အပိုင်း (၂)
ပြန်လည်မွေးဖွားခြင်း
တီဗီပေါ်မှ သတင်းကို
ကြည့်လိုက်ပြီးနောက် လင်ယွဲ့သည် တစ်စုံတစ်ခုက သူမ၏ဦးနှောက်ကို ဆွဲဆုတ်နေသည့်နှယ်
ရုတ်တရက် ခေါင်းကွဲမတတ် ခေါင်းကိုက်သွားတော့သည်။ သူမသည် မတုန့်ပြန်နိုင်ခင်မှာပင်
မရင်းနှီးသည့် မှတ်ဉာဏ်အလုံးအရင်းသည် သူမ၏စိတ်ထဲသို့ တိုးဝင်လာတော့သည်။
“ ကျွန်တော်တို့
အခုပဲစစ်ဆေးပြီးပါပြီ၊ သူ အခု ကောင်းနေပါပြီ ဒါပေမယ့် သူ အရမ်းအားနည်းနေသေးတယ် ပြီး
အနားယူဖို့လိုတယ်၊ အခုပဲ သူ့ကို ဆေးရုံပေးဆင်းချင်တာ သေချာရဲ့လား”
ဆရာဝန်က မေးလိုက်၏။
လင်ယွဲ့သည် ဖြည်းညင်းစွာနိုးလာ၏။
သူမခေါင်းထဲသို့ တိုးဝင်လာသည့် မှတ်ဉာဏ်များသည် အလွန်ကြမ်းတမ်းရာ သူမကို
သတိပြန်လစ်သွားစေတော့သည်။ သို့သော် သည်တစ်ကြိမ် နိုးလာပြီးနောက်တွင်တော့
ဖြစ်ပျက်သမျှကို အလုံးစုံနားလည်သွားတော့သည်။
လုပ်ကြံသူ လင်ယွဲ့သည်
အမှန်ပင် သေဆုံးသွားပြီဖြစ်သော်လည်း သူမ၏စိတ်ဝိဉာဥ်က ရှန်ယွဲ့အမည်ရှိသည့်
သည်အထက်တန်းကျောင်းသူထဲသို့ သူ့ဟာသူပစ်ဝင်သွားပြီး မူလခန္ဓာကိုယ်ပိုင်ရှင်၏
မှတ်ဉာဏ်များအားလုံးကို လက်ခံခဲ့ရလေသည်။ သူမ နှစ်ပေါင်းများစွာ လေ့ကျင့်လာသည့်
လုပ်ကြံသူတစ်ယောက်၏ သန်မာသည့်ကိုယ်ထည်မှာ ပျောက်သွားလေသည်။ ယခုမူ သူမ၏ခန္ဓာကိုယ်မှာ
ဝ,ကာ ရုပ်ဆိုးနေ၏။ သူမသည် ခြေလှမ်းနှစ်လှမ်းလောက် လှမ်းလိုက်လျှင်ပင်
မောဟိုက်နေတော့သည်။
သို့တိုင် လင်ယွဲ့သည်
စိတ်ပျက်မသွားပေ။ သူမသည် သည်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရပြီးဆိုမှတော့
မူလခန္ဓာကိုယ်ပိုင်ရှင်အတွက် ကောင်းကောင်း နေထိုင်ရမှာဖြစ်ပြီး ပြန်လည်မွေးဖွားခွင့်ရသည့်
သည်အခွင့်အရေးကို တန်ဖိုးထားရပေမည်။ အခုချိန်ကစလို့ သူမသည် ရှန်ယွဲ့ ဖြစ်သွားပြီ။
“ ဒါပေါ့ရှင့်၊
ကျွန်မတို့ ဆေးရုံဆင်းမှရမယ်၊ ကျွန်မတို့ မိသားစုက ဒီအသုံးမကျတဲ့ဟာအတွက်
ငွေအများကြီးကို အလကား မသုံးနိုင်ပါဘူး”
ဆွန်းလင်သည်
အထင်သေးစွာပြောလိုက်၏။ သူမတောင်းဆိုခဲ့သည့် နစ်နာကြေး ၃၀၀,၀၀၀ သည်
အရာမထင်ဖြစ်သွားသည်ကို စဥ်းစားမိသွားချိန်၌ သူမသည် ဒေါသဖြင့်
အံကြိတ်ထားလိုက်တော့သည်။ သူမသည် ရှန်ယွဲ့ကို အသေသ-တ်ပစ်ချင်နေတော့သည်။
သူမသည် ရှန်ယွဲ့ထံသို့
အဝတ်အစားများ ပစ်ပေးလိုက်၏။ ဆွန်းလင်သည် ဒေါသထွက်နေဆဲ။ သူမသည် ရှန်ယွဲ့၏နှာခေါင်းကို
လက်ညိုးထိုးကာ ဆဲဆိုနေတော့သည်။
“ နင်လေ
စောစောနိုးလာတာဖြစ်ဖြစ် ၊ နောက်ကျမှ နိုးလာတာဖြစ်ဖြစ် ဘာလို့မလုပ်ခဲ့တာလဲ၊ ငါ
တစ်ခြားလူတွေနဲ့ ငွေစကားပြောနေတဲ့အချိန်ကျမှ ဘာလို့ နိုးလာရတာလဲ၊ နင်ကလေ
ငါတို့မိသားစုကို အလကားနေရင်း ယွမ်သိန်းချီဆုံးရှုံးအောင် လုပ်ခဲ့တာ၊ ဒုက္ခပေးတဲ့ဟာ
ဘာလို့ ကိုယ့်ဟာကိုယ် ရေနစ်ပြီး တန်းမသေလိုက်တာလဲ၊ အသက်ရှင်နေတာထက်
အသီးအရွက်ဖြစ်သွားတာတောင် ပိုကောင်းသေးတယ်...”
