်ယိုး၊ ရှင်
ရူးနေလား”
တစ်စုံတစ်ယောက်သည်
ထိုအန်တီ၏ တိုက်မိခံရပြီးနောက် မကျေမနပ်ဖြင့် ဆဲရေးလိုက်တော့သည်။
“ ဟုတ်တယ်၊ ခင်များမှာ
ယဥ်ကျေးမှုမရှိရင်လည်း ဘတ်စ်ကားမစီးနဲ့ဗျာ၊ ခင်များက ဆဲဆိုပြီး
ကုတ်ခြစ်လိုက်သေးတယ်”
တစ်စုံတစ်ယောက်၏အသံက
ထွက်လာလေသည်။
“ ဒီအဖွားကြီးက
တကယ်စိတ်ပျက်စရာကြီး”
ကျန်သည့်ရပ်ကြည့်နေသူများသည်
စကားဝိုင်းတွင် ပါလာကြတော့သည်။
မိနစ်အနည်းငယ်အတွင်း
ဘတ်စ်ကားထဲက စကားလမ်းကြောင်းမှာ ထိုအန်တီကို ပြစ်တင်ဆဲဆိုခြင်းအဖြစ်
ပြောင်းသွားတော့သည်။ ဝကာရုပ်ဆိုးသော်လည်း ပြဿနာမရှာတတ်သည့်ရှန်ယွဲ့ထက်စာလျှင်
ဆဲဆိုပြီးလူများကို ဝင်တိုက်ခဲ့သည် ထိုအန်တီသည် အလိုလိုပင် ပို၍
မုန်းစရာကောင်းနေတော့သည်။
သူမ မှားသွားပြီကို
သိလိုက်ပြီး ဆဲဆိုရာတွင် ရှန်ယွဲ့ကို မနိုင်သည်ကို သိလိုက်သောအခါ
ထိုအန်တီ၏မျက်နှာသည် အရှက်ရဖွယ်ဖြစ်သွားတော့သည်။ ဘတ်စ်ကားသည်
မှတ်တိုင်သို့ရောက်လာသည်နှင့်တပြိုင်နက် သူမသည် မြန်မြန် ဆင်းသွားတော့သည်။
ရှန်ချန်သည်
ရှန်ယွဲ့အား နေရာလွတ်ဆီ ချက်ချင်း ဆွဲထိုင်လိုက်လေသည်။ သူ့မျက်လုံးများသည်
အရောင်တစ်လက်လက်ဖြစ်နေပြီး ရှန်ယွဲ့နားကပ်ကာ မေးလိုက်လေသည်။
“ အမ နင် ဒီနေ့မှ
ဘယ်လိုဖြစ်ပြီး ဒီလောက်ဆရာကျနေတာလဲ”
“ ဒါကို ဆရာကျတယ်လို့
ခေါ်တာလား၊ ငါကတာ့ လုံးဝသာမန်လို့ပဲ ထင်တာ”
ရှန်ယွဲ့သည်
ခေါင်းခါလိုက်ပြီး တည်ငြိမ်စွာပြောလိုက်လေသည်။
ယခုအခြေအနေတွင်
သူမအတွက် လှုပ်ရှားဖို့ရာ အဆင်မပြေသောကြောင့်သာ သူမသည် ထိုအန်တီကို
ဆဲဆိုလိုက်ခြင်းသာဖြစ်လေသည်။ သူမ၏ အရင်ဘဝက ခွန်အား၏လေးပုံတစ်ပုံလောက်
ပြန်ရခဲ့လျှင် သူမသည် ထိုအန်တီကို ချက်ချင်း မ,ကာ ကားပေါ်က ပစ်ချနိုင်ပေသည်။
ဘတ်စကားပေါ်က
ဖြစ်ရပ်ဖြစ်သွားပြီးနောက် ရှန်ယွဲ့နှင့်
ရှန်ချန်တို့သည် ကျောင်းမတက်မီ ဆယ်မိနစ်အလိုတွင် ကျောင်းသို့ အပြေးအလွှား
ရောက်လာကြတော့သည်။ သို့သော် သူတို့နှစ်ယောက်သည် ကျောင်းဆောင်ထဲသို့
လှမ်းဝင်လိုက်သည်နှင့် ရင်းနှီးသည့် မျက်နှာတစ်ခုနှင့်
ထိပ်တိုက်ဝင်တိုးမိကြတော့သည်။
No comments:
Post a Comment