“ ဟုတ်ပါပြီ၊
ဟုတ်ပါပြီ၊ မိန်းမရယ် ဆဲဆိုတာ ရပ်ပါတော့၊ အိမ်မြန်မြန်ပြန်ရအောင်နော်”
ရှန်အန်းသည်
အကြံပေးလိုက်၏။
ရှန်ယွဲ့သည် ဆွန်းလင်၏
ဆူဆဲမှုကို သည်းခံလိုက်ပြီး တိတ်ဆိတ်ကာ အဝတ်လဲလိုက်လေသည်။
မူလပိုင်ရှင်မှတ်ဉာဏ်များမှတဆင့် သူမ၏မိခင်သည် အကျင့်ယုတ်ဆုံးနှင့် သူကို
အမုန်းဆုံးဖြစ်မှန်း သူမ သိထားလေသည်။ သူမသည် ပြန်ချေပရဲလျှင် ဆွန်းလင်က သူမကို
တစ်နေ့လုံး ဆဲဆိုနေပေလိမ့်မည်။
ထို့ကြောင့်
ယခုအချိန်၌ သူမသည် တိတ်ဆိတ်နေသည်က အကောင်းဆုံးဖြစ်လေသည်။ ရှန်ယွဲ့သည် မြန်မြန်
လှုပ်ရှားလိုက်ပြီး မြန်မြန်ထုပ်ပိုးလိုက်ကာ
ဆေးရုံဆင်းသည့်လုပ်ထုံးလုပ်နည်းများကို ပြီးစီးအောင် လုပ်လိုက်တော့သည်။
ရှန်ယွဲ့သည်
အိမ်ပြန်ရောက်ချိန်၌ ချွေးများဖြင့် ရွှဲနစ်နေတော့သည်။ သည်ခန္ဓာကိုယ်သည် အမှန်ပင်
အားနည်းလေသည်။ ကြည့်လိုက်လျှင် အလွန်သန်မာသည် ထင်ရသော်လည်း အမှန်တွင်တော့
ခန္ဓာကိုယ်တစ်ခုလုံးတွင် အဆီများသာ ရှိလေသည်။ အလွန်ချိနဲ့လွန်းရာ
လေတစ်ချက်အတိုက်တွင် လဲကျသွားနိုင်လေသည်။
ရှန်ယွဲ့အမြင်တွင်
မူလခန္ဓာကိုယ်ပိုင်ရှင် မိသားစု၏ပတ်ဝန်းကျင်သည် စိတ်ပျက်စရာအကောင်းဆုံးပင်။
သူမ၏အမေသည် သူမကို ဆဲဆို အမိန့်ပေးပြီး သူမ၏ညီမလေးသည် သူမကို ရွံ့ရှာကာ မုန်းတီးကာ
သူမ၏မောင်လေးကတော့ သူမကို ဂရုမစိုက်သလို သူမ၏အဖေသည် မိန်းမကြောက်ရာ
သူမ၏နာကျင်မှုကို မျက်ကွယ်ပြုထားလေသည်။ ပိုင်ရှင်သည် နေ့တိုင်းပင်
စိတ်သောကများဖြင့် သေသည်ထက်ဆိုးသည့် ဘဝဖြင့် နေခဲ့ရလေသည်။
ပိုင်ရှင်က ဒီဒေါသကို
သည်းခံနိုင်ပေမယ့် ငါကတော့ သည်းမခံနိုင်ဘူး။ ကြည့်ရတာ ငါ့အတွက် ဒီမိသားစုကို
အသစ်ပြန်ဖွဲ့စည်းဖို့ အချိန်ကျလာပြီထင်တယ်။
ရှန်ယွဲ့သည့်
ကိုးနာရီထိုးတော့မည်ကိုတွေ့လိုက်ပြီး သမ်းဝေလာကာ အိပ်ဖို့ သူမ၏အခန်းသို့ပြန်ရန်
ဆုံးဖြတ်လိုက်သည်။ သူမသည် လုံလုံလောက်လောက် အိပ်ပြီးမှ အစီအစဥ်ကို
ဆက်လုပ်နိုင်မည့် အင်အားရှိပေတော့မည်။
သို့သော်
ရှန်ယွဲ့ပိုင်ဆိုင်သည့် အခန်းကို မြင်လိုက်ချိန်တွင်တော့ ရှော့ခ်ဖြစ်သွားတော့သည်။
အခန်းလေးသည်
စတုရန်းမီတာ ၄ ၊ ၅ မီတာသာရှိ၏။ ပြတင်းပေါက်တစ်ခု ပင်မရှိချေ။ အခန်းသည်
အလွန်သေးနေရာ အိပ်ရာလေးတစ်ခုသာ ဆန့်ပြီး သစ်သားစားပွဲငယ်လေးတစ်လုံး၊
တိုလီမုတ်စများ၊ ပစ္စည်းအမျိုးမျိုးနှင့် နေ့စဥ်သုံးလိုအပ်သည့်ပစ္စည်းများဖြင့်
ပြည့်နေသည့် ကတ်ဖာကြီးအနည်းငယ်သာရှိလေသည်။
အိမ်သာသည်
သူမအခန်းနှင့် မျက်နှာချင်းဆိုင်ဖြစ်နေသည်။ အနံ့သက်ဆိုးများ
ဝင်ရောက်ရန်လွယ်ကူသည့်အပြင် လူများသည် သူမအခန်းကို ဖြတ်လျှောက်နေကြရာ
သီးသန့်လုံးဝဖြစ်နေချေ။
အဆိုးဆုံးက သူမ၏လက်ရှိ
ပွယောင်းယောင်းအဆီခန္ဓာကိုယ်နှင့်ဆိုလျှင် အခန်းထဲတွင် လှည့်ရန်ပင်
အလွန်ခက်ခဲလေသည်။ သူမသည် သတိမထားမိလျှင် တစ်ခုခုကို ဖိမိပြီး ပြုတ်ကျလာလိမ့်မည်။
ဘုရားရေ... ဒါက ဘယ်လို
နေထိုင်ကြတဲ့ပတ်ဝန်းကျင်မျိုးပါလိမ့်ဟယ်။ ခွေးအိမ်ထက်တောင် ဆိုးသေးတယ်။
ရှန်ယွဲ့သည်
ဆွံ့အသွားတော့သည်။
ထိုနောက် သူမသည်
သူ့ညီမ ရှန်ရှင်းနှင့် သူ့မောင်လေး ရှန်ချန်တို့၏ ဘေးကအခန်းကို ကြည့်လိုက်၏။
အပြင်အဆင်ကို ထည့်မကြည့်လျှင်တောင် အခန်းသည် လင်းရှင်းပြီး ကျယ်ဝန်း၏။ သူမ၏
မှောင်မဲနေသည့်အခန်းလေးနှင့် လုံးဝမတူသည့် ကမ္ဘာများပင်။
သူတို့သည်
ခလေးများသာဖြစ်သော်လည်း ဆွန်းလင်သည် ရှန်ရှင်းနှင့် ရှန်ချန်တို့ကို ပိုချစ်လေသည်။
သူမသည် ရှန်ယွဲ့ကို ခြံမွေးတိရစ္ဆာန်မွေးထားသလိုသာ ဆက်ဆံလေသည်။
သူမ၏အဆင့်အမရှိသည့်အမေသည် သိသိသာသာ မျက်နှာလိုက်လွန်းလေသည်။
ရှန်ယွဲ့သည် အတိတ်ဘဝက
အပြင်ဘက်တွင် တာဝန်များကို ထမ်းဆောင်စဥ်က ကြမ်းတမ်းသည့်ပတ်ဝန်းကျင်တွင်
နေခဲ့ရသော်လည်း တာဝန်ပြီး မြောက်သွားသည်နှင့်တပြိုင်နက် သူမကိုကြိုဆိုနေကြသည်မှာ
အပန်းဖြေအိမ်တော်နှင့် ဇိမ်ခံပစ္စည်းမျိုးစုံတို့ဖြစ်လေသည်။ ဒါသည်
အိပ်ရာငယ်လေးတစ်ခုဖြင့် အိပ်ရသည်မှာ ပထမဆုံးဖြစ်လေသည်။
ထားလိုက်ပါတော့လေ။
လေ့ကျင့်ရေးဆင်းတယ်လို့ပဲ မှတ်လိုက်ပါမယ်။
ရှန်ယွဲ့သည်
သူမ၏စိတ်အခြေအနေကို မြန်မြန် ပြုပြင်လိုက်ပြီး မအိပ်ခင် မျက်နှာသစ်ရန် ပြင်ဆင်လိုက်၏။
ပေါက်စီတစ်လုံးကဲ့သို့
ပြည့်ဖောင်းနေသည့် မျက်နှာတစ်ခုသည်
မှန်ရှေ့တွင် ပေါ်လာ၏။ သည်အချိန်တွင် သူမ၏ခေါင်းကို ခါလိုက်လျှင်
မျက်နှာပေါ်မှအဆီများသည် လှုပ်ယမ်းသွားလိမ့်မည်ကို ရှန်ယွဲ့ ခံစားနေရ၏။
လက်ခံရန်ခက်ခဲလှသော်လည်း သူမကို
ဝက်မဟုခေါ်ကာ မွန်းစတားတစ်ကောင်လို့ မြင်ကြပြီး လှောင်ပြောင်ခဲ့သည့်
ပိုင်ရှင်၏မှတ်ဉာဏ်များထဲကလူများသည် ခေါင်းထဲတွင် သံနှင့်ရိုက်ထားသလို
စွဲနေသည်ကိုတော့ ရှန်ယွဲ့ ဝန်ခံရပေမည်။
သူမ၏လက်ရှိခန္ဓာကိုယ်သည်
အလွန်ဝနေရာ ဖွံ့ဖြိုးဖို့နေရာပင် မရှိတော့ချေ။ ဆီးချို၊ သွေးတိုး နှင့်
အသဲအဆီဖုံးရောဂါများသည် ခံစားရလျှင် သူမသည် အမှန်ပင် ဒုက္ခိတဖြစ်သွားပေတော့မည်။
ထို့ကြောင့် သူမ၏ပထမဦးစားပေးမှာ ဝိတ်ချရန်သာ ဖြစ်တော့သည်။
သို့သော်ငြား
ရှန်ယွဲ့သည် မှန်ထဲက သူမ၏အသွင်အပြင်ကို သေချာဆန်းစစ်လိုက်ချိန်တွင်တော့ အမှန်တွင်
သူမ၏မျက်နှာသဏ္ဍာန်မှာ အင်မတန်လှပသည်ကို သိလိုက်ရတော့သည်။ သူမတွင်
မက်မွန်းသီးသဏ္ဍာန် မျက်လုံးများ၊ ရှည်ကာစင်းနေသည့်နှာတံ နှင့်
နှုတ်ခမ်းဖူးဖူးလေးများ ရှိလေသည်။ သူမသာ ဝိတ်ချလိုက်လျှင် သေချာပေါက်
ပစ်မျိုးမဲ့မထင်အလှပိုင်ရှင်တစ်ယောက် ဖြစ်လာပေလိမ့်မည်။ သူမ၏မျက်နှာသွင်ပြင်ကို
မျက်နှာပေါ်က အဆီများက ဖုံးကွယ်ထားသောကြောင့်သာ မသိသာခြင်းဖြစ်လေသည်။
ရှန်ယွဲ့သည် မမှောင်ခင်ကတည်းက အိပ်လိုက်သော်လည်း
တံခါးခေါက်သံကြောင့် နိုးလာ၏။
အိပ်ရာသေးသေးလေးပေါ်တွင်
မသက်မသာကွေးထားရသည့် ခြေထောက်ကို ဆန့်လိုက်ပြီး ရှန်ယွဲ့သည် တံခါးဖွင့်လိုက်ရာ
ရှန်ချန်၏မျက်လုံးများနှင့် ဆုံသွားတော့သည်။
“ ဘာကိစ္စလဲ”
ရှန်ချန်သည် သူမကို
တစ်ချက်ကြည့်လိုက်ပြီး ခေါင်းကို ချက်ချင်းလှည့်လိုက်၏။
“ အမေနဲ့ အဖေက
ညစာစားဖို့ ခေါ်နေတယ်”
ထိုသို့ပြောလိုက်ပြီးနောက်
ရှန်ချန်သည် လှည့်ထွက်သွားလေသည်။ သူသည် တစ်စုံတစ်ခုကို ထပ်စဥ်းစားလိုက်သယောင်
သူ့ခေါင်းကို အနည်းငယ်လှည့်လိုက်၏။ သူ့မျက်နှာထားမှာ အနည်းငယ်
သည်းမခံနိုင်တော့ဟန်ဖြစ်နေသည်။ သူသည် မျက်မှောင်ကျုံ့ကာ တီးတိုးလှမ်းပြောလိုက်၏။
“ မြန်မြန်လုပ်နော်၊
မဟုတ်ရင် သူတို့တွေ နင့်ကို ထပ်အပြစ်တင်နေလိမ့်မယ်”
No comments:
Post a Comment